၂၀၂၁ အာဏာသိမ်းမှု နဲ့ အဝေးရောက် ကျွန်တော်

2021 Feb 1

အဲ့ဒီနေ့က တနင်္လာနေ့ မနက်အစောကြီး။ အလုပ်က WFH ဆိုတော့ ၉ နာရီမှ စမှာ၊ ၈ နာရီ ခွဲလောက်မှ အိပ်ယာထလေ့ရှိတယ်။ အဲ့ဒီမတိုင်ခင် ရက်တွေကတော့ အာဏာသိမ်းမယ် ဘာညာ အသံတွေကြားပေမယ့် မဖြစ်နိုင်ဘူးပေါ့။ အခြေခံဥပဒေကိုတောင် ဖျက်ပစ်ရမယ် ဘာညာနဲ့ မင်းအောင်လှိုင်က ပြောတာတွေတောင် CNA သတင်းမှာ ပါလာလို့ ပြောင်နေသေးတယ်။ 365 plus ကနေ အငဲ၊ နဲ့ လေးဖြူ Live ကို အထစ်ထစ် အငေါ့ငေါ့နဲ့ ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ အိပ်ယာဝင်ခဲ့ရတယ်။ မနက် ၈ နာရီ ထိုးခါနီး ၁၅ မိနစ်လောက်အလို၊ မြန်မာစံတော်ချိန်နဲ့ဆိုရင် ၇ နာရီ ထိုးပြီးခါစပဲ ရှိဦးမှာပေါ့ အလုပ်သွားဖို့ ပြင်နေတဲ့ ညီ အစ်ကို တွေက အသံတွေ ဆူဆူနဲ့ နိုးလာတော့ ဟိန်းကိုလွင် ထတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းသွားပြီတဲ့၊ ဒေါ်စုနဲ့ သမ္မတကြီးတို့ကိုလည်း ဖမ်းသွားပြီတဲ့ ဆိုတော့ အိပ်ချင်မူးတူးနဲ့လူက မျက်လုံးတောင် ပြူးသွားတယ်။ ငြင်းလိုက်သေးတာ မဟုတ်လောက်ပါဘူးလို့ မယုံရင် fb ပေါ်တက်ကြည့်လိုက်ဆိုမှ ဖုန်းကို ကောက်ကြည့်ရတယ်။ အကုန်လုံးက တင်နေကြပြီ အဲ့ဒီအကြောင်းကို။ ဒါကို မယုံနိုင်သေးဘူး နိုင်ငံခြား သတင်းမီဒီယာတွေကပါ တင်တော့မှ "ဟာ သွားပါပြီကွာ" ဆိုပြီး တစ်ခွန်းပဲ ပြောနိုင်တော့တယ်။

အိမ်ကလူတွေက မိုဘိုင်းလ် အင်တာနက်ပဲ အဓိက ထားသုံးကြတာမို့ ဖုန်းတွေလည်း ဆက်မရ ပြုမရ တော်တော်လေးကို ပူပန်နေခဲ့ရတယ်။ ဖိုက်ဘာ အင်တာနက် ရှိနေသေးတဲ့ သူတစ်ချို့ကြောင့်သာ သတင်းတွေ သိခွင့်ရနေတာပေါ့။ အတွေးလွန်တတ်တဲ့သူဆိုတော့ အများကြီး လျောက်တွေးမိတယ်။ ပြည်တွင်းဖုန်းတွေအချင်းချင်းလည်း ခေါ်မရတာမို့ အိမ်က မိသားစုကိုလည်း အဆက်အသွယ် လုပ်လို့မရခဲ့တော့ ပိုပြီး ပူရတယ်။ အဲ့တာနဲ့  ကြံရာမရဖြစ်ပြီး ကိုယ့် AYA ထဲမှာ စုထားပြီးသားဖြစ်တဲ့ ပိုက်ဆံတွေကို မေမေ့ ဆီရော ဖေဖေ့ ဆီရော သူတို့ အကောင့်တွေထဲ ခွဲထည့်ပေးလိုက်တယ်။ ပုံမှန်လည်း ပို့နေကြပေမယ့် နောက်ထပ် ရ၊ မရ မသေချာတာနဲ့ ထည့်ထားပေးလိုက်တာ။ အဲ့အချိန်မှာ ကိုယ်တတ်နိုင်တာ ဒါပဲ ရှိတာကိုး။

ပြည်သူသို့ ပန်ကြားချက်

Chair NLD စာမျက်နှာကနေ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပန်ကြားချက် စာတစ်စောင် ချက်ချင်း တက်လာတယ်။ ရည်ရွယ်ချက်ကတော့ ဒီလို ဖြစ်လာခဲ့ရင် ပြည်သူတွေအနေနဲ့ လုံးဝ လက်မခံပဲနဲ့ တခဲနက် ဆန့်ကျင် တုံ့ပြန်ကြပါရန် လို့ တိုက်တွန်းထားတဲ့ စာပါ။ အဖမ်းခံရတဲ့ အထဲ မပါဝင်သေးတဲ့ ဦးဝင်းထိန် ရဲ့ စာအစစ်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုထားတဲ့ ဘောပင် နဲ့ ရေးသားထားတဲ့ စာ တစ်ကြောင်းပါ ပါရှိပါတယ်။ အဲ့ဒီ လက်ရေးစာ ကြောင်း ကြောင့်ပဲ ကျွန်တော် ကိုယ်တိုင် ဇဝေဇဝါတော့ ဖြစ်သွားပါတယ်။ ဒါပေမယ့် ဒီစာအတိုင်းဆိုရင်တော့ ချကြရတော့မှာပဲ ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။

ဒီစာအတိုင်းဆို ချကြရတော့မှာပဲ ဒါပေမယ့် စာအစစ်လားတော့မသိဘူး သတိတော့ ထားကြ

Posted by Heinko Lwin on Sunday, January 31, 2021

အတု၊ အစစ်ကိုတော့ ခွဲခြားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ရက်စွဲလည်းမပါ၊ တံဆိပ်တုံးလည်းမပါ၊ ဦးဝင်းထိန် လက်ရေးစာကလည်း အထပ်ထပ် အခါခါရေးထားတာကြောင့် သံသယဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ လူတွေအများကြီးလည်း အတုဖြစ်ကြောင်း ပြောလာကြတာနဲ့ report တောင် ထုခဲ့ရသေးတယ်။ အဲ့ဒီနောက်တော့ အင်တာနက် ပြန်ရလာတာနဲ့ အဆက်အသွယ် တွေရလာပြီး ထပ်ပြီး ပိတ်နိုင်ခြေရှိတာမို့ vpn တွေ mesh network တွေ ပြင်ဆင်ကြဖို့တွေတော့ သတိပေးဖြစ်ခဲ့တယ်။ သိသလောက် လူတော်တော်များများပါသွားခဲ့ပြီး ကိုမင်းကိုနိုင် လွတ်နေသေးတာသိတော့ စိတ်သက်သာရာရခဲ့တယ်။ NLD ထဲက ဦးကြည်တိုး၊ ဦးဝင်းထိန်တို့လည်း လွတ်နေသေးတာဆိုတော့ သူတို့ဆီက သတင်းစကားတွေ နားစွင့်နေခဲ့ရတယ်။

Coup Dance

တစ်နေကုန် ရင်မောစွာနဲ့ အလုပ်လည်း မလုပ်နိုင်ပဲ Facebook newsfeed ကိုအဆက် မပြတ် ပွတ်နေခဲ့တယ်။ လူတွေ share တာများနေတဲ့ အေရိုးဗစ် အက တစ်ခုကိုလည်း သွားတွေ့ပါတယ်။ အဲ့တာကတော့ အဲ့ဒီ မနက် အစောပိုင်းမှာ လွှတ်တော်ကို သွားတဲ့ လမ်းမှာရှိတဲ့ အဝိုင်း တစ်ခုမှာ အက ဆရာမ တစ်ယောက်ဟာ ပုံမှန် ပြုလုပ်နေကြအတိုင်း သူ့ အက ကို ဗီဒီယို ရိုက်ကူးနေခဲ့တာပါ။ ဖြစ်ချင်တော့ သူ့နောက်မှာ စစ်ယဉ်တန်းများစွာနဲ့ လွှတ်တော် ရှိရာအရပ်ကို အာဏာသိမ်းမှုပြုလုပ်နေစဉ်အတွင်းမှာ သွားနေကြတာတွေကို ရိုက်ကူးမိလျက်သားဖြစ်သွားပါတယ်။ သူကိုယ်တိုင်လည်း အိမ်ပြန်ရောက်မှ အာဏာသိမ်းတာကိုသိပြီး ပြန်စဉ်းစားမိမှ ဒူးတွေတုန်နေရပါတယ်တဲ့။ အဲ့ဒီ ဗီဒီယိုဟာ 9GAG မှာ ရောက်သွားပြီးနောက်၊ ချက်ချင်းဆိုသလိုပဲ နောက်ရက်တွေအတွင်း နိုင်ငံတကာ မီဒီယာတွေအတွင်းမှာ Coup Dance ဆိုတဲ့ title နဲ့ ပျံ့နှံ့သွားပါတော့တယ်။

တစ်နေကုန် ရင်မောစရာတွေကြားထဲမှာ အဲ့ဒီ အဖြစ်အပျက်တစ်ခုကပဲ ရယ်စရာ ဖြစ်ခဲ့ရပါတယ်။အဲ့ဒီ ဖေဖော်ဝါရီ ၁ ရက်နေ့က တော်တော်လေး ရှည်ကြာလွန်းပါတယ်။ မှောင်မိုက်လွန်းတဲ့ နေ့တစ်နေ့လည်းဖြစ်သလို ဒေါသတွေလည်းအပြည့်၊ မယုံကြည်နိုင်ခြင်းတွေနဲ့ အာဏာရူးတစ်ယောက်ရဲ့ ရူးမိုက်ခြင်းကို တွေ့မြင်ခဲ့ရတယ်။ သမိုင်း စာတွေထဲမှာ ဖတ်ခဲ့ဖူးတဲ့ အာဏာသိမ်းခြင်း ဆိုတာတွေ၊ အဖေ ပြောပြခဲ့ဖူးတဲ့ ပုံပြင်ဆန်ဆန် အဖြစ်အပျက်တွေက လက်တွေ့မှာ တစ်ကယ် ဖြစ်လာနေပါပြီ။

၇၂ နာရီ ပဠိပက္ခ

ရုတ်တရက်ကြီး ဒီလိုဖြစ်သွားကြတော့ ကျွန်တော်အပါအဝင် လူတွေက ဘာလုပ်ကြရမှန်းမသိဖြစ်ကုန်ကြပါတယ်။ အပေါ်က ပြည်သူသို့ ပန်ကြားချက်အပေါ်မှာလည်း အတု၊ အစစ် ငြင်းခုန်ကြပါတယ်။ ဖမ်းခေါ်သွားယုံပဲလား၊ သူတို့က ငြှိကြဦးမှာလား၊ အမေစုက လူတွေကို လမ်းပေါ်ထွက်စေချင်တာလား ဒါမှမဟုတ် သွေးထွက်သံယို မဖြစ်စေပဲ နိုင်ငံရေးနည်းနဲ့ပဲ ပြေလည်သွားမှာလား၊ အစရှိတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဝိဝါဒ တွေဖြစ်ကုန်ကြပါတယ်။ Post တစ်ခုဖတ်ပြီးတော့ အတွေးတူလို့ ပြန်ပြီး share ဖြစ်ခဲ့ပါတယ်။

အတွေးတူတယ် စိတ်ထဲမှာလည်း မတင်မကျကြီးဖြစ်နေတယ် ပြည်သူကိုလည်း မနာစေချင်ဘူး လူထုအင်အားနဲ့ လှုပ်ရှားဖို့လည်း...

Posted by Heinko Lwin on Monday, February 1, 2021

ကဗျာတစ်ပုဒ် နဲ့ ကမ္ဘာမကြေဘူး

4OEMS ဆိုတဲ့ Facebook Page တစ်ခုကနေ ကဗျာတစ်ပုဒ် ဖတ်လိုက်မိတယ်။ အာဏာသိမ်းတဲ့ ပထမဆုံးနေ့ ညနေခင်းမှာပဲ ဖတ်ခဲ့ရတဲ့ ကဗျာလေးပေါ့။ ကူးပြီး IG မှာရော Facebook မှာရော သိမ်းထားလိုက်ပါတယ်။ ပထမ တစ်ရက်မှာတင် ကျွန်တော်တို့ ကျရှုံးသွားလို့ မဖြစ်ဘူးမလား။ ကဗျာကတော့ -

၈၈ အရေးတော်ပုံကို ရည်ရွယ်ရေးသားထားတဲ့ သီချင်းတစ်ပုဒ်ကို ညတွင်းချင်း လိုက်ရှာပြီး စာသားနှင့်တကွ Facebook မှာ ပြန်တင်ခဲ့သေးတယ်။ ကမ္ဘာမကြေ သေးဘူးဆိုတာ သိဖို့နဲ့ အရင်တုန်းက စိတ်ဓာတ်တွေ ပြန်ပြီး နိုးထလာဖို့ပါ။ တစ်ချို့ကတော့ စောက်ပိုတွေ လုပ်နေတာလို့ ထင်ကြဦးမယ်။ အဲ့ဒီနေ့က ကျွန်တော် တစ်ကယ်ကြီးကို အများကြီး တွေးမိနေခဲ့တာပါ။ ညတိုင်း ကစားဖြစ်တဲ့ ဂိမ်းလည်း မဆော့နိုင်တော့ပါဘူး။ သက်ပြင်းတွေအကြိမ်ကြိမ်ချရင်း စိတ်တွေဟာ တော်တော်လေးကို လေးလံနေခဲ့ပြီး အိပ်ယာဝင်ခဲ့ရတယ်။

နောက်ရက်တွေ၊ လတွေထဲမှာ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ကျွန်တော့်ရဲ့ ဘဝ၊ အနာဂတ်အပေါ် သက်ရောက်မှုတွေ၊ တုံ့ပြန်ခဲ့မှုတွေကို ဆက်ပါဦးမည်.....

ဟိန်းကိုလွင်
4.4.2021 (12:11 AM)

Cover Artwork credit to  Zany Za

Heinko Lwin

Heinko Lwin