စစ်မျက်နှာစာ အသီးသီးဝယ် (On All Fronts) - Clarissa Ward

ယခု တင်ပြမှုသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော CNN သတင်းဌာန ကြီး၏ နိုင်ငံတကာ သတင်းထောက်ချုပ် Mrs. Clarissa Ward ရေးသားသော "On All Fronts" စာအုပ်၏ နိဒါန်းဖြစ်သည်။ (ဘာသာပြန် ရေးသားသူ - လှစိုးဝေ)

အသံဖြင့် နားထောင်ရန်

နိုဝင်ဘာ ၁၁ ၊ ၂၀၁၁

ဒမတ်စကပ်၊ ဆီရီးယား

အသုဘ လိုက်လံ ပို့ဆောင်ကြသည့် တမျှော်တခေါ် ကြီး ရှည်လျှား များပြားလှသော လူအုပ်ကြီးမှာ ကျမရှိရာ ဖက်သို့ တရွေ့ရွေ့ ချဉ်းကပ်လာနေသည်ကို စိုက်ကြည့်နေမိသည်။ အခေါင်းကို အပေါ်သို့ မြှောက်ကာသယ် ဆောင်လာကြပြီး တထောင်ခန့်မျှ ရှိမည် ထင်ရသော လက်များက အခေါင်းကို အလုအယက် ထိကိုင်ကာ ဆုတောင်းပေးနေကြ၍ ဒီယီးဒယိုင်ဖြင့် လမ်းတလျှောက် ရွေ့လျားလာနေသည်။

အခေါင်းကို ထမ်းလာကြသော လူများသည် အေးစိမ်လှသော နေ့လည့်ခင်းတွင်ပင် ချွေးများနှင့် စိုရွှဲနေသည်။ သူတို့၏ ဘေးပတ်ပတ်လည်တွင် လူများက ဘေးမှ အသားချင်း ထိအောင် ဝိုင်းရံ လိုက်ပါလာကြပြီး ကြွေးကြော် သံများကို အော်ဟစ်နေကြသည်။

ကျမလည်း အသုဘ အခေါင်း သယ်ဆောင်နေသူများကို အမှီလိုက်ရန် ကြိုးစားပမ်းစား သွားနေရသည်။ အချို့က ကျမတွင် ကင်မရာ လွယ်ထားသည်ကို မြင်လိုက်ရ၍ လမ်းဖယ်ပေးကြသည်။ သူတို့ တော်လှန်ရေး တွင် ဖြစ်ပျက် ခဲ့သည်များကို ပြန်ပြောပြ စေချင်နေကြသည်မှာ သိသာနေသည်။ ကျမလည်း လူအုပ်ကြီး ကြားထဲ အတင်းတိုး ဝှေ့ကာ အခေါင်း သယ်ဆောင်သူများ၏ ရှေ့ကိုက်အနည်းငယ် အကွာတွင် ရပ်ထားသည့် ထရပ်ကားကြီး တစင်း၏ ဟာလာဟင်းလင်း ဖြစ်နေသော ပက်လက် နောက်တွဲကြီးပေါ်သို့ အမိအရ ခုန်တက်လိုက်သည်။

အခေါင်းကို ဆီရီယား တော်လှန်ရေး၏  ကြယ်နီ သုံးလုံးပါ အလံ ဖြင့် လွှမ်းခြုံထားသည်။ တရားဝင် အလံသည် အစိမ်းရောင် ကြယ် နှစ်လုံးသာ ဖြစ်သည်။

အခေါင်းထဲတွင် အသက် ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေး တဦး၏ သက်မဲ့ ရုပ်အလောင်းက လဲလျှောင်း နေသည်။ သူသည် မနေ့က မှ ဆီရီယား လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ သမ္မတ ဘာရှာ အယ် အာဆတ် အစိုးရအား ဆန့်ကျင်တွန်းလှန်မှု ကြီး အရှိန်အဟုန် နှင့် ဖြစ်ပေါ်လာနေသည့် အရေးတော်ပုံကြီးတွင် နောက်ဆုံး ကျဆုံးသွားခဲ့သည့် အာဇာနည်တဦးလည်း ဖြစ်သည်။

ကျမ က အသက်တချက် ပြင်းပြင်း ရှူသွင်းလိုက်ပြီး ထရပ်ကား၏ ယာဉ်မောင်း ခန်းအပေါ်သို့ ကျမ၏ ခရီးဆောင် ကင်မရာလေးကို လဲမသွားအောင်  အသာ တင်လိုက်သည်။ ကျမ၏ ကင်မရာသည် ကမ္ဘာလှည့် ခရီးသွားများ သုံးလေ့ရှိသည့် အလွယ်တကူ ချိန်ရွယ် ရိုက်ယူရသော အမျိုးအစား ဖြစ်သည်။ အခေါင်းသည် ကျမရှိရာဖက် တဖြေးဖြေး ရောက်လာလေ ကျမ လက်ကို လည်း တတ်နိုင်သမျှ ငြိမ်အောင် ထိန်းထားရလေပင်၊ သေဆုံး သွားသူ၏ မျက်နှာကို ကျမ မြင်လာခဲ့ရပြီ ဖြစ်သည်။ မျက်နှာက ညိုမှိုင်းမှိုင်း ဖြစ်နေသော်လည်း အသားအရည်က ကောင်းနေဆဲပင် ဖြစ်သည်။ မျက်လုံးများက ပိတ်နေသော်လည်း နှုတ်ခမ်းက မဆိုသလောက် ဟ နေသည်။ တခဏ အတွင်းမှာပင် အခေါင်းသယ်သူများ နှင့် ဒေါသတကြီး အော်ဟစ် လိုက်ပါလာသော လူအုပ်ကြီးကြားတွင် ကျမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။

ကျမ ပထမဆုံး လုပ်ကိုင်ခဲ့သော CBS သတင်းဌာန၏ သတင်းထောက် တာဝန်ဖြင့် ဒမတ်စကပ် သို့ ရောက်လာ ခဲ့ခြင်း ဖြစ်သည်။ ကျမသည် အမေရိကန်-အင်္ဂလန် နှစ်နိုင်ငံ၏ နိုင်ငံသားတဦး ဖြစ်၍ အင်္ဂလန် နိုင်ငံကူး လက်မှတ် ကို ကိုင်ဆောင်ထားနိုင်သဖြင့် ကျမအဖို့ ခရီးသွား ဗီဇာကို ရယူနိုင်ခဲ့သော်လည်း ကျမ၏ အစီအစဉ် ထုတ်လွှင့် သူများကမူ မရရှိခဲ့ကြသဖြင့် ကျမ နှင့် အတူ ဓါတ်ပုံသမား လိုက်ပါလာနိုင်ခြင်း မရှိခဲ့ပေ။ ထို့အတွက် ကျမ တွင် ဗီဒီယို ရိုက်ကူးသည့် အတွေ့အကြုံမှာ မဆိုသလောက်သာ ရှိသည်။ ယခု ထွက်လာခဲ့ရသည့် ခရီးစဉ်တွင် တွေ့ကြုံ ရမည့် အန္တရာယ်များကို လျော့တွက်ထား၍ မဖြစ်ပြန်ပေ။ တယောက်တည်း သွားလာနေရသည့် သတင်းသမား တဦး ကို လူမသိ သူမသိ ပျောက်ကွယ်သွားအောင် လုပ်ဖို့ဆိုလျှင် လွန်စွာ လွယ်ကူလွန်းလှသည် မဟုတ်ပါလား။

သို့သော် ကျမသည် ဒီမတိုင်မီက ဆီရီးယားသို့ ကြိမ်ဖန်များစွာ ရောက်ခဲ့ပြီး ဖြစ်သည်။ အာရပ်ဘာသာ စကား ကို ထမင်းစား ရေသောက် ပြောနိုင်စွမ်းလည်း ရှိသည်။  ထို့အပြင် လျှင်မြန်စွာ ကြီးထွားလာနေသော ဆီရီးယား လူထု အုံကြွမှုကြီးကို ကျမ အနေဖြင့် မရမက သတင်းယူချင်နေသော စိတ်က စောနေမိသည်။ ယခု ၂၀၁၁ ဆောင်းဦး ပေါက်တွင် ပုန်ကန်မှုကြီးက အဆူပွက်ဆုံး အနေအထားသို့ လျှင်မြန်စွာ တက်လှမ်းလာနေခဲ့ပြီ ဖြစ်သည်။

ယခု ကျမရောက်ရှိနေသော စျာပန စီတန်းလှည့်လည်ရာနေရာ ဒိုမား မြို့စွန်သို့ အတိုက်အခံ လှုပ်ရှားတက်ကြွ သူများ ခေါ်လာ၍ ရောက်လာခဲ့ရခြင်း ဖြစ်သည်။ ကျမသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကစ၍ ဒမတ်စကပ်သို့ ရောက်နေခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးတွင်မှ ကျမတည်းခို နေသည့် ဟိုတယ် နှင့် ပတ်ဝန်းကျင်တွင် အမြဲလို ရစ်သီ ရစ်သီ လုပ်နေသော လျို့ဝှက် စစ်ပုလိပ်များကို မျက်ခြေဖြတ်နိုင်ခဲ့၍သာ ယခုလို သူတို့နှင့် ဆက်သွယ်မိ ခဲ့ခြင်း လည်းဖြစ်သည်။

နေရာ ဒေသအသီးသီးမှာ ရာပေါင်းများစွာသော လူများ စုရုံးရောက်ရှိလာကြသည့် ဈာပန စီတန်း လှည့်လည် ရာတွင် အမျိုးသမီးများက နောက်ဆုံး တန်းမှ လိုက်ပါလာခဲ့ကြသည်။ သူတို့ရှေ့တွင်တော့ လူများ ရင်ဘောင် တန်း၍ ဆိုင်းဘုတ်များ၊ အလံများကိုကိုင်ကာ ကြွေးကြော် ချီတက်နေကြသည်။ အားလုံးက တရားမျှတမှု နှင့် ဘာရှာ အယ် အာဆတ် ပြုတ်ကျရေးကို တောင်းဆို အော်ဟစ်နေကြသည်။ လူအုပ်ကြီးထဲမှ တယောက်က ဒရမ်ကြီးကို တီးလိုက်သည့် အခါတွင်တော့ ကြွေးကြော်သံများ ကို တိုင်ပေးရန်  ကောင်လေး တဦးကို ပုခုံးပေါ်သို့ မြှောက်တင်ပေးလိုက်ကြသည်။ ကောင်လေး က "လူလိမ် ဘာရှာ၊ မင်း နဲ့ မင်း စကားတွေ အလိုမရှိ၊ လွတ်မြောက် ရေး က ငါတို့ တံခါးဝမှာ" ဟု အော်ဟစ်လိုက်သည်။

လူအုပ်ကြီးထံမှ "ဘာရှာ ထွက်သွား" ဟူသော အသံများ ပြိုင်တူ ထွက်ပေါ်လာကြသည်။ အဆိုပါ ကြွေးကြော် သံက ဆီရီးယား အရေးတော်ပုံ၏ တောင်းဆိုသံ လည်း ဖြစ်သည်။ လူထုတော်လှန်ရေးကြီးက ဒမတ်စကပ် မြို့စွန်၊ ဟွန်း နှင့် ဟာမာ မြို့များ တွင် အင်အားကောင်းလာခဲ့ပြီး အာဆတ်၏ အုပ်ချုပ်ရေးကို အကြီးအကျယ် ခြိမ်း ခြောက်လာနေသည်။

၂၀၁၁ ခုနစ်အတွင်း ဆီးရီးယားနိုင်ငံရှိ ဆန္ဒပြမှုများ နှင့် သေဆုံးမှုများဖြစ်ပွားရာ မြေပုံ

ကျမသည် လူပင်လယ်ကြီး တရွေ့ရွေ့ သွားနေသည်ကို ကြည့်လိုက်မိပြန်သည်။ လူများမှာ အော်ဟစ်သံများ နှင့် အတူ လက်ထဲက လက်ကိုင်ဖုန်းများကို အပေါ်သို့ မြှောက်ကာ ဆန္ဒပြနေသည်များကို ဆိုရှယ်မီဒီယာများတွင် ထုတ်လွှင့်နိုင်ရန် ရိုက်ယူနေကြသည်။ အေးမြသော နိုဝင်ဘာလ၏ လေထုက သူတို့၏ အသံများ၊ တက်ကြွလှုပ် ရှားနေသော စွမ်းအားများကြောင် အက်ကွဲပြိုလဲစ ပြုလာနေပြီ ဖြစ်သည်။

အားလုံးသည်သွေးများ ကြွလာကြပြီး အသံများကို ပို၍ ဆူညံမြည်ဟီးစွာ ထွက်ပေါ်လာနေသည်။ လက်ခုပ်သံများ ဟိန်းထွက်လာနေသည်။ ရင်ထဲတွင် အံ့အားသင့်မှုများ၊ စိတ်လှုပ်ရှားနေ မှုများနှင့်အတူ ကျမ၏ ခြေထောက်များ လည်း စည်းချက်နှင့် အညီ အလိုလို လှုပ်ရှားနေမိသည်။

"ဘာရှာ မင်းကိုရော၊ မင်းကို အလေးပြုနေသူတွေပါ အလိုမရှိ"

ထိုနှစ် အစောပိုင်း အာရပ်နွေဦးတော်လှန်ရေးဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သည့် တူနီရှား၊ လစ်ဗျား နှင့် အီဂျစ် တို့ရှိ အာဏာရှင်များ  ပြုတ်ကျသွားခဲ့ပြီး ချိန်ကစ၍  ဆန္ဒပြနေသူများက ၎င်းတို့ အတွက် ထိုသို့ အချိန် ရောက်လာရန် စောင့်ဆိုင်းနေခဲ့ကြခြင်းလည်း ဖြစ်သည်။

ထိုအချိန်မှာ အာဆတ်က Wall Street Journal နှင့် အင်တာဗျူးတွင် "ယခု ဖြစ်နေတာ အရှေ့အလယ်ပိုင်းဗျ၊ ဒါမျိုး အသစ်အဆန်းတွေက အပတ်တိုင်းလိုလို တခုမဟုတ် တခု ဖြစ်နေကျပဲလေ" ဟု ထိုနိုင်ငံများတွင် ဖြစ်ပျက်နေမှုများက ၎င်းကို ထိခိုက် ပတ်သက်လာလိမ့်မည် မဟုတ်ဟူသော ယုံကြည်ချက် အပြည့်နှင့် ပြောဆိုခဲ့ဖူးသည်။ ထိုအစား ပြုပြင် ပြောင်းလဲမှုများ ပေါ်ပေါက်အောင်သာ တွန်းအားပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ၎င်း၏ ခန့်မှန်းချက်များက အကြီးအကျယ်ကို မှားယွင်းသွားခဲ့လေသည်။

(၂)

၂၀၁၁ မတ်လ ၆ ရက်နေ့ တွင် ဆယ်ကျော်သက် အရွယ် လူငယ်လေးများသည် အိမ်နီးချင်း နိုင်ငံများတွင် အရှိန်အဟုန်နှင့် ဖြစ်ပေါ်နေသော လူထု ဆန္ဒပြပွဲများကို အားကျလာခဲ့ပြီး “ပြည်သူများ မှ အုပ်ချုပ်သူများ ပြုတ်ကျရေး ကို လိုလားနေကြပြီ” ဟူသော စာသားအား ၎င်းတို့ နေထိုင်ရာ ဒါရာရား မြို့လည် အုတ်တံတိုင်း ပေါ်တွင် မှုတ်ဆေးဖြင့် ရေးသားခဲ့ကြသည်။

ဒါရာရားသည် ဂျော်ဒန်နယ်စပ်အနီးရှိ မထင်မရှား မြို့ငယ်လေးတခုသာ ဖြစ်သည်။ သို့သော် ဒေသတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များက လျှင်မြန်စွာ တုန့်ပြန်လာခဲ့ကြပြီး လူငယ်များကို ဖမ်းဆီးခဲ့ကြသည်။ နောက်ပိုင်း နှစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့သဖြင့်  နှိပ်စက်ထားသည့် ဒဏ်ရာဗလပွ နှင့် မိဘများ အိမ်သို့ ပြန်ရောက် လာခဲ့ကြသည်။ မိမိတို့ ရင်သွေးများ ၏ အဖြစ်ကို မြင်လိုက်ရသော  မိဘများမှာ ဒေါသပေါက်ကွဲကာ ပြည်နယ် အုပ်ချုပ်ရေးမှူး နေအိမ်သို့ ချီတက်ပြီး ထိုသို့ နှိပ်စက်ခံရသည်ကို တရားဥပဒေနှင့် အညီ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

သို့သော် သူတို့တောင်းဆိုခဲ့မှုကို ကျည်ဆံများနှင့် လက်တုန့်ပြန်ခြင်းဖြင့် ဆီးကြိုခံခဲ့ကြရသည်။ ကန့်ကွက် ဆန္ဒပြသူ သုံးဦး သေဆုံးသွားခဲ့မှု နှင့်အတူ ဆီရီးယား တော်လှန်ရေးကြီးက ပေါက်ဖွားလာခဲ့ပြီဖြစ်သည်။

ထို့နောက်တွင်တော့ သေဆုံးသူများ၏ ဈာပန အခမ်းအနားများသည် လူထု ဆန္ဒပြပွဲကြီး အသွင် ပြောင်းလဲ လာခဲ့သည်။ စစ်တပ်က ထပ်မံ ပစ်ခတ်ပြီး အများအပြား သေဆုံးသွားကြပြန်၍ နောက်ထပ် ပို၍ များပြားသော ဈာပန အခမ်းအနားဖြင့် လူထု ကြီးသည် အုံနှင့် ကျင်းနှင့် လမ်းပေါ် ထွက်လာကြပြန်ရာ သံသရာ လည်လာ ခဲ့သည်။ နိုဝင်ဘာလ ရောက်လာသည့်တိုင် နေ့စဉ်လို ဈာပန အခမ်းအနား တဒါဇင်ခန့် နှုန်းဖြင့် ဆီရီးယား နိုင်ငံ အနှံ့အပြားတွင် ထွက်ပေါ်နေဆဲ ဖြစ်သည်။

လူထုကြီးက “လွတ်မြောက်ရေး... လွတ်မြောက်ရေး” ဟု ကြွေးကြော်သံများ ဟစ်ကြွေးလာနေကြသည်။ အာဆတ်၏ လူများသတ်ဖြတ်နေခြင်းကို ကာကွယ်ပေးရန် No-Fly Zone ပြဌာန်းပေးရန် လည်း တောင်းဆို လာကြသည်။ သူတို့အားလုံးက လစ်ဗျားတွင် ကဒါဖီ၏ တပ်များ ဘင်ဂါဇီ သို့ ချီတက်လာနေသည်ကို ဟန့်တား ရန် အနောက်နိုင်ငံ များမှ ဂျက်တိုက်လေယာဉ်များ ဖြင့် ဝင်ရောက် အကာအကွယ် ပေးလာသည်ကို မြင်ခဲ့ရ၍ အလားတူ တောင်းဆိုလာကြခြင်းလည်း ဖြစ်သည်။ သူတို့ကိုလည်း အနောက်နိုင်ငံများက လုပ်ပေးကြလိမ့် မည်ဟု ယုံကြည်နေခဲ့ကြသည်။ နောက်ပိုင်းတွင် ဖြစ်မလာခဲ့၍ သူတို့၏ ယုံကြည်မှုများက မည်မျှအထိ ခါးသီးလှသည့် စိတ်ပျက်မှုများ အဖြစ် ပြောင်းလဲသွားခဲ့ရမည် ဆိုသည်ကို ကိုယ်ချင်းစာ ကြည့်နိုင်ပေသည်။

၂၀၁၁ ခုနစ် ဆီးရီးယား ပြည်သူများမှ No Fly Zone တောင်းဆိုနေကြစဉ် (Photo: European Pressphoto Agency)

လတ်တလော အချိန်တွင်တော့ ကျမလည်း စိတ်လှုပ်ရှားမှုများ နှင့် အတူ စိုးရိမ်ကြောက်ရွံ့နေမှုများ ရောပြွမ်းကာ ယစ်မူးတွေဝေပြီး မျောပါနေမိသည်။ လူထု စုဝေးပွဲများကို ရက်စက်ကြမ်းကြုပ်ရာတွင် နာမည်ဆိုးဖြင့် ကျော် ကြားနေသော အာဆတ်၏ အရပ်သား ပြည်သူစစ်များမှ ပြစ်မှတ်ထားကာ နှောက်ယှက်ခြင်းကို မကြာခဏ ခံကြရလေ့ရှိသည်။ ၎င်းတို့ကို “ရှာဘီဟာ” ဟု ခေါ်ကြသည်။ အာရပ်ဘာသာ ဖြင့် တစ္ဆေသူရဲများဟု အဓိပ္ပါယ် ရပေသည်။ ၎င်းတို့သည် အရပ်သားများလို ဝတ်စားထားပြီး မထင်မှတ်သည့် နေရာများမှ ဗြုန်းဆို ရောက်ရှိ လာတတ်ကြသည်။

လူများမှာ ၎င်းတို့ကို ကြောက်ရွံ့နေကြရသည်။ ထိုတစ္ဆေသူရဲများက လူထုကို အညှာတာ ကင်းမဲ့စွာ ရိုက်နှက် တတ်ရုံမက ဒလန်များ အဖြစ်လည်း မည်သည့် အိမ်က ဆန္ဒပြပွဲတွင် ပါဝင်နေသည် ဆိုသည်ကို အာဏာပိုင် များအား သတင်းပေးတတ်ကြပြန်၍ ဖြစ်သည်။ ထိုသို့ ယူနီဖောင်း ဝတ်မထားကြ၍လည်း မည်သူမည်ဝါသည် ရှာဘီဟာ ဖြစ်သည်ကို သိနိုင်စွမ်း မရှိကြပေ။ ထိုသို့သော အနေအထားတွင် အနောက်တိုင်း သတင်းထောက် တဦးကို စကားစမြည်ပြောဆိုခြင်းသည် မိမိကိုယ် မိမိ သေဒဏ်စီရင်ခြင်းမျိုးသာ ဖြစ်ပေမည်။ (သို့သော် မစ္စက် ဝပ်ဒ်သည် မြန်မာပြည်တွင်တော့ လူမြင်ကွင်းတွင် လိုက်လံမေးမြန်းခဲ့သည်က အံ့ဩစရာပင် ဖြစ်ပြီး သူမအား လက်ခံစကားပြောခဲ့သူများ ဘယ်ရောက်လို့ ရောက်မှန်း မသိ ပျောက်ကွယ်သွားခဲ့ရခြင်း အတွက် သူမတွင် တာဝန်မကင်းပေ။ RFA သတင်းအရ ယခု အာဏာသိမ်းအဖွဲ့ထံ ထိုကိစ္စကို စုံစမ်း မေးမြန်းနေသည်ဟု သိရသည် -- စာရေးသူ)

သို့သော် ကျမရောက်နေသည့် ဒိုမာ မြို့တွင်တော့ ကျမကို သတင်းထောက်မှန်း သိသွားလျှင် သိသွားခြင်း လူများသည် သူတို့ ကြုံတွေ့နေရသည်များကို ပြောပြချင်ကြသည်။ ထို့အတွက် သူတို့၏ ရဲရင့်မှုကို ကျမ အံ့ဩလေးစားမိခဲ့သည်။

ကင်မရာ လွယ်ပြီး လျှောက်လာသော ကျမကို တွေ့သွားသည့် လူတဦးက တားပြီး အင်္ဂလိပ်လို ပြောလာ၍ ကျမလည်း သူပြောသည်များကို အသံသွင်းယူခဲ့သည်။

သူ၏ အသံမှာ စိတ်ခံစားမှုများကြောင့် တုန်ယင်နေသည်။ “အခု ခင်ဗျား မြင်တွေ့နေရတာက တကယ့် ဆီရီးယား ပါ၊ ခင်ဗျား သွားမယ် ဆိုရင် တွေ့ရမှာက ကျောက်တုံးတွေ မဟုတ်ဖူး၊ ကစားစရာ အရုပ်တွေလည်း မဟုတ်ဘူး၊ တကယ် လူသေအလောင်းတွေကို မြင်ရမှာပါ” ဟု ကျမကို တောင်းပန်တိုးလျှိုးခဲ့သည်။

ဤသို့ဖြင့် ကျမသည် အုံကြွမှုကြီး အတွင်း သေဆုံးခဲ့သူများ၏ အလောင်းများ မြှုပ်နှံထားရာ သင်္ချိုင်းသို့ လူတစု ၏ ခေါ်ဆောင်ခဲ့မှုကြောင့် ရောက်သွားခဲ့ရသည်။ စုစုပေါင်း အယောက် ခြောက်ဆယ်ခန့်ကို ညီညီညာညာ အတန်းလိုက် မြှုပ်နှံထားသည်ကို တွေ့ခဲ့ရသည်။ သူတို့ကို “ရှုဟာဒါများ” (သူရဲကောင်း အာဇာနည်များ) ဟု ခေါ်ဆိုခဲ့ကြသည်။ ထိုအထဲတွင် မြေပုံ၏ ခေါင်းရင်း မှတ်တိုင်ပေါ် တွင် ပြုံးနေသည့် လူငယ်ကလေး တဦး၏ ပုံကို တွေ့လိုက်ရသည်။ ကျမ နားထဲတွင် “သူတို့ဟာ ကစားစရာ အရုပ်ကလေးတွေ မဟုတ်ဘူး” ဆိုသော စကားကို ပြန်လည်ကြားယောင်လာမိသည်။

ထိုသို့သော ရှားဟိ (Shaheed- တဦးချင်းကို ခေါ်ဆိုသည်)  သူရဲကောင်း တဦးစီ သည် ပူဆွေးသောက ရောက်သူများကို ချန်ထားရစ်ခဲ့ပြီ ဖြစ်သည်။ ဈာပန အခမ်းအနား မတိုင်မီ တရက် က အပ်ချုပ်ဆိုင်မှ လူတဦးနှင့် ကျမ ကို မိတ်ဆက်ပေးခဲ့သည်။ သူသည် ခုံရှည်တလုံးပေါ်တွင် ထိုင်၍ အသံမထွက်အောင် ရှိုက်ငိုနေသည်။ မျက်လုံးများက အောက်ကိုသာ စိုက်ကြည့်နေရင်း သူ၏ သားဖြစ်သူ သေဆုံးခဲ့ရသည့် အကြောင်းကို ပြောပြခဲ့သည်။ သူ၏ အသံက တိုးညှင်းလှသဖြင့် ကျမမှာ မနည်း အားစိုက် နားထောင်ခဲ့ရသည်။

သူ၏ သားသည် တက္ကသိုလ်ရှိ ဆန္ဒပြပွဲသို့ သွားရောက်ခဲ့စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်လာပြီး စတင် ပစ်ခတ်ခဲ့သည်။ ထို့နောက် ဆက်မပြောနိုင်တော့ဘဲ တသိမ့်သိမ့် ရှိုက်ငို၍ နေပြန်သည်။ သူ၏ လက်များက ပူဆွေးသောက နှင့် ထိတ်လန့်မှုများ ရောယှက်နေ၍ ဂနာမငြိမ်ပဲ လှုပ်ရှားနေသည်။ ကျမလည်း လူသား တယောက် ပီပီ လက်ထဲက ကင်မရာကို ဘေးချပြီး သူ့လက်များကို ဆုတ်ကိုင်ကာ အားပေးချင်မိသော်လည်း သူပြောချင်သည်များကို လူများ ကြားရအောင် ပြုလုပ်ပေးခြင်း သည်သာ သူ့ကို ကူညီနိုင်သည့် တခုတည်းသော နည်းလမ်း ဖြစ်သည်ကို ကျမ သိလိုက်သည်။ ထို့အတွက် ကျမ က သူဆက်ပြောအောင်သာ “အဲ့တော့ ဘာဖြစ်လဲ” ဟု မေးလိုက်သည်။

တက္ကသိုလ် ကျောင်းဝင်းရှိ လှေကားထစ်များ ပေါ်တွင် ဝမ်းဗိုက်ကို ကျည်ဆံထိမှန်သွားခဲ့ရသည်ဟု ဆိုသည်။ ဆေးရုံကလည်း အစိုးရတပ်များ၏ ရန်ကိုကြောက်၍ လက်ခံ ကုသပေးခဲ့ခြင်းမရှိသဖြင့် သားဖြစ်သူသည် သွေးလွန်၍ သေဆုံးသွားခဲ့ရသည်ဟု ပြောရင်း သူ၏ စကားသံများက ဆို့နင်မှုများကြောင့် အက်ကွဲထွက် လာသည်။ ကျမ၏ ရင်ထဲတွင် စူးရှနာကျင်လာခဲ့ရသော်လည်း မျက်ရည်များကို လက်ခုံဖြင့် သုတ်နေသည့် သူ၏ ပုံကို အမိအရ ရိုက်ယူခဲ့ရသည်။

(၃)

ကျမအဖို့ အတိုက်အခံများ နှင့် အဆက်အသွယ်ရအောင် ရက်သတ္တပေါင်းများစွာ သုတေသနပြု၊ Skype ကို သုံး၍ ဖုန်းအကြိမ်ကြိမ် ဆက်ပြီး ကြိုးစားခဲ့ရသည်။ ၂၀၁၁ အကုန်ပိုင်းလောက်တွင် အတိုက်အခံများဖက်က အာဏာ ပိုင်များ၏ ရက်ရက်စက်စက် မရပ်မနား ပြုကျင့်နေသည့် ဒဏ်ကို အလူးအလှိမ့် ခံလာနေရသည့် အချိန်ဖြစ်သည်။ တက်ကြွ လှုပ်ရှားသူ များစွာလည်း ထောင်သွင်း အကျဉ်းချ ခံနေကြရပြီး၊ အချို့လည်း အစဖျောက်ခြင်း ခံခဲ့ကြ ရသည်။ အဖမ်းခံထားရသူများအား နိုင်ထက်စီးနင်း နှိပ်စက်ညှင်းပမ်းခံနေရသည့် သတင်းများလည်း ပျံ့နှံ့လာ နေခဲ့သည်။

ရောက်စ ပထမ ရက်အနည်းငယ်တွင် ကျမလည်း ဗီဇာတွင် ခွင့်ပြုထားသည့် အတိုင်း ကမ္ဘာလှည့် ခရီးသွား တယောက် အသွင် ဟန်ဆောင်နေရသည်။ တရက်တွင်တော့ ကျမ ခေါင်းကို ဟိဂျက် ခေါ် ပုဝါ နှင့် ပတ်လိုက်ပြီး ဟိုတယ် ပတ်ဝန်းကျင်တွင် စီးကရက် လက်ကြားက မချ စောင့်ကြည့်နေတတ်သည့် စစ်ပုလိပ်များ မျက်စိ   အောက်မှ အသာ လစ်ထွက်လာခဲ့သည်။

ကျမ၏ ရွှေဝါရောင် ဆံပင်များကို ပုဝါ အောက်တွင် လုံလုံခြုံခြုံ ထည့်သွင်းထားခဲ့သည့် အခါတွင် ကျမသည် သူလို ကိုယ်လို ဖြစ်သွားပြီး လူများ အကြား ကိုယ်ရောင် ဖျောက်နိုင်ခဲ့သည်။  ကျမကို နိုင်ငံခြားသူ တယောက်ဆိုကာ လူများက စိုက်ကြည့်ခြင်း ခံခဲ့ရသည့် အရင်ရက်များနှင့် မယုံနိုင်လောက်အောင် ကွာခြားသွားခဲ့ရသည်။ နောက် ပိုင်း ဆီရီးယားသို့ သတင်းယူရန် တာဝန်ဖြင့် ရောက်လာတိုင်း ဟိဂျက် ကိုသာ ခြုံ၍ သွားလာခဲ့သည်။ ကျမ အတွက် လုံခြုံရေး ပိုင်းတွင် သိသိသာသာ စိတ်ချရအောင် ခပ်လျိုလျို သွားလာနိုင်ခဲ့၍ ကျမသည် ဖြစ်ပေါ်နေသည် များကို သူလို ကိုယ်လို လူတယောက် အဖြစ် ဘေးမှ ရပ်ကြည့် အကဲခတ်ခွင့် ရလာခဲ့ပြီး အရင်ကလို အများ၏ အာရုံစိုက်ခြင်းကို မခံခဲ့ရတော့ပေ။

ကလာရီဆာ ဝပ်ဒ် အား ဆီးရီးယားတွင် တွေ့ရစဉ် (Photo - CBSNews)

ကျမ လို ရုပ်မြင်သံကြား သတင်းထောက် တဦး အနေဖြင့် အမြဲလို ကင်မရာ လွယ်ကာ သွားလာနေရသဖြင့် လူအ များ၏ အာရုံစိုက်ခြင်းကို မလွှဲမသွေ ခံခဲ့ရစမြဲလည်း ဖြစ်သည်။ ကျမ၏ လှုပ်ရှားမှုများကို တတ်နိုင်သမျှ အာရုံ မစိုက်မိစေနိုင်အောင် လုပ်နိုင်လေ အကျိုးရှိလေပင် ဖြစ်သည်။

ကျမ နောက်ကို နောက်ယောင်ခံ လိုက်လာခြင်းမျိုး မရှိအောင် ဂရုစိုက်နေရင်းက ဆီရီးယား မြို့တော်၏ လမ်းကြို လမ်းကြားများကို ဖြတ်ကာ ဟူစိန် ဆိုသည့် တက်ကြွလှုပ်ရှားသူ တဦး ထံ အရောက်သွားခဲ့ရသည်။ ဟူစိန် နှင့် ကျမသည် အွန်လိုင်းမှတဆင့် အဆက်အသွယ် ရခဲ့ပြီး ကျမ ခရီးစဉ်အတွက် တာဝန်ယူ ဆောင်ရွက်ပေးမည့်လူ ဖြစ်လာခဲ့သည်။ မနေ့ည က ကျမနှင့် Skype မှ တဆင့် ညဉ့်နက်သည်အထိ ဘယ်အချိန် ဘယ်နေရာတွင် တွေ့ရမည် ဆိုသည်ကို အသေးစိတ် ဆွေးနွေး ဖြစ်ခဲ့သည်။ နောက်ဆုံး မြို့ဟောင်းသို့ ဝင်ပေါက် ခုနှစ်ခု ရှိသည့် အနက် တခု ဖြစ်သည့် ဘက် တောမာ ဆိုသည့် နေရာ၌ နောက်နေ့ မနက် ရှစ်နာရီတွင် တွေ့ရန် အချိန်းအချက် ပြုခဲ့သည်။ နောက်ပိုင်း ငါးရက်လုံးလုံး သူနှင့် အတူ ရှိနေခဲ့သည်။

ဟူစိန်သည် မျက်နှာ ဝိုင်းဝိုင်း နှင့် အမြဲလို ပြုံးနေလေ့ရှိသူ ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် မုတ်ဆိပ်မွှေး ရေးရေး လေး အမြဲလို ရှိနေတတ်သည်။ အားကစား ဘောင်းဘီရှည် နှင့် ပလပ်စတစ် ခြေညှပ်ဖိနပ်ကို အမြဲလို ဝတ်ဆင် ထားတတ်ပြီး ညလုံးပေါက် စာကြည့်တတ်သည့် တက္ကသိုလ်ကျောင်းသား တဦး အသွင်ပေါက်နေသည်။ မြို့ ဟောင်းဖက်ရှိ အိမ်ရှေ့တွင် ခြံလေး ရှိသည့် သူ့အိမ်တွင်ပင် စတည်းချခဲ့သည်။ ကြောင်များလည်း မွေးထားသဖြင့် ကျမတို့ စကား‌ စမြည်ပြောနေစဉ် အဖြူရောင်ကြောင်ပေါက်စလေးများသည်  သူ့ပေါင်ပေါ် သို့ တက်လာတတ်ပြီး တခါတရံ ဆိုဖာကို ကုတ်ခြစ်နေတတ်ပြန်သည်။

သူနှင့် ကျမ ရှိနေစဉ် ရက်များ အတွင်း တွေ့ခွင့်ရခဲ့သော တက်ကြွလှုပ်ရှားသူ အားလုံးသည် ဟူစိန်လိုပင် တော် လှန်ရေးကြီး တွင် ပါဝင်ခွင့် ရခဲ့သည့်အတွက် စိတ်လှုပ်ရှားမှု များ နှင့် အတူ အားတက်သရော ရှိနေကြသည်။ ညပိုင်းများတွင် ဟူစိန်သည် သူ့မိတ်ဆွေများ ရှိရာ တိုက်ခန်းများသို့ ကျမကို ခေါ်သွားတတ်သည်၊ ကျမတွေ့ခဲ့ရသူ အများစုသည် မြို့ပြ ပညာတတ်များ ဖြစ်ပြီး ဆွန်နီ မူဆလင်များ၊ ခရစ်ယာန်များ၊ အာလာဝီများ ရောထွေးနေ သည်။

၎င်းတို့၏ တော်လှန်ရေးကြီးသည် ပထမပိုင်းတွင် မြင့်မားသည့် စိတ်ကူး စိတ်သန်း အတွေး အခေါ်များ နှင့် အရှိန် အဟုန် ကောင်းစွာ စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် အစ္စလမ် အသွေး အရောင်များ ပါဝင် ပတ်သက်လာသည်။

ကျမသည် စီးကရက်ကို တလိပ်ပြီး တလိပ်သောက်နေသော သူတို့နှင့် အတူ ထိုင်ကာ တော်လှန်ရေးကြီးသည် မည်သို့ မည်ပုံ ခရီးပေါက်လာနေသည့် အကြောင်းများ ပြောနေသည်ကို နားထောင် ဖြစ်ခဲ့သည်။ ထိုအချိန်က သူတို့အားလုံးသည် လွတ်လပ်ခွင့်ရရေး၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေးများ ကို စိတ်ပါလက်ပါ ပြောနေခဲ့ ကြသည်။ သို့သော် သူတို့ပြောနေသည်များကို တည်ဆောက်သွားရန် လိုအပ်သည့် အခြေခံ အုတ်မြစ်များ အင်စတီကျူးရှင်းများ နှင့် ပတ်သက်၍  လေ့လာမှု အားနည်းနေပြီး ထိတွေ့မှုလည်း မရှိခဲ့ကြသေးဟု ကျမ စိတ်ထဲတွင် ခံစားနေမိသည်။

ဟူစိန်သည် ကျမကို ဆန္ဒပြ လှုပ်ရှားမှုကြီးတွင် အဓိက အခန်းမှ ပါဝင်နေသည့် ရာဇန် ဇိတူနာ ဆိုသူ အမျိုး သမီးနှင့် မိတ်ဆက်ပေးခဲ့သည်။ သူမမျက်နှာသည် ဖျော့တော့တော့ နှင့် ဖြစ်ပြီး ပိန်ပိန်ရှည်ရှည် နှင့် ဖြစ်သည်။ သူမ၏ ဆံပင်များက ညိုမှောင်းမှောင်း နှင့် လှိုင်းတွန့်လေးများ သဖွယ် ခွေကျနေသည်။ မျက်လုံးများက အပြာရောင်လွှမ်းပြီး အရည်လဲ့နေပြီး ရှေ့သွား အချို့ ကျဲနေသည်ကို သတိထားမိလိုက်သည်။

ပြုံးခြင်း ရယ်ခြင်း မတွေ့ရသလောက် ဖြစ်ပြီး စကားပြောနေရင်း စီးကရက်ကို တလိပ်ပြီး တလိပ် မီးညှိ သောက်နေသည်။ ရာဇန်သည် ဟူစိန် နှင့် ဟူစိန် အပေါင်းအသင်းများ နှင့် မတူ ကွဲပြားသူ ဖြစ်သည်။ သူမသည် လူ့အခွင့်အရေး ဆိုင်ရာ ရှေ့နေတဦးဖြစ်ပြီး အာရပ်နွေဦး မတိုင်မီ ကာလများကပင် ဆီရီးယားတွင် နှစ်ပေါင်း များစွာ ကြာအောင် လှုပ်ရှားနေသူလည်း ဖြစ်သည်။

သူမ ၏ စကားများက တုံးတုံးတိတိ နှင့် ဖြစ်သော်လည်း ယုံကြည်မှု အပြည့်ရှိနေသည့် လေသံပေါက်နေသည်။ သူမ တို့အားလုံး မည်ကဲ့သို့သော အန္တရာယ်မျိုး နှင့် ရင်ဆိုင်စရာ ရှိနေသည်ကို ကောင်းစွာ သိနားလည်ထား သူလည်း ဖြစ်သည်။

ဆီရီးယား အာဏာပိုင်များသည် သူမ နောက်သို့ တကောက်ကောက် ခြေရာခံ လိုက်နေ၍ ယခု အခါ အဖမ်း မခံရအောင် ပုန်းနေရချိန်လည်း ဖြစ်သည်။

တရက်တွင် ဟူစိန်၏ တိုက်ခန်း၌ လ္ဘက်ရည် အတူ သောက်ရင်းက "ရှင် မကြောက်ဖူးလား" ဟု ကျမ မေးလိုက်မိသည်။

"မကြောက်ပဲ ဘယ်နေပါ့မလဲ" ဟု စီးကရက်ကို ရှိုက်ဖွာလိုက်ရင်းက သာမန်ကာ လျှံကာပင် ပြန်ဖြေလိုက်သည်။ စကားပြောနေရင်းက ပေါင်ပေါ်ရှိ ကြောင်လေးကို အမှုမဲ့ အမှတ်မဲ့ ပွတ်သတ်နေပြန်သည်။ "ဒါပေမယ့် ကျမတို့ လုပ်စရာ ရှိတာ ဆက်လုပ်ရမှာပဲလေ၊ ကျမတို့ တော်လှန်ရေးကြီး ဆင်နွှဲဖို့ ဆုံးဖြတ်ခဲ့ကြပြီးပြီ၊ ဒီလို ဖြစ်လာအောင် ကျမတို့ ကာလ အတော်ကြာကတည်းက စိတ်ကူးယဉ်နေခဲ့ကြတာပဲကိုး"

ပြောပြောဆိုဆို နှင့် စီးကရက်ကို ပြာခွက်ထဲ ထိုးချေလိုက်ရင်း "ကဲ..လာ သွားကြစို့"

(၄)

ရာဇန် နှင့် ဟူစိန်က ကျမကို ဒိုမားရှိ စျာပန စီတန်းလှည့်လည်ရာသို့ ခေါ်လာခဲ့သည်။ မူဆလင် အထွတ် အမြတ် နေ့ဖြစ်သည့် သောကြာနေ့တိုင်းတွင် ဆန္ဒပြ ကန့်ကွက်ပွဲများ တိုး၍ တိုး၍ ဖြစ်ပေါ်လာနေသည်။ မကြာခဏ ဆိုသလို၊ ရုတ်ခြည်းဆိုသလို၊ ဆန္ဒပြသူများသည် ဘယ်နေရာကမှန်းမသိ ထွက်လာကြခြင်းဖြစ်သည်။ ထို့နောက် ကြွေးကြော်သံများ ဟစ်ကြွေးပြီး လူအုပ်ကြီး ဖြစ်လာချိန်တွင် ချက်ခြင်းဆိုသလို လူစုခွဲလိုက်ကြသည်။ “ငါတို့အခု ဒီမှာ၊ ငါတို့ ကြောက်သွားမယ် မထင်နဲ့” ဟူသော သဘောကို ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။

နေ့လည်ခင်းတခုတွင် ကျမကို ဆန္ဒပြရာမှ ဒဏ်ရာရလာသူများကို ကုသရန် ဖွင့်လှစ်ထားသည့် မြေအောက် ဆေးခန်းတခုသို့ ခေါ်သွား၍ ဆရာဝန်များ နှင့် တွေ့ခွင့်ရခဲ့သည်။ အုတ် နံရံတခု တွင် လူသွား၍ရအောင် လျို့ဝှက်ဖေါက်ထားသည့် အပေါက်မှတဆင့် အပေါ်သို့ တွယ်တက်ခဲ့ရာ ဆေးပစ္စည်းမျိုးစုံ စုဆောင်းထားသည့် နေရာကို တွေ့လိုက်ရသည်။ ပတ်တီးများ၊ ပဋိ‌ဇီဝဆေးများ၊ ဆေးထိုးအပ်များ၊ မြင်ရသည်နှင့် ထိတ်လန့်စရာ ကောင်းသည့် အသားကို ချုပ်သည့် Stapler များပါ တွေ့လိုက်ရသည်။

အာဏာပိုင်များက ရက်စက်စွာ ပြုကျင့်နေကြသော်လည်း ယခုအချိန်အထိ အကြမ်းဖက်ခြင်းကို ရှောင်ရှားခဲ့ ကြသည့် သတ္တိ နှင့် ဇွဲ မှာ အားကျ အတုယူဖွယ်ပင် ဖြစ်သည်။ ဒမတ်စကပ် မြို့စွန်ရှိ ဆန္ဒပြပွဲ တခုသို့ ရောက်ခဲ့ စဉ်တညတွင် မျက်နှာများကို ဖုံးထားသည့် အမျိုးသမီး နှစ်ဦး ကျမအနားကပ်လာပြီး စာရွက်တရွက်ကိုပေးခဲ့ သည်။ လက်ရေးမှာ ကလေးတယောက်၏ အရေးအသားမျိုး ဖြစ်သော်လည်း သပ်သပ်ရပ်ရပ်နှင့် ဖြစ်သည်။ စာရွက်၏ ထိပ် ဘယ်ဖက် ဒေါင့်တွင် ဆီရီးယား တော်လှန်ရေး အလံကို ဘောပင် နှင့် ရေးခြယ်ထားသည်။ စာရွက်ပေါ်တွင် “ကျွန်မတို့ အာဇာနည်တွေ အတွက် မျက်ရည် မကျဘူး၊ သူရဲဘောကြောင်သူတွေ အတွက်သာ မျက်ရည်ကျမိတယ်” ဟု ရေးထားသည်။

၂၀၁၁ ကုန်ပိုင်းအထိ ဆန္ဒပြမှုများ နေရာတွင် ခုခံ တွန်းလှန်မှုများက နေရာယူလာခဲ့သည်နှင့်အမျှ လက်နက်ကိုင် အုံကြွမှုကြီး ပေါ်ပေါက်လာခဲ့သည်။ ဓါးကို ဓါးခြင်း၊ လှံကို လှံခြင်း ရင်ဆိုင်လာခဲ့ကြပြီ ဖြစ်သည်။ ဒိုမား ရှိ ဈာပန အခမ်းအနားတွင် ဆိုင်းဘုတ်တခု ကိုင်ဆောင်လာသည့် လူတဦး ကျမအနား ရောက်လာသည်။ ဆိုင်းဘုတ် တွင် “လွတ်လပ်သော ဆီရီးယား တပ်မတော် မှ ကျွန်တော်တို့ ဖက်ကို ကိုယ်စားပြုပြီး ကာကွယ်ပေးနေသည်” ဟု ပါရှိသည်။ အတိုကောက်အားဖြင့် FSA ဟု ပြောဆိုသုံးစွဲကြသည် Free Syrian Army ကို ဇူလိုင်လ တွင် ဖွဲ့စည်း ခဲ့ကြပြီး အများအားဖြင့် လူထုကို ပစ်ခတ်ရန် ငြင်းဆန်ကာ ဘက်ပြောင်းလာကြသည့် ဆီရီးယား စစ်သား အများစု ပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လွတ်လပ်သော ဆီးရီးယား တပ်မတော် မှ တပ်သားများ

FSA ပေါ်ပေါက်လာခြင်း အပေါ် ရာဇန် နှင့် ဟူစိန်တို့အကြား အမြင်ချင်း မတူညီကြပေ။ ဟူစိန်က FSA သည် ဆန္ဒပြပွဲများတွင် စည်းသဖွယ် ကာရံပြီး အကာအကွယ်ပေးရန် အတွက် ဖြစ်သည်ဟု ဆိုသည်။ “အခုလို အချိန်မှာ ဒီလိုမျိုးတွေ မရှိမဖြစ်လိုတယ်” ဟု ဟူစိန်က ပြောလာသည်။ ရာဇန်ကတော့ FSA နှင့် ပတ်သက်ပြီး အတော်ကို ရတက်မအေး ဖြစ်နေသည်။ ထိုအဖွဲ့သည် လူထု၏ အကြမ်းမဖက်ရေး လှုပ်ရှားမှု သဘောတရားကို လုံးဝ မှောက်လှန်ပြစ်လာလိမ့်မည်ဟု ယုံကြည်နေသည်။ သူမ၏ စိုးရိမ်မကင်း ဖြစ်မှုက နောက်ပိုင်းတွင် သွေးထွက် အောင် မှန်လာခဲ့ရသည်။

FSA သည် ပဋိပက္ခကို စစ်ရေး အသွင်ဖြစ်အောင် စတင်ပြောင်းလဲလာနေမှုကို ဘာရှာ အယ် အာဆတ် က ကြိုဆိုနေလေသည်။ ဆီရီးယား နိုင်ငံသားများနှင့် ပြင်ပကမ္ဘာအတွက် ရွေးချယ်စရာ နှစ်လမ်းပဲ ရှိသည်။ သူ့ကိုလား၊ အကြမ်းဖက်ဝါဒကိုလား ဟု ဟစ်ကြွေးနိုင်ရန် လိုလားနေသူဖြစ်သည်။ ထိုအဖြစ်သို့ ရောက်ရန် ပံ့ပိုးပေးသည့် အနေဖြင့် အကျဉ်းထောင်ထဲမှ ထောင်ပေါင်းများစွာသော ဂျီဟတ်ဝါဒီများကို ပြန်လွှတ်ပေး လိုက်သည်။ ထိုလူများသည် လက်နက်ကိုင် တော်လှန်ရေးကြီးတွင် သွားရောက် ပူးပေါင်းပြီး နောက်ဆုံးတွင် ဝါးမြိုပြစ်ကြပေတော့မည်။

တညတွင် ဟူစိန်သည် ကျမကို FSA အဖွဲ့ဝင်များနှင့် တွေ့နိုင်ရန် စီစဉ်ပေးလာခဲ့သည်။ ဟွန် မြို့တွင်  သူတို့ထဲက အချို့နှင့် တွေ့ဆုံခဲ့မှုများ ရှိသော်လည်း အနောက်တိုင်း သတင်းထောက်တဦးနှင့်အတူ ကင်မရာရှေ့တွင် အင်တာဗျူး ခြင်းမျိုး မလုပ်ခဲ့ဘူးသေးပေ။ ဤသည်ကလည်း အာဏာပိုင်များထံ မှ ဗီဇာ ရထားသော ဥရောပ သတင်းထောက်များမှ လွဲ၍ အနောက်တိုင်း သတင်းထောက်များထဲတွင် အနည်းငယ်မျှသာ ဒမပ်စကပ် သို့ ရောက်ရှိနိုင်ခဲ့‌သောကြောင့် ဖြစ်သည်။ ထိုသတင်းထောက် များသည်လည်း အမြဲလို ဘေးမှ လူများ ခြံရံလိုက် ပါလာနေပြီး လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် စောင့်ကြည့်နေကာ ဆန္ဒပြပွဲများ ရှိရာသို့ ချဥ်းကပ်နိုင်စွမ်းမရှိ ခဲ့ကြပေ။ ကျမတဦးတည်းတွင်သာ ထိုကဲ့သို့ အခွင့်အရေးမျိုး ရနေပြီ ဖြစ်၍ သူတို့၏ လက်နက်ကိုင်တော်လှန် ရေးသည် မည်မျှအထိ အစစ်အမှန် ဖြစ်လာနိုင်မည်လဲ ဆိုတာ တွေ့မြင်ချင်နေမိသည်။

ဟူစိန်သည် ကျမကို ဒိုမာသို့ ကားနှင့် ပြန်ခေါ်လာခဲ့ပြီး ထိုမှတဆင့် နောက်ထပ်ကားတစီး ပေါ်သို့ ပြောင်းတက် ခဲ့ရပြန်သည်။ ကျမ မျက်နှာကို အဝတ်နှင့် စီးလိုက်ရသည့်အတွက်လည်း တောင်းပန်ခဲ့ကြပြန်သည်။ အင်တာဗျူး လုပ်မည့် လုံခြုံစိတ်ချရသော အိမ်ရှိရာ နေရာကို ကျမ မသိအောင် လုပ်ရဖို့ လိုအပ်နေ၍ ဖြစ်သည်ဟု ဆိုသည်။ ဟူစိန်အားလည်း ကျမနှင့် အတူ လိုက်ပါလာခွင့် မပေးခဲ့ကြပေ။

ကျမကို ခေါ်ဆောင်လာသော ကားသည် နောက်ဖေး လမ်းများ အတိုင်း အကွေ့အကောက်များစွာ ကို ဖြတ်သန်း မောင်းနှင်နေပြီး ကျမကို ကျမကြောက်စိတ်များ ဝင်မလာမိအောင် စိတ်ကို တင်းထားရသည်။ ကျမကို ဘယ်နေ ရာသို့ ခေါ်လာနေမှန်းလည်း မသိ ဖြစ်နေရသည်။ မိနစ်နှစ်ဆယ်လောက် သွားပြီးနောက် ကားမှာ ရပ်သွားခဲ့သည်။ ကားတံခါးကို ဖွင့်လိုက်သဖြင့် အေးစက်သောလေသည် ကျမမျက်နှာ တဝိုက် ရိုက်ခတ်လာခဲ့သည်။ တယောက် ကကျမကို အိမ်ထဲသို့ တွဲခေါ်လာခဲ့သည်။ အိမ်ထဲရောက်ပြီးမှ မျက်နှာရှိ စီးထားသော အဝတ်ကို ဖယ်ပေးခဲ့သည်။

ကျမရှေ့တွင် တောတွင်း စစ်ယူနီဖောင်းများ ဝတ်ထားကြသော လူတဒါဇင်ခန့် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့လက်ထဲတွင် AK-47 မောင်းပြန် ရိုင်ဖယ်များ နှင့် အာပီဂျီ ခေါ် ပခုံထမ်း လောင်ချာ ဗုံး သေနတ်များ ကိုင်ဆောင်ထားကြသည်။ သူတို့၏ မျက်နှာများကို ကာဖီယပ် ဟု ခေါ်သည့် အကွက်များ ပါသည့် အဝတ်များ စီးနှောင်ထားသည်။

ကျမ ပါးစပ်မှာ ခြောက်သွေ့လာနေသည်။ ကျမရောက်နေသော နေရာသည် ပြစ်မှတ်တခု ဖြစ်သွား နိုင်ကြောင်း ကောင်းစွာ သိနားလည်လိုက်ပြီ ဖြစ်၍ အချိန်မရွေး ဆီရီးယား စစ်တပ်မှ ကွန်မန်ဒိုများ ဝင်ရောက် စီးနင်း ပစ်ခတ် တိုက်ခိုက်လာနိုင်သည့် အနေအထားလည်း ဖြစ်သည်။

ကျမက လည်ချောင်း ရှင်းသည့်အနေဖြင့် ချောင်းတချက် ဟန့်လိုက်ရင်း ကျမကိုယ်ကျမ မိတ်ဆက်လိုက်သည်။ တချိန်တည်းမှာလည်း အင်တာဗျူးကို မည်သို့ ပုံစံမျိုးနှင့် လုပ်ရမည်ကို စဉ်းစားနေမိသည်။ ကျမနှင့်အတူ လူအား လုံးပါနိုင်အောင် ဖရိမ် ကို ကြီးနိုင်သမျှ ကြီးအောင် ရိုက်ယူနိုင်မှလည်း ဖြစ်မည်။ ကျမ စိတ်ထဲတွင် ကင်မရာမင်း နှင့် ကင်မရာတင်လို့ရမည့် သုံးချောင်းထောက် တခုကိုသာ တောင့်တနေမိသည်။

နောက်ဆုံးတော့ ကျမကို ကားနှင့် ခေါ်လာသည့် လူလက်ထဲသို့ ကင်မရာ လှမ်းပေးလိုက်ရသည်။ သူကလည်း အနီးရှိ စားပွဲပေါ်တွင် စာအုပ်များ ထပ်လိုက်ပြီး ကင်မရာကို စာအုပ်များပေါ်တွင် ငြိမ်အောင် တင်ထားလိုက် နိုင်သည်။ ထွက်လာသည့် ပုံများကတော့ ရုပ်မြင်သံကြား ပေါ်တွင် မည်သို့မျှ ကြည့်ပျော်ရှုပျော် ရှိနိုင်တော့မည် မဟုတ်ပေ။

(နိဂုံး)

"ကျုပ်တို့ ကတော့ ကျုပ်တို့ကလေးတွေ ကို မိဘမဲ့ ဖြစ်အောင်၊ ကျုပ်တို့ မိန်းမတွေ မုဆိုးမ ဘဝရောက်အောင် တွန်းပို့နေတဲ့ လူတွေကို တိုက်ပွဲဝင်နေကြတာပဲ" ဟု တပ်မှူး ဖြစ်သူက စကား စလာသည်။

ကျမ က ပဋိပက္ခကို စစ်ရေး အသွင် ပြောင်းပြစ်လိုက်ရင် အခုထက် ပိုပြီး လူတွေ ထိခိုက်သေကြေ လာမှာကို မစိုးရိမ်ဘူးလား ဟု မေးလိုက်သည်။

"ကျုပ်တို့ဖက်က စစ်တိုက်ဖို့ ရွေးခဲ့ကြတာ မဟုတ်ဘူး၊ အခုကိစ္စက ကျုပ်တို့ လူတွေ နဲ့ ဂုဏ်သိက္ခာကိုကာကွယ် ရဖို့ ဖြစ်လာရတာကြောင့်ပါ"၊ သူ၏ လေသံမှာ တင်းမာပြီး အခမ်းအနားတခုတွင် စကားပြောသလိုမျိုး ဖြစ်နေ သည်။ သူ့လူများသည် အာဆတ်၏ အာဏာစုစည်းထားရာ မြို့တော် တဝိုက်ရှိ စစ်ရေး ပြစ်မှတ်များကို တိုက်ခိုက် ခဲ့ပြီး လက်နက်များကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

ထိုလူများအား FSA (Free Syrian Army) တွင် ရာထူး အဆင့်ဆင့် ဘယ်လို သတ်မှတ်ပေးလဲဆိုတာ စဉ်းစားလို့ မရ ဖြစ်နေသည်။ ဖွဲ့စည်းပုံသည် အသားကျသေးပုံ မရှိသေးသည်ကိုလည်း ရိပ်စားမိနေသည်။ မည်သည့် အုပ်စု ကမဆို အလံတခု ဖန်တီးပြီး YouTube တွင် တင်ကာ FSA ဟု ကြေညာ၍ ရနေသည့်အဆင့်တွင် ရှိနေပေသေး သည်။ ထိုသို့ အနေအထားများ တွေ့နေရသော်လည်း သူတို့ အုပ်စုအချင်းချင်းအကြား ဆက်သွယ်ညှိ နှိုင်းမှုမရှိ ဟု ဆိုလိုခြင်း မဟုတ်ပေ။ ၎င်းတို့၏ အဖွဲ့အစည်းကို နောက်ဆုံးတွင် ဝါးမြိုသွားခဲ့သည့်  အစ္စလမ် ဝါဒီများသည် သူတို့အားလုံးထက် ပို၍ စည်းစနစ်ကျပြီး ပို၍လည်း ရက်စက်သူများ ဖြစ်သည်။

ကျမတို့ အင်တာဗျူး ပြီးသွားသည်နှင့် သူတို့ထဲက တယောက်မှ ကျမ ကို သူ့နားလာဖို့ လှမ်းပြီး အချက်ပြလိုက် သည်။ သူ့လက်ထဲတွင် ပါးဖောင်းဖောင်းလေး နှင့် ဆံပင်လေးများ တွန့်လိမ်နေသည့် ကလေးတယောက်၏ ပတ်စ်ပို့အရွယ် ဓါတ်ပုံ တပုံကိုင်ထားပြီး သူ၏ သားဟု ပြောသည်။

သူက အရေးတကြီး လေသံဖြင့် "ဒီကလေး အတွက် ကျွန်တော် တိုက်နေရတာပဲ၊ ဒီလို တိုက်မှပဲ သူရဲ့ အနာဂတ် လှပလာမှာဗျ" ဟု ပြောရင်း ကျမ ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ သူ ၏ မျက်လုံးများက သူဘာဆိုလိုသည်ကို ကျမ နားလည်လားဟု မေးနေသယောင် မြင်နေရသည်။ ကျမ က ခေါင်းကို ဖြေးလေးစွာ ညှိမ့်ပြလိုက်သည်။ သူ စကားများက စိတ်ထဲရှိသည်ကို ရိုးရိုးသားသား ပြောနေသည်မှာ သိသာ ထင်ရှားလှသည်။ သူတို့ အားလုံးသည် အဆမတန် အင်အားများပြီး အညှိုးကြီး‌သော ရန်သူ နှင့် ရင်ဆိုင်နေရသော်လည်း မည်သို့မည်ပုံ တွန်းလှန်သွား မည် ဆိုသည်နှင့် ပတ်သက်ပြီး ရှင်းလင်း ပြတ်သားသော မဟာဗျူဟာ မျိုး ရှိပုံမရသေးပေ။

ဒမတ်စကပ်တွင် တပတ်ခန့် နေပြီးနောက် အပြင်းအထန် နှိမ်နှင်းနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ဟွန် မြို့သို့ သွားဖို့ ကြိုးစားကြည့်ချင်လာသည်။ ကျမ က ထိုသို့ သွားချင်သည့် အကြောင်းကို နယူးယောက်ရှိ ကျမ၏ အကြီးအကဲ ထံ မက်ဆေ့ချ် ပို့လိုက်သည်။ သူ့ထံ မှ "နိုး" ဟု ချက်ခြင်းဆိုသလို အကြောင်းပြန်လာသည်။ "အခုလောက်နဲ့တင် အတော်လေး ပြည့်စုံနေပြီ၊ ထပ်ပြီး အရဲမကိုးနဲ့တော့"

သတင်းသမား တယောက်အဖို့ အသက် အန္တရာယ် စိုးရိမ်စရာ ရှိနေသော အရပ်တွင် နေရင်းက ကြုံတွေ့ရမည့် အန္တရာယ်များကို ပေယျာလကန် ပြုချင်စိတ်များ ဖြစ်လာတတ်ပြီး သတင်းကို ရနိုင်သမျှ စုဆောင်းချင် နေတတ် သည်။ ဘယ်တော့မှ ပြည့်စုံ လုံလောက်သည်ဟု ရောင့်ရဲတတ်ခြင်းမျိုးလည်း မရှိပြန်။ ထို့အတွက်လည်း မိမိ၏ လောဘကြီးမှုကို ထိန်းချုပ်ပေးနိုင်မည့် ကိုယ့်ထက် အတွေ့အကြုံများသူများကို အားကိုးရလေ့ရှိသည်။

ကျမ၏ CBS သတင်းဌာနရှိ နာမည်ကြီး သတင်းထောက် အယ်လင် ပစ်ဇီ ဆိုသူသည် အာဖရိကရှိ ရိုက်တာ သတင်းဌာန၏ အယ်ဒီတာ တဦး ပြောသည့်အတိုင်း ကိုးကား ပြောလေ့ရှိသည်ကို အမှတ်ရလိုက်မိသည်။ ထိုအယ်ဒီတာသည် အာဖရိက ရှိ ပဋိပက္ခများ ဖြစ်ပွားနေသည့် စစ်မြေပြင်များတွင် ရောက်နေသည့် သူ၏ သတင်းထောက်များကို စကားတခွန်းတည်း ပြောပြီး ပြန်ခေါ်ခဲ့သည်။ သူ၏ စကားမှာ "သေသွားရင် သတင်းပို့၍ မရတော့" ဟူ၍ ဖြစ်သည်။

သတင်းကောင်းများ ထပ်ရဖို့ ဆွဲဆောင်မှုများ ရှိနေသည့်အပြင် အာရပ်နွေဦး တော်လှန်ရေးကာလများ၏ အစောပိုင်း ရက်များတွင် အောင်မြင်နိုင်မည့် အလားအလာများအတွက် မျှော်လင့်ချက်များ ရှိနေခဲ့ကြသည်။ အားလုံးမှလိုလားသည့် အပြောင်းအလဲက လက်တကမ်း တွင် ရှိနေပြီဖြစ်သည်။ ကျမ အနေဖြင့် ထိုအရေး တော်ပုံများ အောင်မြင်ရာ အောင်မြင်ကြောင်း ဖြစ်ဖို့ အုတ်တချပ် သဲတပွင့် အဖြစ် ဝင်ရောက် ကူညီပေးချင် စိတ်လည်း ရှိနေသည်။ သို့သော် ဆီရီးယားတွင် ရှိနေရင်း ကျမ သဘောပေါက်လာရသည်က သတင်းသမား တယောက်အတွက် အပြောင်းအလဲများ ဖြစ်ရန် လုပ်ပေးနိုင်စွမ်းရှိသည်ဟူသော ဆွဲဆောင်နေမှုသည် အန္တရာယ် ကိုလည်း လက်ရပ်ခေါ်နေသလို ဖြစ်နေသည် ဟူ၍ပင်။ မိမိတို့ တကယ်တမ်း လုပ်ရမည့် အလုပ်ကနေ မိမိကိုယ် မိမိ ယုံကြည်မှုလွန်ကဲမှု နှင့် အခြား အရွေ့များဆီသို့ အာရုံလွှဲသွားအောင် တွန်းအားပေးမှုနောက် ကောက်ကောက် ပါအောင် လိုက်သွားတတ်သည်။ ကျမတို့ ဒီနေရာကို ရောက်လာခြင်းသည် ပြဿနာကို ဖြေရှင်းပေးရန် မဟုတ်ဘဲ ပြဿနာကို မီးမောင်းထိုးပြပေးရန်သာ ဖြစ်သည် မဟုတ်ပါလား။

ဒမတ်စကပ်တွင် နေထိုင်ခဲ့သည့် ရက်များ၏ နောက်ဆုံးညတွင် တမြို့လုံး မီးမှောင်ကျသွားခဲ့သည်။ ဤသည် ကပင် မြို့တော်တွင် အခြေအနေ မကောင်းဟု ပြဆိုနေသော လက္ခဏာများထဲမှ တခုလည်း ဖြစ်သည်။

ဟူစိန် တိုက်ခန်း ၏ ဧည့်ခန်းထဲတွင် ကျမသည် ဟူစိန်၊ ရာဇန်တို့နှင့် အတူ မှောင်ထဲတွင် ထိုင်နေကြသည်။ အလင်းရောင် ဆို၍ ရာဇန် မှ စီးကရက် ကို ဖွာရှိုက်လိုက်တိုင်း ထွက်လာသည့် ဆေးလိပ်မီးရောင်သာ ရှိသည်။ ထိုနေ့မနက်တွင် ကျမက သူမကို ဘာဆာ အယ် အာဆတ် နှင့် ပတ်သက်၍ ဘာပြောချင်လဲဟု မေးခဲ့သည်ကို အမှတ်ရလိုက်မိသည်။

"တိုင်းပြည်က ထွက်သာသွားပါတော့၊ သူက ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံးမှာ ထွက်ပြေးရမယ့်လူ၊ အဲ့ကျမှ ဆိုရင် လူတွေ ဒုက္ခသုက္ခတွေ ဒီထက် ထပ်တွေ့မယ်၊ အသေအပျောက်တွေ များလာဖို့ပဲ ရှိမယ်၊ အခုပဲ ထွက်သွားပြီး ကျမတို့ အနာဂတ်သစ် နဲ့ နိုင်ငံတော်သစ်ကို ကျမ တို့ ဖာသာ စပြီး တည်ဆောက်ခွင့် ပြုပါတော့၊ ရှင့်လက်မှာ လည်း ကျမတို့ သွေးတွေ အလုံအလောက် စွန်းနေပြီးပါပြီ"

သို့သော် အာဆတ်က ထွက်သွားခဲ့ခြင်း မရှိပေ။ ကျမ ဒမတ်စကပ်သို့ သွားခဲ့ပြီး နှစ်နှစ် အတွင်းမှာပင် ဟူစိန် သည်လည်း အဖမ်းခံခဲ့ရပြီး ရာဇန်ကိုလည်း လက်နက်ကိုင်များက ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြသည်။ ယခုအချိန်အထိ သူတို့ နှစ်ယောက်အကြောင်း သတင်း တစွန်းတစမှပင် ပြန်မကြားခဲ့ရတော့ပေ။


Credit to Hla Soewai

မူရင်းပို့စ် (၁) https://www.facebook.com/soewai66/posts/3741907729262207
မူရင်းပို့စ် (၂) https://www.facebook.com/soewai66/posts/3744694192316894
မူရင်းပို့စ် (၃) https://www.facebook.com/soewai66/posts/3747889721997341
မူရင်းပို့စ် (၄) https://www.facebook.com/soewai66/posts/3750937245025922

မူရင်းပို့စ် (၅) https://www.facebook.com/soewai66/posts/3756712134448433

Heinko Lwin

Heinko Lwin