ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်အာမီ

ရေးသားသူ - Kyaw Kyaw

ဖြစ်ရပ်မှန်ဟာသလေးတခု စ, ပြောပါရစေ။ ကျနော်တို့ မကဒတ၊ ကျောင်းသားတပ်မတော်ဌာနချုပ်မာနာပုလောမှာ အခြေပြုစဉ်ကာလက တနေ့တော့ကေအဲန်ယူခေါင်းဆောင်၊ တပ်မှူးကြီးတဦးဖြစ်တဲ့ ဗိုလ်ချုပ်မောင်မောင်က ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအကြောင်း ဆွေးနွေးပွဲတခုမှာ အစည်းဝေး နားနေတုန်း ခေတ္တခဏ အာလာပ သာလာပ စကားပြောနေရင်း မေးဖူးတယ်။

ခင်ဗျားတို့ ကျောင်းသားတွေထဲမှာ စမူဆာ လုပ်တတ်တဲ့သူ မရှိဘူးလားဗျ ..တဲ့။ ဒါနဲ့ အဲ့ဒီတုန်းက ဘေးမှာရှိနေတဲ့ သွားလေသူကိုမောင်မောင်ကြီးက “ရှိတာပေါ့ အဖူး၊ မောင်ကျောင်းတွေက စမူဆာ လဲလုပ်တတ်တယ်၊ ပလာတာလဲ ရိုက်တတ်တယ်၊ ဒန်ပေါက်လဲချက်တတ်တယ်၊ ကွန်စတီကျူးရှင်းတောင်ဆွဲတတ်သေးတာပဲ အဖူးရယ်၊ စမူဆာ အရေးက ဒါးမသွေးလောက်ပါဘူး” လို့ နောက်တော့ ဖူးမောင်မောင် အပါအဝင် အားလုံးက တဝါးဝါးနဲ့ ပွဲကျကြတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာဒီမိုကရက်တစ်တပ်ဦး(မကဒတ-ABSDF) နဲ့ ကျောင်းသားတပ်မတော်(Student Army) ကို ၁၉၈၈ နိုဝင်ဘာလဆန်းမှာတည်ထောင်တယ်။

၁၉၇၅ ကတည်းကဖွဲ့စည်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တခုတည်းသောတပ်ပေါင်းစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ-NDF)က ဦးဆောင်ပြီး ဆက်တိုက်ဆိုသလို နိုဝင်ဘာလလယ်မှာမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ-DAB) ကိုဖွဲ့တယ်။ ABSDF အပါအဝင်တခြားဒီမိုကရေစီ အင်အားစုတွေ မဒမခ-DABမှာ ပါဝင်ကြတယ်။

တိုင်းရင်းသားလူမျိုးစုများအရေး၊ ဖက်ဒရယ် အရေးကိုတိုင်းရင်းသားခေါင်းဆောင်များထံကနေ စတင်သင်ယူလေ့လာဆွေးနွေးသုံးသပ်ပြီး ၁၉၈၉ ဒီဇင်ဘာ ABSDF ဒုတိယအကြိမ်ညီလာခံမှာဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မကဒတရဲ့ ဦးတည်ချက် (၄) ရပ်ထဲမှာ အခိုင်အမာထည့်သွင်းချမှတ်ခဲ့တယ်။

၁၉၉၀ ခုနှစ် မေလရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ အနိုင်ရအပြီး ဇွန်လမှာ လွတ်မြောက်နယ်မြေ မြို့တော် မာနာပုလောမှာ ပြုလုပ်တဲ့ မဒမခ-DAB အစည်းအဝေးကြီးက NLD နဲ့ဒေါ်အောင်ဆန်းစုကြည်သာ အာဏာရရှိခဲ့လို့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်နိုင်ရင် ဘယ်တိုင်းရင်းသားလူမျိုးတွေကမှ ဖက်ဒရယ်ပြည်ထောင်စုက ခွဲထွက်မှာမဟုတ်ဘူးလို့ ကြေညာချက်ထုတ်ခဲ့တယ်။

အဲ့ဒီ အစည်းအဝေးမှာပဲ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းစဉ်ချမှတ်တယ်။ မူကြမ်းရေးဆွဲရေးကော်မတီကိုဖွဲ့ပေးခဲ့တယ်။

မှတ်မိသလောက် ABSDF က ကိုအောင်ထူး (ယခု-လူ့အခွင့်အရေးရှေ့ နေ၊ဥပဒေအထောက်အကူအပြုကွန်ယက်တည်ထောင်သူနဲ့ ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအုပ်ကြီး)၊ ရှေ့နေ ကိုဝင်းမောင် (ယခု-ကနေဒါနိုင်ငံ) နဲ့ကိုခင်မောင်ဝင်း(DVB လက်ထောက်ဒါရိုက်တာဟောင်း)တို့ ပါဝင်တယ်။

အဖွဲ့ခေါင်းဆောင်က အဲ့ဒီအချိန်က KIOအဖွဲ့ရဲ့ နိုင်ငံခြားရေးတာဝန်ခံဖြစ်တဲ့ဒေါက်တာမနန်တူးဂျာ(နောက် KIO ဒုဥက္ကဌ နဲ့ KSPP တည်ထောင်သူ)။ မူလကော်မတီမှာ KNU ကစောဒေးဗစ်တာကပေါ်၊ ဒေါက်တာမာတာ၊ PNO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ယခု PNLO)၊ NUFA ကရခိုင်အမျိုးသားရှေ့နေကြီး ခိုင်စောထွန်း(ကွယ်လွန်)တို့ ပါဝင်ခဲ့တယ်။

အဲ့ဒီ အစည်းအဝေးမှာပဲ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (ဖက်ဒရယ်အာမီ) ဖွဲ့စည်းဖို့ KIO ဥက္ကဌကြီးဘရန်ဆိုင်းက အဆိုပြုခဲ့တယ်။ KIA တပ်ဖွဲ့အားလုံးကိုဖက်ဒရယ်အာမီလက်အောက်ခံတပ်တွေအဖြစ်ဖွဲ့စည်းမယ်၊ ညာဘက်လက်​မောင်းမှာ ကေအိုင်အေ တံဆိပ်တပ်ပြီး ဘက်ဖက်လက်မောင်းမှာ ဖက်ဒရယ်အာမီတံဆိပ်တပ်မယ်ဆိုပြီး ရဲရဲ အဆိုပြုတင်ပြခဲ့တယ်။

အဲ့ဒီအချိန်က တိုက်ခိုက်ရေးအင်အား တပ်ရင်းပေါင်း၂၀ ကျော်ရှိခဲ့တဲ့မကဒတ ကျောင်းသားတပ်မတော်ကလည်း အလားတူ တပ်အားလုံးကိုလက်မောင်းတံဆိပ်ပြောင်းပြီး ဖက်ဒရယ်အာမီမှာ ပါဝင်မယ်လို့ ဥက္ကဌကြီးဦးဘရန်ဆိုင်းရဲ့အဆိုကို ထောက်ခံဆွေးနွေးခဲ့တယ်။

ဒါပေမဲ့ အများသဘောတူ ဖက်ဒရယ်အာမီကို အစပြုနိုင်ဖို့ မဒမခ-DAB တပ်ပေါင်းစုတပ်များအဖြစ် လက်နက်ကိုင်တာ်လှန်ရေးနယ်မြေများအားလုံးမှာ သက်ဆိုင်ရာ လက်နက်ကိုင်တပ်များပါဝင်ပြီး တပ်ပေါင်းစု DAB စစ်ကြောင်းများဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်သာချနိုင်ခဲ့တယ်။

အဲဒီနောက်မှာတော့ မာနာပုလောစာချုပ်၊ သူမွဲကလိုးသဘောတူညီချက် စတာတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု ခိုင်မာဖို့အရေး အဆင့်ဆင့်ဆွေးနွေးသဘောတူခဲ့ကြတယ်။

သူမွဲကလိုးကြေညာစာတမ်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် အဲ့ဒီအချိန်က ကရင်အလံနောက်ခံထား၊ ကရင်ဝတ်စုံဝတ်ပြီး ထောက်ခံကြောင်းပြသခဲ့ဘူးတာလဲ မမေ့သင့်ပေဘူးပေါ့။

နောက်ပိုင်းမှာတော့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးကို NCUBတပ်ပေါင်းစုက ဆက်လက်တာဝန်ယူပြီး ရေးဆွဲရေးကော်မတီကိုအဖွဲ့ဝင်တွေ အမျိုးမျိုးပြောင်းလဲတိုးချဲ့ ဖွဲ့စည်းခဲ့တယ်။

၁၉၉၀ ရွေးကောက်ပွဲ (၆)နှစ်မြောက်၊ ၁၉၉၆ ခုနှစ်မေလ ၂၆-၂၈ မှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီညီလာခံမှာ “ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်” ကိုရေးဆွဲသွားမည်လို့ဆုံးဖြတ်ကြေညာခဲ့တယ်။

အဲ့ဒါကို အထောက်အကူပြုနိုင်အောင်လို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က ၁၉၉၆ မေလ စတုတ္ထအကြိမ်ညီလာခံမှာ အတည်ပြုထားတဲ့ “အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (ပထမမူကြမ်း) ဖွင့်ဆိုချက်” ကို အဲ့ဒီအချိန်က NLD-LA လွတ်မြောက်နယ်မြေခေါင်းဆောင်များကတဆင့် ပြည်တွင်းကို ပေးပို့ခဲ့တယ်။

ဒါပေမဲ့ NLD ကရေးဆွဲမယ်လို့ပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မူကြမ်းပဲ ဖြစ်ဖြစ် တကြောင်းတလေမှ ဒီနေ့အထိ မမြင်မတွေ့ခဲ့ဘူးပါ။ မဖတ်ခဲ့ဘူးပါ။ နီးစပ်ရာ NLD ခေါင်းဆောင်များကို မေးကြည့်ခဲ့ဘူးပေမဲ့ သူတို့ကိုယ်တိုင်လဲ မသိပါလို့ဘဲ အဖြေရခဲ့တယ်။

အဲဒီကမှတဆင့် ဖက်ဒရယ်ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေးနှင့် ညှိနိုင်းမှုကော်မတီ (Federal Constitution Drafting and Coordinating Committee - FCDCC) လို့ အမည်ပေးပြီး တိုင်းရင်းသားတော်လှန်ခုခံစစ်ဆင်နွှဲနေတဲ့ အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ အမျိုးသမီးနဲ့ လူငယ်ကိုယ်စားလှယ်တွေ၊ အခြားလူထုအသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်လာခဲ့ကြတယ်။

အဖွဲ့ ဥက္ကဌတာဝန်ယူခဲ့တာက ဦးခွန်းမားကိုဘန်း(၁၉၉၀ မေလရွေးကောက်ပွဲ ကယားပြည်နယ်၊ ဖယ်ခုံမဲဆန္ဒနယ်ကအနိုင်ရကိုယ်စားလှယ်၊ ၂၀၀၈ ခြေ/ဥရေးဆွဲနိုင်ရေးအတွက် စစ်အုပ်စုက ပြုလုပ်ခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံကို သပိတ်မှောက်ထွက်ခွာလာသူ၊ ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ခံအမတ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ စင်ပြိုင် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး) ဖြစ်တယ်။ သူအပါအဝင် FCDCC မှာ ပါဝင်ခဲ့သူ ပုဂ္ဂိုလ်ကြီးများအားလုံးနီးပါး သက်ရှိထင်ရှားရှိနေကြဆဲပါ။

ကျနော်ဒီကနေ နာမည်တွေ တန်းစီပြီး ရွတ်မပြချင်ပါဘူး။ ဒီလောက်အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီးထဲမှာ ကိုယ် ဘယ်လိုပါဝင်ခဲ့ကြောင်း ခေါင်းဆောင်ကြီးများကိုယ်တိုင် ထုတ်ဖော်ရေးသားကြစေချင်ပါတယ်။

အဲ့ဒီ ကော်မတီကနေ ရေးဆွဲပြီး တိုင်းရင်းသားအားလုံးသဘောတူညီချက်နဲ့ ဒုတိယမူကြမ်းအဖြစ် တခဲနက်ထောက်ခံ အတည်ပြုခဲ့ကြတယ်။

၁၅ နှစ် အချိန်ယူပြီး စစ်အုပ်စု အလိုကျ တဘက်သတ်ရေးဆွဲအတည်ပြုခဲ့တဲ့ သွေးစွန်းနေတဲ့ ၂၀၀၈ နာဂစ်ခြေဥ အတည်မပြုရသေးခင် တိုင်းရင်းသားအားလုံးအပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ လူထုအသင်းအဖွဲ့တွေအားလုံး ၁၈ နှစ်ကြာအချိန်ယူရေးဆွဲခဲ့တဲ့အဲ့ဒီဒုတိယ မူကြမ်းကို ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က အတည်ပြုနိုင်ခဲ့တယ်။

အဲ့ဒီမူကြမ်းကို အောက်က လင့်ခ် မှာ ဝင်ကြည့်လို့ရပါတယ်။ https://www.mmpeacemonitor.org/.../The-constitution-of...

နောက်ဆုံး လတ်တလော ပွက်လောညံလာနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့၊ ဖက်ဒရယ်အာမီ ဖွဲ့စည်းရေးတို့အတွက်အတွက်အထောက်အကူပြုနိုင်အောင်လည်း အထက်က ဒုတိယမူကြမ်းကို အခြေပြုပြီး အဲဒီလုပ်ငန်းစဉ်ထဲမှာ မူလပထမ စတင်လုပ်ဆောင်ခဲ့တဲ့ ၁၉၉၀ ဇွန်လ ကထဲကထဲထဲဝင်ဝင် တစိုက်မတ်မတ်ပါဝင်ခဲ့သူတဦးဖြစ်တဲ့ဦးအောင်ထူး ဦးဆောင်တဲ့ ဥပဒေအထောက်အကူပြုကွန်ယက်က ၂၀၂၁ မတ်လ ၁၇ ရက် ရက်စွဲနဲ့ ပူပူနွေးနွေး ထပ်မံ တင်ဆက်ထားပါတယ်။

အဲ့ဒီမူကြမ်းကို CRPH၊ NLD ခေါင်းဆောင်များနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်များကို တင်ပြထားတယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကလည်း နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များနဲ့သာသက်ဆိုင်တဲ့ အရေး လုံးဝမဟုတ်ဘဲ နိုင်ငံသားတဦးတယာက်တိုင်း၊ ပြည်သူတိုင်းနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ လူမှုရေးကတိကဝတ်စာချုပ် (Social Contract) လို့ အများလက်ခံနားလည်ထားကြတော့ အများပြည်သူ ဖတ်ရှုလေ့လာ၊ သုံးသပ်ဆွေးနွေး၊ ဝေဖန် အကြံပေးခွင့်ရအောင် ဦးဆောင်ရေးဆွဲ တင်ပြသူ ဦးအောင်ထူးနဲ့LAN အဖွဲ့က မကြာခင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ခုလဲ ဖက်ဒရယ်အရေး၊ အားမွေး၊ ဒါးသွေးပြီး မနှေး အမြန် စစ်အုပ်စုထက်အရင် လက်ဦးမှု ရှိရှိ လုပ်ဆောင်နိုင်ကြရင် ကောင်းမှာပဲလို့ စဉ်းစားမိတယ်။
Credit to https://www.facebook.com/K2NyeinChan

မူရင်းပို့စ် https://www.facebook.com/770124309/posts/10159379274209310/

Heinko Lwin

Heinko Lwin