ဒီမိုကရေစီ ပြန်လည် ဆောင်ကျဉ်းပေးနိုင်မည့် CDM

ဘာသာပြန်ရေးသားသူ - လှစိုးဝေ
(ဩစတေးလျ အမျိုးသား တက္ကသိုလ် မှ Public Policy အတွက် ဒေါက်တာ ဘွဲ့ယူ စာတမ်း ပြုစုနေသူ နီကိုလာ ဝီလျှံ ၏ East Asia Forum တွင် ဖေါ်ပြထားသော  “Can Myanmar’s Civil Disobedience Movement Restore Democracy” ဆောင်းပါးကို ပြန်ဆိုသည်။)

ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အာဏာ သိမ်းကာ မိမိကိုယ်မိမိ ခေါင်းဆောင်အဖြစ် တင်မြှောက်ပြီး နိုင်ငံရေး မျက်နှာစာ ကို ပြန်လည် ပြင်ဆင်ဖို့လုပ် လာခဲ့သည်။ ၎င်း၏ လုပ်ရပ် အောင်မြင်နိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖယ်ရှားနိုင်မှသာ  ဖြစ်မည့် အတွက် အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကို ဖမ်းဆီးပြီး စစ်အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းလာခဲ့သည်။

သို့သော် သူမျှော်မှန်းခဲ့သလို အာဏာသိမ်းပွဲသည် အောင်မြင်မည် မအောင်မြင်မည် ဆိုသည်ကား မည်သူမျှ အာမ မခံ နိုင်သည့် အနေအထား ဖြစ်လာခဲ့သည်။ ၎င်း၏ စစ်အာဏာသိမ်း အဖွဲ့သည် အုပ်ချုပ်ရေး ယန္တယား အစိတ် အပိုင်းအတော်များများ နှင့် လူထု တရပ်လုံးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်လာနေသည့်အပြင် စီးပွားရေး သည်လည်း ဂျွမ်းထိုးမှောက်ခုံ ထိုးဆင်းသွားခဲ့ရသည်နှင့် အနေအထားမျိုး ကြုံလာခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။

ဝန်ထမ်းများ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM သည် ဗဟိုဘဏ်၊ ပုဂ္ဂလိက ဘဏ်များအပါ အဝင် အဓိက ဝန်ကြီးဌာန အတော်များများကို ပျံ့နှံ့လာခဲ့သဖြင့် ငွေအထုတ်အသွင်းများကို ကန့်သတ်လာရပြီး အရောင်းအဝယ်များ လုပ်လို့ မရသည့် liquidity crisis ကြီး ဖြစ်ပေါ်လာခဲ့ရသည်။ နိုင်ငံခြားကုန် သွယ်ရေး တွင် ပြည်ပသို့တင်ပို့ နိုင်မှုသည် ယခင် ပမာဏ၏ ဆယ်ရာခိုင်နှုန်းသာ ရှိသည်။ ဆရာဝန်များ နှင့် ဆေးဝန်ထမ်းများ၏ သပိတ်တိုက်ပွဲကြောင့် ကပ်‌ရောဂါကြီး ဖြစ်ပွားနေစဉ် အတွင်းမှာပင် နိုင်ငံအတွင်းရှိ ဆေးရုံများ၏ သုံးပုံ နှစ်ပုံ ခန့်သည် ပုံမှန်လည်ပတ်နိုင်သည့် အနေအထားတွင် မရှိတော့ပေ။ ရဲဝန်ထမ်း အချို့လည်း စစ်တပ်၏ မတရား လုပ်နေမှုများ တွင် မပါဝင်လိုသဖြင့် ဆန္ဒပြသူများ နှင့် ပူးပေါင်းလာခဲ့သည်။

နိုင်ငံအနှံ့အပြားတွင်လည်း မြေကြီးတုန်ဆင်း မတတ် ဆန္ဒပြမှုကြီးများ ပေါ်ပေါက်လာခဲ့ရပြီး ၎င်းတို့ကို နည်း ပညာကျွမ်းကျင်သည့် လူငယ် မျိုးဆက်သစ်များက ဦးဆောင်လာပြန်သဖြင့် လက်နက်နှင့် အကြမ်းဖက် ဖြိုခွဲ ရေးလောက်သာ သိထားသူများအဖို့ ရန်သူ အသစ်နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာခဲ့ရသည်။ ယင်းနှင့်အတူ မင်းအောင်လှိုင်သည် လူမြင်ကွင်းတွင် သိတ်မတွေ့ရတော့သလောက် ဖြစ်လာပြီး ထွက်သည့်အခါတိုင်းလည်း ကျည်ကာအင်္ကျီ ကြီး ကို အမြဲလို ဝတ်ဆင်ထားသည်ကို တွေ့လာကြရသည်။ စစ်တပ်ပိုင် မီဒီယာများမှ CDM လှုပ်ရှားမှု နှင့် ဆန္ဒပြသူများအား အဆက်မပြတ် ရှုတ်ချပြောဆိုလာသဖြင့် ၎င်းတို့အား မည်မျှ အထိ ထိခိုက် လာနေပြီ ဖြစ်ကြောင်း ပေါ်လွင်လာခဲ့ရသည်။ ထိုသို့ အကျပ်အတည်း ပေါင်းစုံနှင့် ကြုံလာနေရစဉ်တွင် စစ်တပ် သည် တစိတ်တည်း တဝမ်းတည်း ကျောချင်းကပ်နိုင်ဦးမည်လော ဟူ၍ မေးခွန်းထွက်ပေါ်လာခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များကို ကြည့်မည်ဆိုက စစ်တပ်အတွင်း NLD ကို ထောက်ခံမှုများ ရှိနေကြောင်း သိသာ လာခဲ့ရသည်။

ထို့အတွက် ရှေ့လျှောက် ဖြစ်လာနိုင်ခြေ ငါးမျိုး ရှိနိုင်ကြောင်း သုံးသပ်၍ရပေသည်။

ပထမတမျိုးက လုံးဝဥဿုံစစ်အုပ်ချုပ်ရေး ပုံစံဖြင့် အုပ်ချုပ်လာနိုင်ခြင်းပင် ဖြစ်သည်။ ထိုအခါတွင် စစ်အာ ဏာသိမ်း အဖွဲ့သည် ခြိမ်းခြောက် အကျပ်ကိုင် အကြမ်းဖက်သည့် နည်းမျိုးစုံဖြင့် လူထု တရပ်လုံး မည်သို့မျှ စိတ်အေးလက်အေး နေလို့ မရအောင် အရင်ဖန်တီးကာ စစ်အုပ်ချုပ်ရေး ကို ရွေးမည်လော၊ မင်းမဲ့တိုင်းပြည် ဘဝသို့ အရောက်ခံတော့မည်လောဟူသည့် နည်းလမ်း နှစ်မျိုးသာ ရွေးစရာ ကျန်အောင် လုပ်လာကြပေတော့ မည်။ ထိုအခါတွင် နိုင်ငံ မတည်ငြိမ်သေးဟု အကြောင်းပြကာ ရွေးကောက်ပွဲကို နှစ်ပေါင်းများစွာ ကြာအောင် ရွှေ့ဆိုင်းပြစ်နိုင်ပေသည်။

ဒုတိယ တမျိုးက မင်းအောင်လှိုင် ခင်းပေးသော လမ်းကြောင်း အတိုင်း အုပ်ချုပ်သွားခြင်းမျိုး ဖြစ်သည်။ ရွေးကောက်ပွဲကို တနှစ် အတွင်း ကျင်းပပေးပြီး အရပ်သား တပိုင်း အုပ်ချုပ်ရေး ပုံစံမျိုး ဖန်တီးပေးလာခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ တီထွင် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအရ ဆိုလျှင် နိုင်ငံရေးအရ အောင်ပွဲခံနိုင်ဖွယ် မရှိတော့ ဆိုသည်ကို သဘောပေါက် လာနိုင်ဖွယ် ရှိသည်။ ၎င်းတို့ ထောက်ခံသည် USDP သည် NLD အား မည်သို့မျှ အသာမရနိုင် တော့၍ လွှတ်တော်တွင် ရထားသော လေးပုံတပုံဖြင့် ပင် ရောင့်ရဲရပေတော့မည်။

စစ်တပ်သည် လက်ရှိ ရွေးကောက်ပွဲ စနစ် ဖြစ်သည့် မဲအများစု ရသူ အနိုင်ရသည့် စနစ် မှ အချိုးကျ ကိုယ်စား ပြုသည့် စနစ်ကို ပြောင်းလဲရန် ကြိုးစားလာဖွယ် ရှိသည်။ ထိုစနစ်ဖြင့် တိုင်းရင်းသား ပါတီများ နှင့် အခြား နိုင်ငံရေး ပါတီများ လွှတ်တော်တွင်းသို့ ဝင်ရောက်နိုင်ရန် ဖြစ်သည်ဟု အသွင်ဖမ်းလာနိုင်သည်။ NLD အား ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုမည့် အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်လာနိုင်ပေသည်။

ကနဦးတွင် အာဆီယံ မှ ၎င်းတို့ ပြောလာသည့် လမ်းကြောင်းကို လိုက်ရန် အရိပ်အယောင် ပြလာခဲ့သော်လည်း ယင်းသည် လက်ရှိ တင်းမာနေမှု အရှိန်ကို လျော့ချနိုင်ခြင်း ရှိမည် မဟုတ်ဆိုကာ နောက်ပြန်ဆုပ်သွားခဲ့သည်။ စစ်တပ်မှ အလိမ်အညာများဖြင့် ကျင်းပပေးမည့် ရွေးကောက်ပွဲသည် ပြည်သူတို့ ၂၀၂၀ တွင် တခဲနက် မဲပေး ခဲ့သည့် ကိုယ်စားလှယ်များ တဦးတလေမျှ ထည့်သွင်းလာကြမည် မဟုတ်သည်က သေချာနေပေသည်။ ပြည်သူ့ကိုယ်စားလှယ်များ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ကို ဖွဲ့စည်း ထူထောင်ခဲ့ကြသည်။

ဖြစ်နိုင်သည့် တတိယမြောက် အလားအလာမှာ စစ်တပ်၏ အာဏာသိမ်းမှုသည် အောင်မြင်ခြင်းလည်း မရှိ၊ ပျက်ပြားခြင်းလည်း မရှိပဲ အရေးအခင်းကြီး တခု အဖြစ် ရေရှည်ဖြစ်လာနိုင်သည်။ မြန်မာ စစ်တပ်သည် နှစ်ပေါင်း ၇၀ ကျော် အတွင်း တိုင်းရင်းသားတို့နှင့် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင် ခဲ့ခြင်း မရှိပေ။ ယခုအခါ နိုင်ငံကို ထိန်းချုပ်နိုင်ရန် အကြမ်းဖက်မှု ကျင့်သုံးလာလေလေ ခုခံတွန်းလှန်ရေး အတွက် မျိုးစေ့များ ချပေးသလို ဖြစ်လာပြီး ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို အားသစ် လောင်းပေးသလို ဖြစ်လာ ပြန်၍ နောက်ထပ် ပဋိပက္ခကြီးနှင့် ထပ်မံ ရင်ဆိုင်လာရဖို့ ရှိနေသည်။

ထိုအနေအထားက စစ်တပ်အတွင်း ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိသည့် အားပြိုင်မှုများ ဖြစ်လာပါက ပဋိပက္ခသည် ပို၍ ရေရှည်လာနိုင်စရာ ရှိနေပြန်သည်။ လက်ရှိ အခြေအနေများအရ အာဆီယံမှ အကြံပြုနေသလို စစ်တပ် နှင့် ပြည်သူများအကြား စေ့စပ် ဆွေးနွေးရန် တဖက်နှင့် တဖက် အသိအမှတ်မပြု ကြဘဲ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေမှုများကလည်း ပဋိပက္ခ ရေရှည်ဖို့ အကြောင်းတခု ဖြစ်လာနေသည်။

စတုတ္ထမြောက် ဖြစ်စဉ်သည်က အာဏာသိမ်းပွဲ ပျက်ပြားသွားပြီး ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုက်အဝန်းက တောင်းဆိုနေသလို ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အတိုင်း ရွေးကောက်ခံ ပြည်သူအစိုးရ သည် ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ယခင် ပုံစံမျိုး အာဏာပြန်ရရှိလာနိုင်ခြင်းပင်။ ထိုသို့ ဖြစ်ရန် အတွက် CDM လှုပ်ရှားမှု ဖြင့် ဘဏ္ဍာရေး အရ ရော လူထု ထောက်ခံမှု ဖြင့်ပါ ရေရှည်တောင့်ခံပြီး တိုက်ပွဲ ဝင်နိုင်ရန် လိုအပ်နေသည်။ သို့မှသာ အာဏာသိမ်း အဖွဲ့ သည် စီးပွားရေး နှင့် အုပ်ချုပ်ရေး ပိုင်းကို မည်သို့မျှ ထိန်းချုပ်နိုင်စွမ်း ရှိမည် မဟုတ်တော့ပေ။ ထိုအခါတွင် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့ မိသားစုများ ပုံမှန်လည်ပတ်ခွင့် ရနေသော  စီးပွားရေး လုပ်ငန်းများ ထိခိုက် ဆုံးရှုံးလာသည်နှင့်အမျှ မင်းအောင်လှိုင်၏ ခေါင်းဆောင်မှု အပေါ် ထောက်ခံနေမှုများ ကျဆင်းလာပေတော့မည်။

သို့သော် မင်းအောင်လှိုင်သည် လက်နက်ကိုင်တပ်ဖွဲ့များ အပေါ် ပဲ့ကိုင် ထိန်းချုပ်နိုင်နေသရွေ့ ဖြစ်လာနိုင်ဖွယ် မရှိပေ။ ထို့အပြင် အနောက်နိုင်ငံများကလည်း အာဏာသိမ်း အဖွဲ့နှင့် ပုံမှန် ဆက်ဆံရေး ထူထောင်ဖို့ကို ရွှေ့ဆိုင်း ထားရန်လည်း လိုအပ်သည်။ အာဆီယံနိုင်ငံများကလည်း ပြည်သူရွေးချယ်တင်မြှောက်ထားသည့် အစိုးရနှင့် စစ်တပ်အကြား စေ့စပ်ဆွေးနွေးနိုင်ရေး ကို ဆက်လက် ကြိုးပမ်းသွားရမည် ဖြစ်သည်။ ဤနေရာတွင် စစ်တပ်နှင့် သာ တိုက်ရိုက်ဆွေးနွေးဖို့လိုပြီး စစ်တပ်က ခန့်ထားသော အရာရှိများနှင့် ဆွေးနွေးခြင်း မဖြစ်အောင် သတိထား ရမည် ဖြစ်သည်။

ပဉ္စမ ဖြစ်စဉ်က အာဏာသိမ်းမှု ပျက်ပြားပြီး အရပ်သား အစိုးရမှ အသွင်ကူးပြောင်းရေး ပုံစံသစ်ကို ဦးဆောင် လာခြင်းပင် ဖြစ်သည်။ ဆန္ဒပြနေသူများ နှင့် အဖွဲ့အစည်းများက နိုင်ငံရေး နယ်ပယ်မှ စစ်တပ် နှင့် ၎င်းတို့ ရေးဆွဲ ထားသော ၂၀၀၈ ဖွဲ့စည်းပုံအား အပြီးအပိုင် ဖယ်ရှားပြစ်ရန် တောင်းဆိုနေကြသည်။ ယခုအခါ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ကွက်ပြီး ထောက်ခံနေကြတော့မည် မဟုတ်ဘဲ အများစုက တိုင်းရင်းသား လူနည်းစုများ ၁၉၄၇ မှ စ၍ တိုက်ပွဲဝင်နေသည့် ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ထွန်းရေး ဆီသို့ လျှောက်လှမ်း ကြတော့မည် ဖြစ်သည်။

ထိုဖြစ်စဉ်ကြီး တကယ်တမ်း ထွက်ပေါ်လာရေး အတွက် စစ်တပ်အတွင်း အရပ်သား ပြည်သူများ နှင့် လက်တွဲ လုပ်လိုသည့် အဖွဲ့မှ တန်ပြန်အာဏာသိမ်းနိုင်ရန် လိုအပ်နေသည်။ ဖြစ်နိုင်ခြေကတော့ နည်းပါးပေသည်။ ရွေးချယ်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ်များ မိမိတို့ မူလ ရာထူးများသာ ပြန်လည်ရယူပြီး အားလုံး ပါဝင်နိုင်မည့် ဖွဲ့စည်းပုံ အသစ် ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းရန် လိုသည်။ ထိုကော်မတီတွင် လက်နက်ကိုင် အုပ်စုများ၊ မြို့ပြ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ပါတီများ အားလုံး ပါဝင်ရန် လိုအပ်သည်။ ဤနေရာတွင် ပြည်တွင်းစစ်ကြီး နှင့် လူထု လှုပ်ရှားမှု များမှတဆင့် ပေါ်ပေါက်လာသည့် နီပေါ၏ ဖက်ဒရယ် အသွင် ကူးပြောင်း လာမှုကို နမူနာ ယူနိုင်ပေသည်။ ရှုပ်ထွေး ကျယ်ဝန်းပြီး စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့် လမ်းကြောင်းလည်း ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ နောက်ဆုံးတွင် မြန်မာ နိုင်ငံသားများသည် မိမိတို့ ကံကြမ္မာကို မိမိတို့ဖာသာ ရွေးချယ် ဆုံးဖြတ်ကြရမည် ဖြစ်သလို မိမိတို့ အတွက် တရားဝင် ဖြစ်စေမည့် အုပ်ချုပ်ရေး စနစ်မျိုးကို ‌ရွေးချယ် ကြရမည်သာ ဖြစ်သည်။ စစ်အုပ်ချုပ်ရေး သို့မဟုတ် တရားမဝင် ဖြစ်ထွန်းလာသည့် အစိုးရ လက်အောက် ပြန်ရောက်သွားပါက မိမိတို့ လက်ရှိ ခံစားနေရသော ဒုက္ခဆင်းရဲ အကျပ်အတည်း များနှင့် မတည်ငြိမ်မှုများ က ဆက်လက် သက်ဆိုးရှည်နေမည်သာ ဖြစ်ပေသည်။

Credit to Hla Soewai

မူရင်းပို့စ် https://www.facebook.com/soewai66/posts/3697712530348394
မူရင်း အင်္ဂလိပ်စာ ဆောင်းပါး https://www.eastasiaforum.org/2021/03/17/can-myanmars-civil-disobedience-movement-restore-democracy/

Heinko Lwin

Heinko Lwin