2021 နိဂုံး

ဘဝ တစ်လျောက် အဆိုးရွားဆုံး နှစ်တစ်ခုကို နိဂုံးချုပ်ရတော့မယ်။ ကိုယ့်လိုပဲ ဒီနှစ်က မြန်မာနိုင်ငံသားတွေ အတွက်တော့ အတော်လေး ဆိုးတဲ့ နှစ်တစ်ခု ဖြစ်မယ်ထင်ပါတယ်။ ကဲ… ဘာဆုံးရှုံးမှုတွေ၊ ဘယ်လိုဆိုးရွားမှုတွေ ပဲ ပြောပြကြတာပေါ့။

အခု ဒီစာကို စပြီး ရေးတဲ့အချိန်ဟာ ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက် မနက် ၃ နာရီခွဲ ဖြစ်တယ်။ အစောကြီးနိုးနေတာတော့မဟုတ်ဘူး မအိပ်ရသေးတာ။ တစ်နေ့က FoodPanda မှာ ညဘက်ကြီး ဘီယာမှာတော့ Chivas 12 years တစ်လုံး ဈေးချထားတာတွေ့တာနဲ့ ဝယ်ထားလိုက်တာ အခု အဆင်သင့်ပဲ ဖြစ်သွားတယ်။ ပင်နီဆူလာ ပလာဇာက ဝယ်လာတဲ့ ငါးခြောက်ဖုတ် လေးရယ် ရေခဲလေးနဲ့ အခန်းထဲမှာ တစ်ယောက်တည်း ငြိမ့်ရင်း အစီအစဉ်မရှိပဲ ဒီစာရေးဖြစ်သွားတယ်။ ခုနက ဂိမ်းဆော့ရင်း လက်ဖက်သုပ် နဲ့ တစ်ပတ်လောက် သောက်လိုက်သေးတယ်။ ဟဲဟဲ ဒီအတိုင်းကြည့်ရင်တော့ ဘဝကြီးက ပျော်စရာကြီး လို့ ထင်နေမှာပဲနော်။ မဟုတ်ဘူးဗျ။ ကျွန်တော် ဆက်ပြီး ပြောပြမယ်။

၂၀၂၁ က သိပ်ပြီး ဆိုးရွားတဲ့ နှစ်တစ်ခု ဖြစ်သွားတာက မအေလိုး မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့်ပါ။ အပိုပြောတာမဟုတ်ဘူး။ ကိုဗစ် ဒဏ်နဲ့ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ ရည်မှန်းချက်တွေရော လမ်းတွေရော အကုန် ပျောက်ပြီး အဓိပ္ပာယ်မဲ့ အမှောင်ဖုံးသွားတာ။ ချစ်သူကိုလည်း ဆုံးရှုံး၊ မိသားစုဝင် တချို့ ဆုံးရှုံး၊ သူငယ်ချင်းတချို့ ဆုံးရှုံး၊ တော်တော်လေးကို အဆုံးအရှုံးကြီးတဲ့ နှစ်ပါပဲ။ အာဏာသိမ်းမှုဖြစ်တာက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ဆိုတော့ အဲ့ဒီ အချိန်လောက်က ကျွန်တော့ကိုယ် ကျွန်တော် ပြန်ပြီး သွားကြည့်မယ်။

၂၀၂၁ နှစ် အစပိုင်း

၂၀၂၀ နှစ်ကုန်တုန်းက ကိုဗစ်နဲ့ဆိုတော့ စင်ကာပူမှာ ခါတိုင်းနှစ်တွေလို ကြီးကြီးကျယ်ကျယ် ကျင်းပမှုတွေ မရှိဘူး။ မှတ်မှတ်ရရ အိမ်နားလေးက ကွင်းပြင်ကျယ်မှာပဲ မီးပန်းတွေ ဖောက်ပြတယ်။ ဒီလောက်ပဲ ဒီနှစ်လည်း အဲ့လိုပဲ လို့ကြားတယ်။ ၂၀၁၉ ဒီဇင်ဘာကတည်းက မတွေ့ရတော့တဲ့ ချစ်သူနဲ့ video call ခေါ်ပြီး ၂၀၂၁ ကို အတူတူ ကြိုဆိုခဲ့ကြတယ်။

အဲ့ဒီတုန်းက ရည်မှန်းချက်က ဒီလိုရှိတယ်။ စင်ကာပူကို စပြီး ရောက်တာက ၂၀၁၈ နှစ်အလည်လောက်ကဖြစ်ပြီး ၂၀၁၉ နှစ်ကုန်တော့ ကုမ္ပဏီမှာ နေရာ အတော်ရနေပြီ။ သူဌေးနဲ့လည်း ရင်းနှီးမှု တစ်ခု ရနေပြီမို့ ကိုယ်ဖြစ်ချင်တဲ့ အခြေအနေတွေကို ပြောပြရင်း ဘဝရည်မှန်းချက်တွေကို အကောင်းဆုံးဖြစ်အောင် စီစဉ်ထားတယ်။ ဘယ်လိုစီစဉ်ထားလဲ အကျဉ်းချုံးရရင် မြန်မာပြည်ကနေ ဒီက အလုပ်ကို remote လှမ်းပြီး လုပ်ပေးမယ်။ မြန်မာမှာ IT team ကို ဆက်ပြီး ဦးဆောင်တည်ဆောက်ပေးမယ်။ အဲ့လိုလုပ်မယ်ဆိုရင် ကိုယ့်မိသားစုနဲ့လည်း နီးရမယ်။ ကိုယ့်ချစ်သူနဲ့ပါ အိမ်ထောင်ပြုတဲ့အထိ သွားလို့ရတယ်လို့ တွေးထားပြီးသား။ သူဌေးကလည်း သဘောတူတယ် လုပ်ကြည့်ပေါ့လေ။ သုံးလဖြတ် တခါဖြစ်ဖြစ် မြန်မာပြည်ပြန်ပြီး မြန်မာ team ကို ကြည့်ပေးပေါ့။ ဖြစ်ချင်တော့ ကိုဗစ်က စဖြစ်ပြီး ၂၀၂၀ ထဲမှာ အကုန်ပိတ်ကုန်ရော။ ဒါပေမယ့်လည်း တစ်နှစ်လောက် အခြေအနေကြည့်ပြီးရင် အဆင်ပြေသွားမှာပါလို့ ထင်ခဲ့တာပေါ့။ ပြင်ဆင်တာနဲ့ ဘာနဲ့ ၂၀၂၂/၂၃ လောက်ဆိုရင် တော်တော်လေး အထိုင်ကျပြီပေါ့လေ။ ကလောက မေမေ့ရဲ့ မြေကွက်လေးမှာ B&B လုပ်ဖို့နဲ့ အနာဂတ်မှာ နေဖို့ အိမ်ဆောက်ဖို့လည်း စိတ်ကူးလေးရှိထားတယ်။ အာခီ သမားနဲ့ ဒီဇိုင်းတောင် အပ်ပြီးနေပြီ။

ဆိုတော့ အဲ့အချိန်လောက်က ဘဝက၊ အလုပ်တွေ နင်းကန် လုပ်လိုက်၊ ရည်းစားနဲ့ ဖုန်းပြော၊ ဂိမ်းဆော့၊ အိပ်၊ ကိုဗစ်ကြောင့် လူတွေနဲ့လည်း ၂၀၂၀ တစ်နှစ်လုံး မထိတွေ့ မဆက်ဆံပဲ အထီးကျန်ဆန်ဆန် အောင့်အီးပြီး ကျော်ဖြတ်လာခဲ့ရပြီးချိန်ပေါ့။ ရည်မှန်းချက်လေး ရှိနေတော့ ကိုဗစ်ကြောင့် စိတ်ရှုပ်စရာ ဖြစ်ပေမယ့် ဝေဝေဝါးဝါး ဖြစ်မနေခဲ့ဘူး။ ဇန်နနဝါရီ လကုန်မှာ လေးဖြူ၊ အငဲတို့ရဲ့ အွန်လိုင်း ရှိုးကို ပြတ်တောင်း ပြတ်တောင်းနဲ့ ကြည့်ပြီး အိပ်သွားပြီးနောက်မနက်မှာ သတင်းဆိုးကြီးက ကြိုနေလေရဲ့။

အဲ့ဒီနောက် အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ပဲ စိတ်က ရှိပြီး အလုပ်တာဝန်တွေပါ လစ်ဟင်းမှုတွေရှိလာတယ်။ မတ်လ ကုန်တော့ သူဌေးက တစ်ယောက်တည်း လူချင်းတွေ့ ခေါ်ပြောပြီး အခြေအနေတွေ မေးမြန်းရင်း သတိပေးမှုလုပ်ခဲ့တယ်။ တိုးတက်မှုတွေမရှိလို့ အီးမေးလ်နဲ့ပါ ဖြေရှင်းချက်တွေ တောင်းလာရတယ်။

သူတို့အနေအထားနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အဖြစ်အပျက်တွေရယ် ခံစားချက်တွေကို နားလည်ဖို့ရာ မလွယ်ကူပါဘူး။ သတင်းတွေထဲမှာ ဖတ်ရပေမယ့် စင်ကာပူ နိုင်ငံသူ/သား တွေအတွက် ဘယ်လိုမှကို တွေးဆလို့မရတဲ့ အရာဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်ပြန်ပြီး သတိကပ်ရတယ်။ တစ်ကယ်လို့ အလုပ်ပြုတ်သွားရင် ကျွန်တော့် မိဘတွေ ဒုက္ခရောက်မှာဖြစ်သလို၊ ကျွန်တော်ချစ်တဲ့သူတွေ အတွက် ဘာမှကို ထောက်ပံ့ပေးနိုင်မှာမဟုတ်တော့ဘူး။ အဲ့တာနဲ့ WFH လုပ်ခွင့်ရပေမယ့် ကျွန်တော် ရုံးကိုပဲ ရောက်အောင်သွားပြီး အလုပ်မှာ ပြန်ပြီး အာရုံစူးစိုက်ဖို့ ပြန်လုပ်ခဲ့ရတယ်။ အလုပ်ချိန်အတွင်း ဖုန်းကို မကြည့်အောင်ကို စီမံခဲ့တယ်။ ဘာ notification မှာလည်း ထွက်မနေစေရဘူးပေါ့လေ။

ဆိုရှယ်မီဒီယာ သုံးတာ ကြိုးစား လျော့ချပြီး ဟောဒီ blog site လေးတောင် လုပ်ဖြစ်ခဲ့တယ်။ စကစ က Facebook ကိုလည်း ဘန်းတာဘာညာဆိုတော့ website ကနေပဲ သတင်းတွေ ရေးပေးလို့လည်း ရတယ်ဆိုတဲ့ တွန်းအားကြောင့်လည်းပါတာပေါ့။ Facebook တို့ ဘာတို့ အပိတ်ခံရတော့ vpn လိုအပ်လာတာနဲ့ အိတ်စိုက်ပြီး outline vpn ဆာဗာတွေထောင်ပြီး နီးစပ်ရာ သူငယ်ချင်းတွေကို အခမဲ့ ဝေမျှပေးခဲ့ပြီး ကူညီနိုင်ခဲ့တယ်။ ဒီ site က article အချို့ ပေါက်ရောက်ပြီး ကျေးဇူးတင်ကြောင်းတွေလည်း လာပြောတော့ ဝမ်းသာရပါတယ်။ အချစ်ရေးမှာတော့ သူက အစိုးရဝန်ထမ်း ဆိုတော့ စိတ်ပူရ၊ စိုးရိမ်ရ၊ တိုက်တွန်းရနဲ့ ကတောက်ကဆ အဖြစ်ဆုံး နေ့ရက် တွေပါပဲ။

၂၀၂၁ နှစ် အလည်ပိုင်း

ဒီလိုနဲ့ တဖြည်းဖြည်း နှစ်လည် လောက် ရောက်လာတော့ အခြေအနေတွေက မကောင်းတော့ဘူး။ ဆန္ဒပြမှုတွေကိုလည်း အင်အားသုံး ဖြိုခွင်းခံထားရသလို။ အပြစ်မဲ့ ပြည်သူတွေ၊ လက်နက်မဲ့ ဆန္ဒဖော်ထုတ်ကြတဲ့သူတွေဟာ တော်တော်များများ ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ကြရတာကြောင့် လူထုဆန္ဒထုတ်ဖော်မှုက တဖြည်းဖြည်း အားလျော့လာတာ မြင်လာရတယ်။ ကမာရွတ် ကျောင်းရှေ့မှာ ညီညီထက်နိုင် အပစ်ခံရတဲ့ သွေးစက်လက်နဲ့ ရုပ်သံကို ကြည့်ခဲ့ရတုန်းကဆိုရင် ရင်တွေအိုပြီး ငိုတောင် ငိုမိတယ်။ ကိုယ်တွေလည်း ဘာမှကို လုပ်မပေးနိုင်တော့ ငွေကြေးထောက်ပံ့မှုတွေပဲ လုပ်နိုင်တယ်။

အဲ့ဒီနောက် ကိုဗစ် တတိယလှိုင်းကပါ မြန်မာနိုင်ငံကို အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်တော့တာပါပဲ။ အောက်စီဂျင်ရှာရတာ၊ ဆေးတွေ ပို့ရတာ၊ ကိုယ့်မိဘတွေပါ အသက်လုရတော့တယ်။ Facebook တွေပြန်သုံးလို့ရလာကြပေမယ့် တက်လာသမျှဟာ နာရေးသတင်းတွေချည်းပဲ။ အင်တာနက် ပြတ်တောက်မှုတွေအပြင် ငွေကြေးထုတ်ဖို့တွေပါခက်ခဲလာတော့ အိမ်ကို ငွေသား အတော်အတန် ရောက်အောင်လည်း သေချာ လုပ်ပေးခဲ့ရတယ်။ အလုပ်ကိုလည်း သေချာပြန် ဂရုစိုက်ရင်း သူဌေးနဲ့ ပြောထားပြီးသား အစီအစဉ်ဖြစ်တဲ့ မြန်မာပြည်က လှမ်းလုပ်ပေးနေတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က လည်း အဆင်မပြေမှုတွေကြောင့် အပြောင်းအလဲလုပ်ဖို့ ဖြစ်လာတာကြောင့် တစ်ပူပေါ် နှစ်ပူ ဆင့်ပြီး တော်တော်လေးကို အစစအရာရာ တည်ငြိမ်အောင် လုံးပန်းနေခဲ့ရတဲ့ အချိန်တွေပါပဲ။ ခန္ဓာကိုယ်ကျန်းမာရေးပါ ပြန်ဂရုစိုက်ခဲ့ပြီး စက်ဘီးစီးလေ့ကျင့်ခန်း သေချာပြန်လုပ်ခဲ့တယ်။ စိတ်ကိုလည်း အနားပေးပြီး စိတ်ညစ်စရာတွေကြားထဲမှာ မဆော့ဖြစ်ပဲ ရပ်ထားတဲ့ ဂိမ်းလည်း ပြန်ဆော့ဖြစ်လာတယ်။

အလုပ်လည်း တည်မြဲအောင် ကြိုးစားရတယ်၊ မိသားစုအတွက် လိုလေသေးမရှိအောင်လည်း စိုးရိမ်မှုများစွာနဲ့ဖြစ်နေခဲ့တယ်။ ချစ်သူနဲ့လည်း သူ့အနာဂတ်ရော ကိုယ့်အနာဂတ်တွေပါ မသေချာ မရေရာမှုတွေ အပြည့်နဲ့ပေါ့။ သူ့ကိုတော့ လက်ရှိအလုပ်ကနေ အပြီးထွက်ပြီး ကျွန်တော့ဆီ လာဖို့ ကြိုးစားကြည့်ဖို့နဲ့ လိုအပ်တဲ့ အကူအညီ အားလုံးကို ကျွန်တော် တာဝန်ယူပေးမှာဖြစ်ကြောင်းနဲ့ ချက်ချင်း အကောင်အထည်ဖော်ဖို့ကတော့ ကိုယ်တိုင်လုပ်မှရမှာဖြစ်ကြောင်း တော်တော်လေး ဖိအားပေးခဲ့မိတယ်။ ဒါပေမယ့်လည်း အဲ့ဒီကာလမှာ သူ အဆင်သင့် မဖြစ်ခဲ့ဘူး။ ကိုဗစ်ရော အာဏာသိမ်းမှုရော ဟိုပိတ် ဒီပိတ်နဲ့ ပိုက်ဆံ ဘယ်လောက် ရှိရှိ လာလို့မရတဲ့ အချိန်တွေလည်း ဖြစ်နေပြန်တယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ ဝေးကြဖို့ အက်ကြောင်းတွေ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ အက်ကြောင်းတွေကို ဆက်ပြီး မကြီးစေချင်တော့လို့ ကျွန်တော် အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး မပြောဖြစ်ကြတော့ဘူး။ အနာဂတ်အကြောင်း ဒါမှမဟုတ် ဒီမှာ အလုပ်စပြီးရှာဖို့အကြောင်းစကား စမိ လိုက်တာနဲ့ အိပ်တော့မယ်ဆိုပြီး ဖုန်းချသွားတဲ့ အကြိမ်အရေအတွက်က စိပ်လာတယ်။

၂၀၂၁ နှစ် နှောင်းပိုင်း

နှစ် တစ်ခုကို ၃ ပိုင်းပိုင်းရင် စက်တင်ဘာ ကနေ ဒီဇင်ဘာအထိ ဆိုတော့ ဒီကာလကို ပြန်ကြည့်ရင် မသေချာ မရေရာမှု တချို့တွေကနေ လမ်းကြောင်းလေးတွေ ပေါ်လာတာပါပဲ။ ပြောရရင် နည်းနည်း တော်လှန်ရေးမှာ နေသားကျလာတယ်လို့ ဆိုရမယ်ထင်တယ်။ နေသားကျလာတယ်ဆိုတာ ပျော်လာတာတော့မဟုတ်ဘူး။ ဘာလုပ်ရမလဲဆိုတာ သိလာတာ။ ကိုယ့်တာဝန်က လှူပေးဖို့ အဓိကပဲ။ ကျန်တာလည်း ဘာမှ ထိထိရောက်ရောက် လုပ်ပေးနိုင်တာမရှိဘူး။ စင်ကာပူမှာ ဆန္ဒတောင် ပြလို့မရဘူးလေ။ နိုင်ငံရေးလုပ်လို့ဆိုပြီး အိမ်ပြန်ပို့ခံရရင် လေဆိပ်ကနေ ထောင်ထဲ တန်းဝင်ရမယ့် ကိန်းက ရှိနေတာကိုး။

အာဏာပြန်လွှဲဖို့ဟာ မဖြစ်လာနိုင်တော့သလို လက်နက်ကိုင်ပြီးပြန်တိုက်မှပဲ ရတော့မယ်ဆိုတဲ့ လမ်းဟာ နှစ်အလည်ပိုင်းက ရိပ်မိခဲ့ပေမယ့် ဒီနှစ်အနှောင်းပိုင်းမှာ ပိုပြီး သေချာသွားတယ်။ လှူတာကတော့ တောက်လျောက် လှူဖြစ်တယ်။ စင်ကာပူက ကျောင်းသားဟောင်း တွေကို စုစည်းပြီး CDM လုပ်ခဲ့ကြတဲ့ ဆရာ/ဆရာမ တွေကို အစောပိုင်းက စလို့ အခုထိ ထောက်ပံ့ကူညီနေကြဆဲပဲ။ ယာယီတက္ကသိုလ် ကောင်စီမှာလည်း ပြည်ပရောက် ကျောင်းသားဟောင်း တစ်ယောက်အနေနဲ့ လိုအပ်သလို ဆွေးနွေးအကြံပေးမှုတွေနဲ့အတူ ဆရာ/မ တွေအတွက် ဂုဏ်ပြုထောက်ပံ့ငွေရအောင် တတ်နိုင်သလောက် လုပ်ပေးနိုင်ခဲ့တယ်။ အလှူခံရတဲ့ငွေပမာဏကတော့ နှစ်အစပိုင်းနဲ့ စာရင် သိသိသာသာကို နည်းသွားတယ်။ ဒါကလည်း တခြား ခေါင်မိုးဖာတဲ့နေရာ တွေကို ထောက်ပံ့ရတာတွေ ရှိလာတာကြောင့်လို့လည်း နားလည်ပါတယ်။ ကိုယ်တိုင်လည်း အကုန် ဖြန့်ထည့်လိုက်ရတော့ အစပိုင်းမှာ ထည့်သလောက် မထည့်နိုင်တော့ဘူးကိုး။

မိသားစုဘက်မှာတော့ ကိုဗစ်လှိုင်းနဲ့အတူ အဘိုးကို ဆုံးရှုံးလိုက်ရတယ်။ အစ်ကိုတို့ လင်မယားရဲ့ သမီးဦးလေး စက်တင်ဘာ လ အလည်လောက်မှာ မွေးတယ်။ ကျွန်တော့ ပထမဆုံး တူမလေးပေါ့လေ။ သူရောက်လာတော့ အိမ်နဲ့ နေ့တိုင်းလိုလိုကို ဖုန်းပြောကြတော့တာပါပဲ။ ခါတိုင်းဆို တစ်ပတ်မှ တစ်ခါ၊ နှစ်ခါပဲ ဆက်ဖြစ်တာ။ မြေးဦးလေးဆိုတော့လည်း ချစ်လိုက်ကြတာ တုန်လို့။ အစ်ကိုတို့က ဒီလို မျိုးဆက်လေး ဖြစ်လာအောင် လုပ်ပေးနိုင်လို့ မိဘတွေအတွက် ကိုယ်ပါ ဝမ်းသာမိပါတယ်။

ကိုယ့်အချစ်ရေးမှာတော့ အောက်တိုဘာ ညတစ်ညမှာ သန်းခေါင်ယံချိန် ဖုန်းမအားတာကနေ ချစ်သူနဲ့ ရန်ဖြစ်ပြီး ပြတ်သွားတယ်။ ဒုတိယံမိ အသည်းကွဲခြင်းပေါ့။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ကိုယ်တိုင်က ဆက်ပြီး မလိုက်ဖြစ်တော့ဘူး။ အဲ့ဒီ အချိန်လောက်မှာပဲ စင်ကာပူမှာ အလုပ်ခေါ်စာနဲ့ဆိုရင် လာလို့ ရတာတွေ ရှိလာတယ်။ ၆ လ လောက် အပြင်းအထန် ကြိုးစားလိုက်ရင် နီးစပ်ဖို့ လမ်းရှိလာနိုင်တဲ့ အခြေအနေ ရှိတယ်။ သူနဲ့ ကျွန်တော်နဲ့က အမြဲလိုလို ပြေးတိုင်းလိုက်တိုင်း ကစားနေကြသလိုပါပဲ။ ၈ နှစ်ကျော်ကျော် အထိ ကျွန်တော် သူ့တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တယ်။ စချစ်ကတည်းက တစ်ဘဝလုံးစာအတွက်လို့ ရည်ရွယ်ပြီး ကြိုးစားခဲ့တာ ကျောင်းတုန်းက သူငယ်ချင်းတွေ အသိဆုံးပါပဲ။ ခုထိ ပြတ်သွားပြီလို့ ပြောရင် မယုံတဲ့သူက ၁၀ မှာ ၉ ယောက်လောက် ရှိတယ်။ ဟိုးအရင်ကတည်းက သူ့မိသားစုဝင် တွေကိုပါ ရင်းနှီးမှုရအောင် နေခဲ့သလို ကိုယ့်မိသားစုနဲ့ပါ ရင်းနှီးအောင် ကြိုးစားခဲ့တယ်။ သူဆိုးသမျှတွေလည်း ချစ်တဲ့စိတ်ကပဲ အသာစီးရသွားပြီး အားလုံး သည်းခံ ခွင့်လွှတ်ပေးခဲ့တယ်။ ဒါပေမယ့်လည်း ဒီအချိန် မှာတော့ အတင်း တရွတ်ဆွဲနေတာတွေ ရပ်သင့်ပြီလို့ မြင်လာခဲ့တယ်။ ဒါမှမဟုတ် ကျွန်တော့ စိတ်ထဲမှာ အချစ်နဲ့ပတ်သတ်ပြီး အများကြီး မတွေးနိုင်တော့ပဲ လွှတ်ချပစ်ချင်စိတ်က ပေါက်ကွဲထွက်လာတာလည်း ဖြစ်နိုင်တယ်။ ဝေးနေရတာကို ကျွန်တော် မကြိုက်ဘူး။ နီးစပ်ဖို့လည်း ဘဝအတွက် ရုန်းကန်ကြရင်း လျောက်တဲ့လမ်းတွေက မတူကြပြန်ဘူး။ တကယ်ဆို မေဂျာတူ နှစ်အတူ ကျောင်းပြီးခဲ့ကြတာမို့ အတူတူလျောက်ဖို့ အခွင့်အရေး အရှိဆုံးပါပဲ။ ဘာလို့ ကျွန်တော် မရှိတဲ့ဘက်ကိုပဲ သူရွေးရွေးသွားခဲ့တာမှန်း ကျွန်တော်လည်း မစဉ်းစားတတ်တော့ဘူး။ သူ့ကို အပြစ်တင်တာမျိုးတော့မဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်ကလည်း ဘဝအတွက် ကြိုးစားလာခဲ့သမျှ အကုန်လွှတ်ချပြီး သူ့ဆီကို လက်ဗလာနဲ့ သွားဖို့ရာ မရဲဘူးဖြစ်နေတယ်။

သေချာ ပြန်တွေးကြည့်တော့ ဘွဲ့ရပြီးနောက် ၂၀၁၇ မှာ လုပ်ငန်းခွင်တွေ စဝင်ကြ ကတည်းက ကောင်းကောင်း မတွေ့ဖြစ်ကြတော့ပဲ LDRS ဘဝကို ရောက်လာခဲ့ကြတယ်။ ကျောင်းပြီးတော့ ဇာတ်လမ်းပြီးပြီလို့ သူပြောဖူးပေမယ့် ကျွန်တော်က ရန်ကုန်မှာ အလုပ်အတူတူ လုပ်ကြမယ်လို့ တဖွဖွနားပူရင်း အတင်းဆွဲထားခဲ့တာဖြစ်တယ်။ ၂၀၁၈ ဖြစ်ရပ်မှာကတည်းက ကျွန်တော် အရှုံးပေးခဲ့ရင် သူလည်း ခုချိန် သူ့ရွေးချယ်မှုနဲ့သူ ပျော်နေရမယ်ထင်တာပါပဲ။ ကျွန်တော် တစ်ကယ် အတ္တကြီးခဲ့မိတယ်။ ထားပါတော့။ အချစ်နဲ့ပတ်သတ်ပြီး သေချာနားလည်လိုက်တာကတော့ ချစ်တာ တစ်ခုတည်းနဲ့ ဘာမှ မလုံလောက်ဘူးဆိုတာပါပဲ။ ဒါမှမဟုတ်  သူ့အတွက် လုံလောက်အောင် ကျွန်တော် မချစ်နိုင်ခဲ့တာပဲလားလည်း မေးခွန်းထုတ်လို့ရတယ်။ သိပ်မြတ်နိုးပေမယ့်လည်း မဖြစ်နိုင်တော့မယ့်အတူတူ အတ္တမကြီးပဲ ကျွန်တော် ဆက်ပြီး ဆွဲမထားဖြစ်တော့ဘူး။

ဒီ ၂၀၂၁ မှာ သေသေချာချာကို နားလည်လိုက်တာ တစ်ခုက နေ့ရက်တိုင်း အခိုက် အတန့်တိုင်းမှာ ပျော်ပျော်နေသွားတတ်ဖို့ပါပဲ။ စီစဉ်ထားတာတွေလည်း ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာတာမှမဟုတ်တာ။ အဲ့တာကြောင့်လဲ ဒီ နှစ်ကုန်ပိုင်းမှာ ပိုက်ဆံချွေတာဖို့တောင် စိတ်ကူးသိပ်မရှိတော့ပဲ အသက်ရှင်တုန်း၊ အခွင့်အရေး ရတုန်းမှာ ထိုက်တန်အောင် နေသွားချင်တော့တယ်။ စင်ကာပူ ကွန်ဒို တိုက်ခန်းမှာ တစ်ယောက်ခန်း နေရင် ပိုက်ဆံအများကြီး ကုန်ကျနိုင်တာ သိပေမယ့်လည်း တစ်ယောက်တည်းပဲ သီးသန့်နေဖြစ်တော့တယ်။ မိဘတွေကိုတော့ အလုပ်တွေကနေ အနားယူစေပြီး အေးအေးဆေးဆေး ထားနိုင်တာကိုတော့ သိပ်ပြီး ဝမ်းသာတယ်။ အသက် အာမခံလည်း ထားထားလို့ ရုတ်တရက် သေသွားရင်တောင် လူကြီးတွေအတွက် စိတ်မပူရတော့ဘူး။ လက်ထပ်ပြီး မိသားစုတစ်ခု အတူဖန်တီးခွင့် ရသွားကြတဲ့ သူတွေကို မြင်ရင် သူတို့ကို ကြည့်ရင်း ဝမ်းသာမိတယ်။ ကိုယ့်လိုအတူတူပဲ ကျောင်းတက်ကတည်းက တွဲခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း အိမ်ထောင်ပြုဖို့ စီစဉ်နေကြပြီ။ သူတို့နဲ့ ယှဉ်လိုက်မိရင် ကိုယ့်ဘဝကြီးကို တော်တော်လေး စိတ်ပျက်လာတယ်။ ဒါပေမယ့်လည်း သူ့ဘဝနဲ့သူပဲပေါ့လေ။

ခုလောလောဆယ် ရှင်သန်ရတာ အဓိပ္ပာယ်မရှိတော့သလို ခံစားနေရပေမယ့် သိပ် အများကြီးမတွေးတော့ပဲ အခုလက်ရှိ အခြေအနေတွေမှာပဲ နေပျော်အောင် ကြိုးစားနေနေတယ်။ တစ်လ နေလို့ တစ်ခါတောင် ထီမထိုးဖြစ်ပေမယ့် တစ်နေ့က လမ်းကြုံလို့ ကြိုက်တဲ့ ဂဏန်း ၄ လုံးနဲ့ ၄ ကွက် လျောက်ထိုးလိုက်တာ ၄ $ ဖိုးကနေ ၂၄၀ $ တောင် ပေါက်သေးတယ်။ တစ်ခါတစ်လေလည်း အဲ့လို မထင်မှတ်ထားတာတွေ ဖြစ်ရင်ဖြစ်လာနိုင်သေးတယ်မလား။

တစ်ကယ်တမ်းက ကျွန်တော်တို့ဟာ မမွေးခင်ကတည်းက ယောကျာ်းလေး ဖြစ်မလား၊ မိန်းကလေး ဖြစ်မလား ဆိုတဲ့ မသေချာ မရေရာမှုတွေ၊ အသက်ရှင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ဒီလောကကြီးထဲကို ငိုပြီး လူဖြစ်တည်လာကြတာပါပဲ။ ၂၀၂၂ ထဲမှာလည်း ဘာတွေ ဖြစ်လာမလဲ မသေချာပေမယ့် လုပ်ချင်တာလေးတွေ ဖြစ်ချင်တာလေးတွေကို သတ်မှတ်ပြီး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မျှော်လင့်ချက်နဲ့ ဆက်ပြီး သွားနေကြရဦးမှာပါပဲ....

Heinko Lwin

Heinko Lwin