PDF နဲ့ AFPFL

ဖဆပလ ကို မဖွဲ့ခင် ဖတပလ လို့ အရင်စုစည်းတယ်။

ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်)
Anti-Fascist Organisation (AFO)

ဂျပန်ကို တိုက်ဖို့ ၃ ဖွဲ့ကနေ ကိုယ်စားလှယ် ၃ ဦးစီနဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်မှာပဲ စပြီး ဖွဲ့စည်းခဲ့ကြတယ်။ (ဗိုလ်ချုပ်အောင်ဆန်းက အကုန်လုံးနဲ့ ရင်းနှီးပြီး ပါဝင် ပတ်သတ်နေတယ်လို့ပြောရမယ် ပေါင်းဖို့လည်း သူ့စိတ်ကူးပဲ)

ဗမာ့အမျိုးသားတပ်မတော်
Burma National Army (BNA)

  • ဗိုလ်ချုပ်အောင်ဆန်း
  • ဗိုလ်မှူးကြီး လကျာ်
  • ဗိုလ်မှူးကြီး နေဝင်း

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)
Communist Party of Burma (CPB)

  • သခင်စိုး
  • သခင် သန်းထွန်း
  • သခင်တင်မြ

ပြည်သူ့အရေးတော်ပုံ ပါတီ
People's Revolutionary Party (PRP)

  • ဦးဗဆွေ
  • ဦးကျော်ငြိမ်း
  • သခင်ချစ်

အဲ့ဒီနောက် ဖတပလ ဗဟို စစ်ကောင်စီကို ဖွဲ့တော့

သခင်စိုး က နိုင်ငံရေးခေါင်းဆောင် တာဝန်ယူတယ်၊ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးခေါင်းဆောင် တာဝန်ယူတယ်၊ သခင် သန်းထွန်းက ပြောက်ကျားနဲ့ နိုင်ငံခြား ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ယူရတယ်။ ကျန်တာကအဖွဲ့ဝင်။

၁၉၄၄ ကတည်းက သူတို့ ၃ ယောက်က တပ်ပေါင်းစုဖွဲ့ဖို့ ဆုံးဖြတ်ပြီးသားမို့ လို့ ယူဆပါတယ်။

နောက်မှ စစ်တိုင်းကြီးတွေ ထပ်ဖွဲ့ကြတယ်။ ဗဟိုဦးစီးအဖွဲ့တွေ ထပ်တိုးတယ်။ ဒီးဒုတ် ဦးဘချို တို့ စောဘဦးကြီး တို့ ပါ ပါလာကြတယ်။ တခြားအဖွဲ့တွေ တစ်ခုပြီးတစ်ခု ပူးပေါင်းလာကြရင်း ဗဟို ဦးစီးအဖွဲ့က ၃၆ ယောက်အထိ ရောက်လာတယ်။

ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်)
Anti-Fascist People's Freedom League (AFPFL)

၁၉၄၅၊ မတ်လ ကနေစပြီး ဖဆပလ အနေနဲ့ နာမည်ပြောင်းလိုက်ကြတယ်။ မတ် ၂၅ မှာ စပြီး တော်လှန်မယ်လို့ သတ်မှတ်ထားပေမယ့် မကွေးမှာ ဂျပန်တပ်က ရိပ်မိထားလို့ မတ် ၂၇ ကို ပြောင်းပြီး တပြိုင်နက် တော်လှန်ကြတယ်။ (အဲ့တာကြောင့် တော်လှန်ရေးနေ့ လို့ခေါ်)

ဖဆပလ မပြောင်းခင် ဖတပလ အချိန်မှာ အင်္ဂလိပ်နဲ့ ခွါပြဲကြသေးတယ်။ အင်္ဂလိပ်က ဖတပလ ကို Force 136 အောက်မှာ ထားချင်တယ်။ ဗမာပြည်ကို ဆက်ပြီး ထိန်းချုပ်ချင်တဲ့သဘော၊ ဂျပန်ကို သူ့သဘောတူချက်မပါပဲ တိုက်ရင် လက်နက် ခဲယမ်း မကူညီဘူးပြောပေမယ့် ဗိုလ်ချုပ်တို့က ကိုယ့်ပြည်သူ့အင်အားနဲ့ပဲ တိုက်မယ်ပြောပြီး ချကြတာပဲ။

နောက်တော့ ဂျပန်လည်း အမေရိကန်တို့ အနုမြူဗုံးကြောင့် စစ်ရှုံးပြီး ဗိုလ်ချုပ်တို့လည်း အင်္ဂလိပ်တို့နဲ့ လွတ်လပ်ရေးရဖို့ ဆက်ကြိုးစားကြရင်း အလုပ်ကြံခံရတာတွေရော၊ လွတ်လပ်ရေးရပြီး ဗကပ ခွဲထွက်တာတွေရော၊ ဖဆပလ လည်း ၂ ခြမ်းတွေကွဲပြီး အကုန်ဗြောင်းဆန်ကုန်တာပါပဲ။ ဗိုလ်နေဝင်းက အာဏာသိမ်းလိုက်တာ အစဉ်အဆက် အခုထိ ငြိမ်းချမ်းရေးမရပဲ သက်ဆိုးရှည်နေတာပါပဲ။

ဒီတစ်ခေါက်တော့ အဲ့လို ကွဲပြဲမှာတွေမဖြစ်စေချင်တော့ပါဘူး။ ဂျပန်တွေကို တော်လှန်ကြတုန်းကလိုမျိုး စုစုစည်းစည်းနဲ့ စစ်ကောင်စီ အာဏာရှင်တွေကို ပူးပေါင်းပြီး တိုက်ကြရင်း ကိုယ်လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်ကြပါစေ။

(အခု ပြည်သူ့ကာကွယ်ရေး တပ်မတော်က ဖဆပလ အလံနဲ့ တူနေတာနဲ့ သမိုင်းပြန်လှန်ပြီး ရှာဖတ်လိုက်တာ အတော် မူးနောက်သွားတာပဲ။ အမှတ် မှားတာတွေလည်း ပါနိုင်ပါတယ် သိရင် ထောက်ပြပေးပါ)

Reference:

  1. ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ အမှားများ ရှင်းတမ်း နှင့် မိုးမခ လက်ရွေးစင် ဆောင်းပါးများ (bitmyanmar.info)
  2. ပြည်တွင်းသောင်းကျန်းမှုသမိုင်း - ဝီကီပီးဒီးယား (wikipedia.org)
Heinko Lwin

Heinko Lwin