Away from Home, Again

ဒီဇင်ဘာကို ပြန်ရောက်လာပြန်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေသူတွေအဖို့ ကိုယ့်မွေးရပ်မြေဆီ အိမ်ပြန်ချင်တဲ့ စိတ်က လူတိုင်းမှာ ရှိတတ်ကြပါတယ်။ အခုလို ဒီဇင်ဘာကာလ ဆိုရင် ခရစ်စမတ်၊ နှစ်သစ်ကူး ပိတ်ရက်တွေနဲ့ ပေါင်းပြီး ခွင့်ရက်ရှည် ရလေ့ရှိကြတာမို့ အိမ်ပြန်ကြသူတွေများပါတယ်။ မိသားစုတွေ ပြန်လည် ဆုံစည်းကြ၊ သူငယ်ချင်း အပေါင်းအသင်းတွေ ပြန်ဆုံကြ၊ ချစ်သူရည်းစားတွေ ပြန်ဆုံကြနဲ့ ဒီဇင်ဘာက တော်တော်များများအတွက် အမှတ်တရတွေများတဲ့ အချိန်ကာလ တခုပဲပေါ့လေ...

ကျနော့အနေနဲ့တော့ နိုင်ငံက ထွက်လာတဲ့ ၄ နှစ်အတွင်း ၂၀၁၈ ဒီဇင်ဘာတုန်းကလည်း အိမ်ပြန်တယ်၊ ၂၀၁၉ ဒီဇင်ဘာမှာလည်း အိမ်ပြန်တယ်၊ ၂၀၂၀ မှာတော့ တစ်ကမ္ဘာလုံး ကိုဗစ် ကပ်ရောဂါဆိုက်ပြီး ခရီးသွားလို့ မရတဲ့ အခြေအနေတွေ ဖြစ်လာတော့ မပြန်နိုင်တော့ဘူး။ နောက်နှစ်ထဲရောက်တော့ ၂၀၂၁ ကိုယ့်နိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပါလေရော၊ ကိုဗစ်ကြောင့် ပိတ်နေဆဲအခြေအနေတွေမှာကို အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး အုံကြွမှုကနေ မတရားသဖြင့် ဖိနှိပ်မှုတွေကြောင့် ပြည်တွင်းစစ် ပါဖြစ်လာတော့ ဘယ်သူမှ ပြန်ဖို့ မစဉ်းစားကြတော့ပဲ နောက်ထပ် တစ်နှစ် အောင့်အီးပြီး သည်းခံကြရတယ်။

အခု ၂၀၂၂ ရောက်လာတဲ့အခါ ခရီးသွားကန့်သတ်မှုတွေလည်း လျော့ချလိုက်သလို၊ ကိုဗစ် ဟာလည်း အားပျော့လာတော့ အိမ်ပြန်သူတွေ တွေ့လာရတယ်။ တစ်ခုထပ် ပေါ်လာတာက OWIC ဆိုတဲ့ Oversea Workers Identity Card ကို စစ်ကောင်စီက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတိုင်းရှိရမယ်ဆိုပြီး ပေါ်လစီချပြီး အဲ့ဒီကဒ်ပါမှ ပြန်ထွက်ခွင့်ပေးမယ်ဆိုတော့ အတားအဆီး ဖြစ်နေကြရတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေကို ဘယ်လို သတ်မှတ်သလဲဆိုတော့ ပတ်စပို့ မှာ PJ ဖြစ်နေရင် အဲ့ဒီ ကဒ်ရှိရမယ်လို့ အသေသတ်မှတ်ပြန်ရော။ PV နဲ့ အလုပ်လုပ်ခါစ သူတွေအတွက်ကတော့ လောလောဆယ် ပြဿနာ မရှိသေးပေမယ့် သက်တမ်းကုန်ပြီဆိုတာနဲ့ အသစ်တိုးတဲ့အခါ PJ ပဲ ပြောင်းပေးတာမို့ လူဟောင်းတွေက တိုင်အပတ်ဆုံးပါပဲ။ အဓိကကတော့ ပြည်ပက ပြန်ဝင်လာမယ့် မြန်မာ ပြည်တွေသူတွေ ဆီကို စည်းကြပ်ချင်တာရယ်၊ ပိုက်ဆံရှာချင်တာရယ်က များတယ်ထင်ပါတယ်။ အခက်အခဲ ကြုံရင် ကူညီဖို့ ရည်ရွယ်တယ် ဘာညာဆိုပေမယ့် ခုတ်ရာတလွဲ၊ ရှရာတလွဲ ဖြစ်နေသလိုပါပဲ။

Blue-collar jobs တွေလုပ်ဖို့ အေဂျင်စီ တွေကနေတဆင့် သွားတဲ့သူတွေကို ကဒ်လုပ်ခိုင်းပြီး အချက်အလက် စုဆောင်းလိုတာ၊ အလုပ်သမား လုံခြုံရေး ကြိုတင်ပြင်ဆင်တာ နားလည်ပေးနိုင်ပေမယ့်၊ white-collar တွေအတွက်ကတော့ အဲ့ဒီ ကဒ်ဟာ အရမ်းအလုပ်ရှုပ်တဲ့ အပိုအလုပ်တခုပါပဲ။ ဘယ်ကုမ္ပဏီမှာ လုပ်တာ၊ လစာဘယ်လောက်၊ ခွင့်တိုင်ရင် online ကနေပဲ hr portal ကနေ သွားနေတဲ့ အခြေအနေမှာ ခွင့်စာ ဆိုတဲ့ မြန်မာပြည်က အထာနဲ့ ကုမ္ပဏီကို ရေးပေးဖို့ တောင်းရတယ်တဲ့။ Passport မှာ ဘယ်ရက်က မြန်မာပြည်ကို ပြန်ဝင်ပါတယ်ဆိုတဲ့ တံဆိပ်တုံးက လိုအပ်သေးသတဲ့။

အဲ့ဒီစာရွက် စာတမ်း တွေကို အွန်လိုင်းကနေတင်လို့မရဘူး၊ ရန်ကုန်လေဆိပ်က ဆင်းပြီး ရန်ကုန်မှာပဲ လုပ်လို့မရဘူး၊ နေပြည်တော်အထိ အမြန်အချောပို့နဲ့ ပို့မှရတယ်၊ ကဲ ဘယ်လောက်တောင် ရှေးရိုးဆန်လိုက်သလဲ။ ပြည်သူက အချိန်ပိုကုန်တယ်၊ ပိုက်ဆံ ပိုကုန်တယ်၊ ပွဲစားတွေပေါ်လာတယ်။ အဲ့ဒီ ကဒ်ကို သက်တမ်းကထားသေးတယ်။ အလုပ်ပြောင်းရင် အသစ်ပြန်လျောက်ရဦးမယ် လို့ ဆိုကြသေးတယ်။ အတော်ကို ခေတ်နောက်ပြန်ဆွဲတဲ့ စနစ်ပါ။ တကယ် လုပ်ပေးချင်တယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံရဲ့ သံရုံးမှာ လွယ်လွင့်တကူ လုပ်ပေးလည်း ရနေနိုင်တဲ့ အခြေအနေပါ။ သံရုံးက တစ်ဆင့်မှ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီပေးဖို့ ဆိုတာ အဓိပ္ပာယ်ရှိသေးတယ်မဟုတ်လား။ အခုက အဲ့ဒီကဒ်မပါရင် လေဆိပ်ကနေ ပြည်ပ ကို ပြန်မထွက်ရဘူးဆိုတော့ ခွင့် ၄/၅ ရက်ပဲ ရတဲ့သူက ဘယ်လိုမှ အဆင်မပြေ။ သူ့ကဒ်ကို လျောက်ရတာ ကြာချိန်နဲ့ ရသည်၊ မရသည်ဆိုတာက သူတို့ရဲ့ ပေါ်လစီ၊ သူတို့ စိတ်ထဲမှာ ရှိသလို လုပ်နေတာ။ အကယ်၍များ ကဒ်ထုတ်ပေးတာ delay ဖြစ်ပြီဆိုပါစို့၊ ခွင့်ရက်မလောက်ရင် တိုင်ပတ်ပြီ၊ ခွင့်ပြန်လာတဲ့သူက ဒုက္ခများပြီ။ ပြည်ပရောက် မြန်မာတွေကို ကူညီပေးမယ့် ကဒ်လား၊ သပ်သပ်မယ့် ဒုက္ခပေးမယ့် ဟာလားဆိုတာ စဉ်းစားကြည့်တာနဲ့တင်ကို အဖြေပေါ်ပြီးသားပါ။

အရဲစွန့်ပြန်ကြပြီး ကဒ်လုပ်လာတဲ့သူတွေလည်း ရှိကြပါတယ်။ အခုလောလောဆယ် အခြေအနေကတော့ တစ်ပတ်လောက်နဲ့ ကဒ်ရနေတဲ့ အခြေအနေမို့ ပြန်ကြတဲ့သူတွေလည်း တပုံတပင်ပါပဲ။ ဒါတောင် နိုင်ငံရေးနဲ့ ပြည်တွင်းစစ် အခြေအနေကို ထည့်မစဉ်းစားရသေးပါဘူး။ ဆိုလိုတာက လေဆိပ်မှာ ဖမ်းဆီးတယ်ဆိုတဲ့ သတင်းကလည်း မနှစ်က အတော် ထွက်ပါတယ်။ ဥပမာ သာဓက တွေလည်း ရှိခဲ့ပါတယ်။ တချိန်က AA ကို ထောက်ခံ/ပို့ လို့ဆိုပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အမျိုးတွေကို လေဆိပ်က အပြန် တခါတည်းဖမ်းပြီး ထောင်ချပစ်တာလည်း ပူပူနွေးနွေးပါပဲ (အဲ့တာတောင် ဒီမိုကရေစီ အစိုးရ လက်ထက်ထဲမှာ၊ အခုအခြေအနေနဲ့ဆို စဉ်းစားသာကြည့်)။ အချို့တွေအတွက် လေဆိပ်ကို ခြေချတာဟာ ထောင်ဗူးဝ ကို နင်းရသလိုဖြစ်နေပါလိမ့်မယ်။ အထူးသဖြင့် တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ထားသူတွေအတွက်ပေါ့။ သူတို့လက်ထဲမှာ ဘယ်သူ့ရဲ့ နာမည်စာရင်းနဲ့ ပတ်စပို့ နံပါတ်နဲ့ ရှိနေသလဲဆိုတာ ဘယ်သူမှတော့ သိနိုင်မှာမဟုတ်ဘူး။ တော်ရုံ သူကိုတော့ စစ်ဆေး မေးမြန်းတာမျိုး လုပ်လေ့မရှိဘူးလို့ ပြောကြပေမယ့် risk တွေရှိနေတုန်းပဲ။

အရင်တလတုန်းက ဒီဇင်ဘာလထဲ ခွင့် ၂ ပတ် ရတော့ ပြန်ရင်ကောင်းမလားဆိုတဲ့ စိတ်ကူးလေး ပေါ်လာသေးတယ်။ သူငယ်ချင်းတွေ လိုက်ပြီး တိုင်ပင်ကြည့်တယ်။ အိမ်က မိဘတွေကို တိုင်ပင်ကြည့်ရသေးတယ်။ မေမေကတော့ မင့်သဘောပဲ ဆိုပေမယ့် ဖေဖေကတော့ မပြန်လာစေချင်သေးဘူး၊ ဒီမှာ အန္တရာယ်ရှိပါတယ်ကွာလို့ ပြောတယ်။ သူငယ်ချင်းတွေကတော့ မင်းက စိတ်ချရလို့လားကွာဆိုတာ ပြောတယ်။ ပြန်ဖို့ အကြောင်းပြချက်ကတော့ သိပ်မရှိပါဘူး။ နှစ်ရှည် Unhealthy ဖြစ်နေတဲ့ relationship ကလည်း အရင်နှစ်ကတည်းက ပြတ်ဆဲသွားပြီမို့ အဲ့တာကလည်း စဉ်းစားဖို့ မလိုတော့ဘူးပဲလေ။ ဘာလို့ အိမ်ပြန်မှာလဲဆိုတာကို ထပ်ခါထပ်ခါ စဉ်းစားကြည့်တော့ မပြန်တာ ကြာလို့သာ ပြန်ချင်နေတာ အိမ်ကို အရမ်းလွမ်းရအောင်လည်း မေမေက အလည်လာ ၄ လ လောက်နေပြီး ပြန်သွားတာ သိပ်မကြာသေး။ ဖေဖေ နဲ့ ဆွေမျိုးတွေကိုပဲ မတွေ့ရတာ ကြာနေတာ ဒါပေမယ့် ဒီဘက်ခေတ်မှာ နေ့တိုင်း ဖုန်းပြောလို့ရနေတော့ အဆင်ပြေနေတုန်းပါပဲ။ သူငယ်ချင်းတွေအများစုကတော့ မတွေ့ရတာကြာပေမယ့်၊ ဒီကိုလည်း တချို့တဝက် ရောက်လာကြတာမို့ အရင်နှစ်တွေကလို အရမ်းအထီးကျန်နေသလိုမျိုးတော့ မဖြစ်တော့ဘူး။

ပြန်ရင်ရော ဘာတွေဖြစ်လာနိုင်မလဲ ဆက်တွေးကြည့်မိတယ်။ သေချာပေါက် ပိုက်ဆံ အတော်သုံးရမယ်၊ ဒေါ်လာ ၃၀၀၀ လောက်တော့ ကုန်မှာပဲ။ သူငယ်ချင်းတွေနဲ့ တွေ့မယ်၊ သူတို့ကို ကျွေးမွေးမယ်၊ ရောက်တုန်း ခရီးလေးဘာလေးက သွားချင်သေးတာ အိမ်မှာ ထိုင်တော့ မနေချင်ဘူး၊ owic ကဒ်ကို ရအောင် လုပ်ရဦးမယ်၊ အိမ်က နယ်မှာမို့ စစ်ကိုင်းတိုင်း ပြန်ရမယ့် ၅/ တစ်ယောက် အတွက် ဘယ်အချိန် မစ်ရှင်နဲ့ တိုးမလဲ မသိတဲ့ အခြေအနေတွေကြားထဲမှာ ခရီးသွားရမယ်။ အကယ်၍များ တခုခုဖြစ်သွားခဲ့သည်ရှိသော် အလုပ်ကလည်း စောင့်နေမှာမဟုတ်၊ အလုပ်သာပြုတ်သွားရင် ကိုယ့်အပေါ် မှီခိုနေတဲ့ ကိုယ့်မိသားစုက ဘာမှအဆင်သင့် မဖြစ်သေးခင် ပြဿနာတက်နိုင်ခြေရှိတယ်။ အဲ့လို သေချာပြန်သုံးသပ်ကြည့်တော့ ယူရမယ့် risk တွေကြီးနေတာရယ်၊ ချေဖျက်နိုင်တဲ့ အကြောင်းရင်း ရေရေရာရာ မရှိသေးတာတော့ အမှန်ပဲမို့ ဒီနှစ် ၂၀၂၂ အိမ်ပြန်မယ့် အစီအစဉ်လည်း ဖျက်ထားရဆဲပါပဲ။

ကိုယ့်သူငယ်ချင်းတွေ ပြည်တွင်းမှာ ရှိနေပြီး ပြည်ပ မပြောနဲ့ ပြည်တွင်းမှာကို သွားလို့လာလို့ မရတဲ့သူတွေလည်း အများကြီး ရှိနေဆဲပဲမလား။ အိမ်ကို အပြီး ပြန်မလာနိုင်တော့တဲ့ ညီငယ်လေးတွေ အသက်စွန့်သွားကြရတာတွေလည်း မြင်တွေ့နေရဆဲပဲ။ အဲ့လို ပေးဆပ်မှုတွေကြားထဲမှာ အိမ်ပြန်ချင်တဲ့ အာသီသလေးတခုအတွက်နဲ့ စစ်ကောင်စီကို ပိုက်ဆံပေးမှ အိမ်ပြန်လို့ရမယ့် အခြေအနေကိုတော့ ယူဖို့ မဝံ့သေးတာမို့ ရောက်ရာနေရာမှာပဲ ပျော်အောင်နေပြီး ဆက်ကြိုးစားရဦးမှာပါပဲ။ အခုကာလမှာ မိဘနဲ့ သူငယ်ချင်း ဆွေမျိုးအပေါင်း ကျန်းကျန်းမာမာနဲ့ အားတင်းနေနိုင်ဖို့ပဲ အရေးကြီးတာမို့ အဲ့ဒီစိတ်ကိုသာ ထည့်ထားပြီး နေရဦးမယ်။ နိုင်ငံတော်ကြီး ကျန်းမာလာပြီဆိုမှပဲ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် ပြန်လည် တွေ့ဆုံကြတာ ကောင်းပါတယ်။

ဒီကြားကာလထဲတော့ ရေကြည်ရာ မြက်နုရာ မှာပဲ ကျင်လည် ကျက်စားနေရဦးမည်သာ....

Heinko Lwin

Heinko Lwin