မြန်မာနဲ့ အာဆီယံ

ရေးသားသူ - အောင်မျိုးမင်း
ဓာတ်ပုံ - APHR

မနေ့က အင်တာဗျူးတခုမှာ မြန်မာနိုင်ငံနဲ့ အာဆီယံအကြောင်းကို မေးလာတော့ အာဆီယံက အာဆီယံနည်းလမ်းဘဲ သွားမှာပါလို့ဖြေလိုက်ပါတယ်။ ဒီတော့ အာဆီယံနည်းဆိုတာဘာလဲ လို လာမေးကြပြန်ပါတယ်။

အာဆီယံနည်းလမ်းဆိုတာ လူမုန်းမခံတဲ့နည်းလို့ဘဲဘဲ ဆိုချင်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအကြား မျက်နှာပျက်စရာ အချင်းများစရာ ထုတ်ဖော်ပြောဆိုမှုမျိုးကို ‌ရှောင်ကြဥ်ပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်နည်းလမ်းကိုသာ အသုံးပြုလုပ်ဆောင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံအစဥ်အလာတွေကို ပြန်လေ့လာရင် အဖွဲ့ဝင်နိုင်ငံတနိုင်ငံမှာ လူ့အခွင့်အ‌ရေးချိုးဖောက်မှုဖြစ်လာရင် ကျယ်ကျယ်လောင်လောင်ထုတ်ဖော်ပြောဆိုတာမျိုးလုံးဝမရှိခဲ့ပါဘူး။ ဒါဟာပြည်တွင်းရေးဖြစ်တယ်လို့တောင် ပြောဆိုပြီး  ကာကွယ်ပေးခဲ့တဲ့သာဓကတွေ ရှိခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းမှာလဲ လူ့အခွင့်အရေးချိုးဖောက်မှုနောက်ခံသမိုင်းကိုယ်စီရှိနေကြတော့ တနိုင်ငံကို လက်ညှိုးထိုးလိုက်တာနဲ့ ကျန်တဲ့လက်လေးချောင်းက ကိုယ့်ကို ပြန်ထိုးမှာကြောက်ကြဟန်လဲ ရှိပါတယ်။

အခု မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အာဆီယံမှာ ထူးခြားချက်တွေရှိလာတော့ အမှန်ပါ။ အာဏာသိမ်းပြီးတာနဲ့ချက်ချင်းဆိုသလို ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ဥက္ကဌနိုင်ငံဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက ကြေညာချက်ထုတ်ပြန်လာပါတယ်။ ထုတ်ပြန်ချက်မှာ ပြစ်တင်ဝေဖန်ရူတ်ချမှုလုံးဝမပါဘဲ တောင်းဆိုမှုလုံးဝမပါဘဲ တွေ့ဆုံဆွေး‌နွေးမှုအရအဖြေရှာဖို့လောက်သာ ပြောဆိုခဲ့ပါတယ်။ မတ်လ  (၂) ရက်နေ့မှာ ကျင်းပခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာလဲ လက်ရှိ မြန်မာနိုင်ငံအခြေအနေကို စိုးရိမ်မိကြောင်းနဲ့  ပါဝင်ပါတ်သက်နေသူတွေအာလုံးအနေနဲ့ အကြမ်းဖက်မှုကို ရှောင်ကြဥ်ကြဖို့၊ ၊ အကျိုးပြုသောတွေ့ဆုံညှိနိုင်းမှုများဖြင့် ငြိမ်းချမ်းရေးအဖြေကို ရှာကြရန် တိုက်တွန်းခဲ့တာကို တွေ့နိုင်ပါတယ်။

အာဆီယံတင်နေတဲ့လိုင်းက ပါဝင်ပတ်သတ်သူတွေတွေ့ဆုံကြပြီး စေ့စပ်ညှိနိုင်းအဖြေရှာကြဖို့ဆိုတဲ့လိုင်းဘဲ ဖြစ်ပါတယ်။ စစ်ရေးအရဖြစ်စေ အင်အားတခုခုနဲ့ဖြစ်စေ ဝင်ရောက်ဆောင်ရွက်ဖို့လုံးဝမဖြစ်နိုင်ပါဘူး။ ထူးခြားတာတခုကတော့ အာဆီယံအခန်းကဏ္ဃကို နိုင်ငံတကာက ရှေ့တန်းတင်ပြောဆိုလာတဲ့ပုံစံဖြစ်ပါတယ်။  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရဲ့ပြောကြားချက်မှာရော လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်မှာရောမှာပါ အာဆီယံဥက္ကဌရဲ့ ပြောကြားချက်ကို ကြိုဆိုခဲ့ပြီး အာဆီယံရဲ့ အခန်းကက္ဌကို ရှေ့တန်းတင်ပြောကြားခဲ့တာပါ။ ဒါတင်မကဘဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် Christine Burgener ကလဲ မကြာခင် အာရှဒေသကို လာရောက်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာအရေးကို ဆွေး‌နွေးဖို့ရှိပါတယ်။

အာဆီယံဖက်ကလဲ လက်ရှိမြန်မာနိုင်ငံစစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အသံတွေကွဲနေတာကိုတွေ့ရပါတယ်။ အရင်ကအမြဲစည်းလုံးပြီး ပြည်တွင်းရေးဝင်ရောက်မစွတ်ံဖက်ရေးကို လက်တွဲရပ်တည်ခဲ့တဲ့ အာဆီယံ (၁၀) နိုင်ငံမှာ အက်ကြောင်းတွေ ထွက်လာခဲ့ပါပြီ။ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအပေါ် ရူတ်ချပြစ်တစ်တာမျိုးကို ဘယ်နိုင်ငံကမှ မလုပ်ဆောင်ခဲ့ပေမဲ့အဖွဲ့ဝင်နိုင်ငံ (၃) နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကတော့ စစ်တပ်ရဲ့ အင်အားသုံးဖြေရှင်းမှုအပေါ် ထုတ်ဖော်ပြောဆိုလာပါတယ်။ အင်ဒိုနီးရှားက အခုလိုအကြမ်းဖက်ဖြိုခွင်းမှုတွေကို ရှောင်ရှားဖို့ပြောခဲ့ပါတယ်။ စင်ကာပူနိုင်ငံကတော့ ဒီလိုအကြမ်းဖက်မှုကို လက်မခံနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ မလေးရှားနိုင်ငံကတော့ အထူးစိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား မြန်မာအရေးနဲ့အကွဲအပြဲဖြစ်တဲ့နေရာမှာ ထိပ်ဆုံးက တက်ကြွနေတာကတော့ အင်ဒိုနီးရှားနိုင်ငံလို့ ပြောလို့ရပါတယ်။စစ်အာဏာသိမ်းပြီးနောက်မှာ အင်ဒိုနီးရှားနိင်ငံခြားရေးဝန်ကြီး Retno Marsudi က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံခြားဝန်ကြီး Wang Yi နှင့် မြန်မာနိုင်ငံအကြောင်း ဖုန်းပြောခဲ့တဲ့အကြောင်း သိရတယ်။ ဘာတွေပြောခဲ့လဲဆိုတာကို သေသေချာချာမသိပေမဲ့ ဒီလိုပြောဆိုပြီးတဲ့နောက်ပိုင်းမှာ သူမရဲ့လှုပ်ရှားမှုတွေသွက်လာခဲ့ပါတယ်။ သူမအနေနဲ့ ထိုင်းနိုင်ငံမလာခင်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်အုပ်စုကို ရွေးကောက်ပွဲနောက်တကြိမ်ကျင်းပမယ် ဆိုတဲ့ ကတိတည်ဖို့တိုက်တွန်းမယ်ဆိုတဲ့ သတင်းထွက်လာပြီး ပွဲတော်တော်ဆူသွားခဲ့ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို မြန်မာပြည်သူတွေရဲ့ဆန္ဒကို အခြေခံပါမယ်လို့ ထုတ်ဖော်ပြောခဲ့ပြီး မြန်မာပြည်ကို လာဖို့အစီအစဥ်မရှိကြောင်းကိုလဲ ကြေဘာခဲ့ပါတယ်။ သူမရဲ့ရည်ရွယ်ချက်အတိုင်း စစ်အုပ်စုကို တွေ့ဆုံခဲ့ပေမဲ့ ဦးဝဏ္ဌမောင်လွင်ကို သံတမန်လုပ်ထုံးလုပ်နည်းအပြည့်နဲ့တွေ့တာမဟုတ်ဘဲ သာမန်တွေ့တဲ့ပုံစံနဲ့ လေဆိပ်မှာသာတွေ့တဲ့ပုံစံပါ။ စစ်အုပ်စုက ခန့်အပ်ထားတဲ့ နိုင်ငံခြာရေးဝန်ကြီးတာဝန်ယူထားတဲ့သူတယောက် အတွက် သံတမန်နည်းအရ အရှက်ကွဲခဲ့တာဖြစ်ပါတယ်။  တွေ့ဆုံခဲ့ရာမှာ  မြန်မာစစ်အုပ်စုကို ပြသနာကိုအဖြေရှာ၍ ဖြေရှင်းဖို့ ၊ ပါဝင်ပါတ်သက်နေသူများအားလုံး  အကြမ်းဖက်မှုကို ရှောင်ကြဥ်ကြဖို့နဲ့ တွေ့ဆုံညှိနိုင်းခြင်း၊ ပြန်လည်သင့်မြတ်ခြင်းတို့နဲ့ ပုံမှန်အခြေအနေပြန်လည်ရောက်အောင်လုပ်ရန် အဓိကတင်ပြသွားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ CRPHကိုလဲ တွေ့ဆုံခဲ့ပြီး အလားတူတင်ပြခဲ့တယ်လို့ သိရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ CRPH ကို ဆက်သွယ်တွေ့ဆုံခဲ့တဲ့ ထူးခြားတဲ့နိုင်ငံဖြစ်ပါတယ်။ စစ်အုပ်စုအနေနဲ့ မကျေမနပ်ဖြစ်မှာ သေချာတဲ့ အပြုအမူပါဘဲ။

အင်ဒိုနီးရှားသမ္မတ Joko Widodo ကလဲ မြန်မာပြည်သူတွေကို စာနာမိကြောင်း လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ နောက်ပြီး  အကြမ်းဖက်ဖြိုခွင်းမှုတွေကို အမြန်ဆုံးရပ်တံ့ဖို့ကို တောင်းဆိုခဲ့ပါတယ်။ အစဥ်အဆက်ကျင့်သုံးခဲ့တဲ့ ဝင်ရောက်မစွတ်ဖက်ရေးမူကို ကျော်လွန်ပြီး သမ္မတကနေ မြန်မာအရေးအတွက် အာဆီယံထိပ်သီးအစည်းအဝေးခေါ်ပေးဖို့ စတင်တောင်းဆိုတဲ့ အဆင့်ကို ရောက်ရှိခဲ့ပါပြီ။

စင်ကာပူ

နောက်ထပ်ထူးခြားတဲ့နိုင်ငံကတော့ စင်ကာပူနိုင်ငံဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေအများဆုံးလုပ်ကိုင်ပြီး မြန်မာနိုင်ငံအပေါ် ဝေဖန်ပြောဆိုခဲ့တဲ့ စင်ကာပူနိုင်ငံဟာ ထူးထူးခြားခြား ပြောဆိုလာတာကိုတွေ့ရပါတယ်။ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balaktishnan က မြန်မာနိုင်ငံရဲ့အာဏာသိမ်းမှုဟာ ကြီးမားသော နောက်ကြောင်းပြန်လှည့်ခြင်းဖြစ်ကြောင်းနဲ့ ယခုအချိန်အထိ စစ်ကောင်စီကို အစိုးရအဖြစ်အသိအမှတ်မပြုသေးကြောင်း ပြောဆိုခဲ့မှုဟာ အာဆီယံသံတမန်အဆင့်အတန်းနဲ့တွက်ရင် တော်တော်ပြင်းထန်ပါတယ်။ ဆက်လက်ပြီးတော့ ဆန္ဒပြသူများကို သေစေလောက်သောလက်နက်များဖြင့် နှိမ်နှင်းမှုကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူများကို အမြန်ဆုံးခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အထူးသဖြင့် စီးပွားရေးရင်းနှီးမြုပ်နှံမှုကို ဦးစားပေးတဲ့စင်ကာပူနိုင်ငံဖြစ်တဲ့အတွက် ဒီရပ်တည်မှုဟာ ပိုထူးခြားပါတယ်။

မလေးရှား

ဆန္ဒပြသူများအားသတ်ဖြတ်မှုကို အထူးစိုးရိမ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူများကို လွှတ်ပေးဖို့တောင်းဆိုခဲ့တဲ့ နောက်တနိုင်ငံကတော့ မလေးရှားနိုင်ငံဖြစ်ပါတယ်။  ဝန်ကြီးချုပ် Tan Sri Dato' Haji Muhyiddin bin Haji Muhammad Yassin က မြန်မာအရေးအတွက် အာဆီယံထိပ်သီးအစည်းအဝေးခေါ်ပေးဖို့ ကို ထောက်ခံခဲ့တဲ့သူဖြစ်ပါတယ်။

အာရှကျားတွေထဲက အင်ဒို၊ မလေးနဲ့ စင်ကာပူနိုင်ငံတွေက မြန်မာအရေးကို  အရင်ကထက် ထုတ်ဖော်ပြောဆိုလာပေမဲ့ နောက်ထပ်ကျားနှစ်ကောင်ဖြစ်တဲ့ ထိုင်းနဲ့ ဖိလိပိုင်နိုင်ငံတိုကတော့ ထူးထူးခြားခြားထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဖိလိပိုင်နိုင်ငံဟာ အာဏာသိမ်းစမှာ  မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာြဖစ်တယ်လို့တောင် ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာသာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးခံထားရသူများကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ တိုင်းပြည်ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ဖို့တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin Jr က ပြောကြားလာခဲ့ပါတယ်။

‌ဒေသအတွင်းလာရောက်မဲ့ အထူးသံတမန် Christine Burgener က မြန်မာနိုင်ငံမလာနိုင်ရင်တောင်မှ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နိုင်ငံတကာကနေ ပူးပေါင်းပြီးချိတ်ဆက်မိမိ ကြိုးပမ်းဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အချက်ကို တိတိကျကျပြောဖို့လိုပါပြီ။ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုဘယ်လောက်ဘဲ လုပ်လုပ် အိမ်နီးချင်းအာဆီယံနိုင်ငံတွေရဲ့ အားမပါရင် ထိရောက်မှုနည်းနိုင်ပါတယ်။ ဒီကြားထဲ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်ညီအောင် လုပ်ဆောင်ဖို့ အာဆီယံအားက လိုပါတယ်။ ပြည်တွင်းရေးဝင်မစွတ်ဖက်ရဆိုတဲ့ မူဝါဒကို တဖြည်းဖြည်းနဲ့ ရိုက်ချိုးလာစပြုတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အမှန်တကယ်ကြိုးပမ်းလုပ်ဆောင်လာဖို့  လမ်းစရှာဖို့လိုအပ်ပါတယ်။

Credit to Aung Myo Min

မူရင်းပို့စ် https://www.facebook.com/aung.m.min.9/posts/10159864409590864

Heinko Lwin

Heinko Lwin