ခွဲထွက်ရေးနဲ့ ပင်လုံ ဘယ်လိုဆက်စပ်လဲ

ဒီဆောင်းပါးမှာ ပါဝင်တဲ့အပိုင်း ၇ ပိုင်း အကျဥ်း။

၁။ ဒုတိယပင်လုံနိဒါန်း၊ ဒုတိယပင်လုံမစခင် အလာလမ်းမှာ ကချင်ကိုယ်စားလှယ်များရဲ့ ကွတ်ခိုင်ဆွေးနွေးချက် [ ၁၉၄၇၊ ဖေဖော်ဝါရီ ၁ ]

၂။ ဒုပင်လုံမစခင် ကချင် + ရှမ်း ကော်မတီရဲ့ သဘောတူညီချက် ၅ ချက် [ ၄၇၊ ဖေဖော်ဝါရီ ၆ ]

၃။ ချင်းအဖွဲ့ကလည်း ဒီ၅ချက်ကို သဘောတူ။ ချင်း ၊ ကချင်၊ ရှမ်း ကော်မတီရဲ့ သဘောတူညီချက် ၅ ချက် အဖြစ် သတ်မှတ်။ ဒါ့အပြင် ချင်းအဖွဲ့ရဲ့ ဖြည့်စွက်သဘောတူညီချက် ၃ ချက် ရှိလာ။ [ ၄၇ ဖေဖော်ဝါရီ ၇ ]

၄။ ချင်း-ကချင်-ရှမ်း ကော်မတီ၏ သဘောတူညီချက် ၅ချက်ကို ဗိုလ်ချုပ်က ပြန်လည်ဆွေးနွေး [ ဒုပင်လုံညီလာခံ၊ ၄၇ ဖေဖော်ဝါရီ ၁၀ ]

၅။ တောင်တန်းသားများစည်းလုံးညီညွတ်ရေးဦးစီးကော်မတီကို ချင်း၊ကချင်၊ရှမ်းတို့က ဖွဲ့။ [ ဒုပင်လုံညီလာခံ၌ ပင်လုံစာချုပ်တွင် လက်မှတ်ထိုးပြီးချိန် ]

ဒီတောင်တန်းသားများစည်းလုံးညီညွတ်ရေးဦးစီးကော်မတီက ချင်း၊ကချင်၊ရှမ်းတို့ကို ကိုယ်စားပြုတယ်၊ အဆိုပြုချက် ၇ ချက်ကို နယ်ခြားဒေသစုံစမ်းစစ်ဆေးရေး ကော်မတီဆီ တင်သွင်းတယ်။

၆။ နယ်ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မတီက ခုနင်က တောင်တန်းသားများကော်မတီရဲ့ အဆိုပြုချက်နဲ့ ကရင်၊ကရင်နီတို့ရဲ့ ဆန္ဒကို စုံစမ်းပြီး အစီရင်ခံစာ ၇ချက်ကို တိုင်းပြုပြည်ပြုလွှတ်တော်ဆီ တင်သွင်းတယ်။ ဒီအစီရင်ခံစာက လွတ်လပ်ရေးရပြီးရင် ထူထောင်မယ့်နိုင်ငံရဲ့ ခြေဥအတွက် အခြေခံမူပဲ ဖြစ်တယ်။ ( ၁၉၄၇ ဗမာနိုင်ငံ ခြေဥလို့ နာမည်တွင်မယ့် ခြေဥ ဖြစ်တယ်။ )

၇။ ဒီလိုခြေဥ ရေးဆွဲဖို့အတွက်၊ ဗိုလ်ချုပ်က လမ်းညွှန်ချက် ၇ ချက်ကို တင်သွင်းတယ်။ ဒီခြေဥရဲ့အားနည်းချက်ပါ အကျဥ်းရေးသားထား။

ဒီ ၇ ချက်ကပင် ပင်လုံနောက်ဆက်တွဲ(ဝါ) ပင်လုံမှာ ခွဲထွက်ရေး ပါလား မပါလား၊ ခွဲထွက်ရေးနဲ့ ပင်လုံ ဘယ်လိုဆက်စပ်လဲဆိုတာရဲ့ အရေးကြီးဆုံးသော သမိုင်းအထောက်အထားတချို့ပဲ ဖြစ်တယ်။ ခု စဖတ်ချိန် စိမ်းနေနိုင်ပေမယ့် ဆောင်းပါးအဆုံးထိ ဖတ်ပြီးရင် တစ် ခေါက် ပြန်လာဖတ်ကြည့်ပါ။

(အပိုင်း ၁ )

■ ကွတ်ခိုင်တွင် ကချင်ကိုယ်စားလှယ်များ အစည်းအဝေး ပြုလုပ်ခြင်း

ပထမပင်လုံညီလာခံကို ၁၉၄၆ မတ်လမှာ ကျင်းပခဲ့တယ်။ အဲဒီနောက် ၁၉၄၆ ဒီဇင်ဘာမှာ ဗိုလ်ချုပ်တို့ကိုယ်စားလှယ်အဖွဲ့က လန်ဒန်ကိုသွားတယ်။ ၁၉၄၇ ဇန်နဝါရီ မှာ "အောင်ဆန်း-အက်တလီစာချုပ်"ကို ချုပ်ဆိုခဲ့တယ်။ ဒီစာချုပ်ရဲ့ အပိုဒ်၈၊ အပိုဒ်ခွဲ (က)နဲ့(ခ)က ပင်လုံစာချုပ်ချုပ်ဆိုဖို့ ညွှန်းဆိုတာ ဖြစ်တယ်။

ပထမပင်လုံညီလာခံကျင်းပတုန်းက ရခိုင်ခရီးစဥ်ရှိလို့ မတက်နိုင်တဲ့ ဗိုလ်ချုပ်ဟာ ဒုတိယပင်လုံမှာ တက်ရောက်ခဲ့တယ်။ ဒုတိယပင်လုံညီလာခံကို ၁၉၄၇ ဖေဖော်ဝါရီ ၁၀ မှာ စကျင်းပတယ်။ (ဒါက အကျဥ်းပြန်ပြောတာ ဖြစ်ပြီး အကျယ်သိချင်ရင် " ဖက်ဒရယ်ကို သိချင်ရင် ပင်လုံကို သိမှရမယ်" ဆိုတဲ့ ဆောင်းပါးကို ဖတ်ဖို့ ခုနကတည်းက လင့်ခ်နဲ့တကွ ညွှန်းထားပါတယ်။ )

ကချင်ကိုယ်စားလှယ်များက ဒုတိယပင်လုံညီလာခံဆီ တက်ရောက်လာကြရာမှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ ၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာတွင် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြဖူးတယ်။ ဒီမတိုင်ခင်မှာ ကချင်​တွေထဲမှာ နှစ်ဖွဲ့ကွဲ​နေလို့ ကွတ်ခိုင်အစည်းအ​ဝေးကို လုပ်လိုက်ရတာဖြစ်တယ်။ မြစ်ကြီးနားကချင်ကိုယ်စားလှယ်​တွေက မြန်မာပြည်မနဲ့အတူ လွတ်လပ်​ရေးအရယူဖို့လုပ်ချင်တယ်၊ ဗန်း​မော်ကချင်ကိုယ်စားလှယ်​တွေက​တော့ အင်္ဂလိပ်ချ​ပေးမယ့် ဒိုမီနီယံအဆင့်သာ​နေလိုတယ်၊ အချို့ကိုယ်စား​တွေက​တော့ လက်ရှိ​အတိုင်း တောင်တန်း​ဒေသ​အဖွဲ့​အောက်မှာပဲဆက်​နေလိုတယ်။ ဒါ့ကြောင့် ကချင်က ခွဲမလားတွဲမလားဆိုပြီး ကွတ်ခိုင်အစည်းအ​ဝေးဖြစ်လာတာ။

ဒီကွတ်ခိုင်အစည်းအဝေးမှာ အောက်က လိုလားချက်များကိုလည်း တညီတညွတ်တည်း ချမှတ်ခဲ့တယ်။

(၁) ကချင်အမျိုးသားများဟာ ဗမာအမျိုးသားတွေနဲ့ တပြိုင်တည်းလွတ်လပ်ရေး ရရန်။

(၂) ကချင်အမျိုးသားများရဲ့ ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့နိုင်ငံ ထူထောင်ရန်အတွက် ကချင်အမျိုးသားပြည်နယ် ဖွဲ့စည်းရန်။

(၃) လွတ်လပ်တဲ့ သီးခြားကချင်နိုင်ငံထဲမှာ ဗန်းမော် နဲ့ မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်းဒေသများနဲ့ကသာမြို့ရဲ့ မြောက်ဘက် မြေပြန့်ဒေသများ ပါဝင်စေရန်။

(၄) ဗမာအမျိုးသားများနဲ့ ကချင်အမျိုးသားများ နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့နယ်နိမိတ် ချက်ချင်းသတ်မှတ်ရန်။

(၅) နယ်နိမိတ်သတ်မှတ်ပြီးခြင်း ဗမာပြည်ဘုရင်ခံလက်တွင်ရှိတဲ့ အခွင့်အာဏာများ ကချင်အမျိုးသားများ လက်သို့ပေးအပ်ရန်နဲ့ ဗမာပြည်ကြားဖြတ်အစိုးရ အဖွဲ့မှာ ကချင်အမျိုးသား ဝန်ကြီးတဦး ခန့်အပ်ရန်။

(က) ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီး တာဝန်ထမ်း ရွက်ရန်။

(ခ) ကချင်ဝန်ကြီးမှာ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးကိစ္စများတွင် ပါဝင်နိုင်ရန်။

(ဂ) ကာကွယ်ရေးဝန်ကြီးကို အကြံပေးရန်အတွက် ကချင်အမျိုးသားတဦး ခန့် ထားပေးရန်။

(၆) သီးခြားကချင်ပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နဲ့အတူ ဗမာတနိုင်ငံလုံး ဆောလျင်စွာ လွတ်လပ်ရေး ရရှိရန်အတွက် တိုင်းပြုပြည်ပြုလွှတ်တော်မှာ ချက်ချင်းပါဝင်ကြရန်။

(၇) အထက်မှာ ဖော်ပြတဲ့အတိုင်း ဗမာအမျိုးသားအားလုံး လွတ်လပ်ရေးရသည့် အခါ သီးခြားလွတ်လပ်သည့်ကချင်နိုင်ငံအပါအ၀င် လွတ်လပ်သည့် ဗမာ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရန်။

ခြွင်းချက်။

(က) သီးခြားကချင်နိုင်ငံက ပြည်ထောင်စုအတွင်း ပါဝင်မည်၊ မပါဝင်ဘူးဆိုသည့်ကိစ္စကို သီးခြားကချင်နိုင်ငံရဲ့ ပြည်သူလူထုကသာ ဆုံးဖြတ်ရမည်။

(ခ) ပြည်ထောင်စုဖွဲ့စည်းသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာ ခွဲထွက်ခွင့် ရှိရမည်။

(၈) ဗမာနိုင်ငံဗဟိုအစိုးရက ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေး အထောက်အပံ့ ပေးရမည်။

(၉) အထက်ပါ တညီတညွတ်တည်း ဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကို ရယူရန်။

( ကချင်ကိုယ်စားလှယ်နာမည်များကို ဆောင်းပါးအဆုံးသတ်တွင် ဖော်ပြမယ့် စာအုပ်၌ ဝင်ရောက်ဖတ်ရှုနိုင်။ )

ဒီလိုလားချက်ကို အတိုပြန်ရှင်းရှင်းရရင် ဗမာနယ်နဲ့အတူ လွတ်လပ်ရေးအတူယူမယ်၊ ကချင်နိုင်ငံထူထောင်ဖို့ ဦးဆုံး ကချင်ပြည်နယ် တည်ထောင်မယ်၊ ကချင်ပြည်နယ်က ဗမာကြားဖြတ်အစိုးရနဲ့ ပေါင်းပြီး အုပ်ချုပ်ရေးကဏ္ဍအပိုင်းမှာ ဝင်ရောက်မယ်၊ လွတ်လပ်ရေးရပြီးလို့၊ ကချင်နိုင်ငံထူထောင်ချင်လို့ ခွဲထွက်တဲ့အခါမှာ ကချင်လူထုကပဲ ဆုံးဖြတ်ရမယ်၊ လွတ်လပ်စွာ ခွဲထွက်ခွင့်ရှိရမယ်။

ဒီလိုအချက်တွေကို ကချင်ကိုယ်စားလှယ်များက လိုလားခဲ့တာ ဖြစ်တယ်။

(အပိုင်း ၂)

■ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ (၆) ရက်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်တွင် ပင်လုံမြို့၌ ကျင်းပသော “ရှမ်း နှင့်ကချင်” ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်။

အနာဂတ်ပြည်ထောင်စုမဖွဲ့စည်းခင် ကြားဖြတ်ကာလမှာ ရှမ်းနဲ့ကချင် တောင်တန်းဒေသဟာ ဗမာပြည်မနှင့် ဘယ်ပုံဘယ်နည်း ပူးပေါင်းဆက်သွယ်မယ်ဆိုတာကို စည်းဝေးကြတယ်။ ဒီအစည်းအဝေးကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့ ပင်လုံမှာ ကျင်းပတယ်။ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ရှမ်းလူထုကိုယ်စားလှယ်များ၊ ကချင်ခေါင်းဆောင်များ ပါဝင်တဲ့ ဒီအစည်းအဝေးက အောက်ပါအတိုင်း ဆုံးဖြတ်ကြတယ်။

ရှမ်းနှင့်ကချင်ကော်မတီအစည်းအဝေးက ဗမာပြည်မနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်းနှင့်ကချင်တို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ
ရရှိမည်ဟု ယုံကြည်သည့်အလျောက် အကူးအပြောင်းကာလတွင် ဗမာပြည်မအစိုးရ အမှုဆောင်ကောင်စီတွင် ပါဝင်ဆောင်ရွက်ရန်အတွက် မိမိတို့လူမျိုးအသီးသီးကိုယ်စားလှယ်များကို အောက်ပါ အချက်အလက်များအရ ပို့လွှတ်မည်။

(၁) ​တောင်တန်းနှင့်ပြည်မ တန်းတူအခွင့်အ​ရေးရှိရမည် (ဝါ) ဗမာတို့နှင့် အဆင့်တန်းတူ၊ အခွင့်ရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့်ရှိရမည်။

(၂) ဘုရင်ခံအမှုဆောင်ကော်မတီတွင်ပါဝင်ဆောင်ရွက်ကြသောရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့၏ ပြည်နယ်ရေးရာအားလုံးအတွက်
တာဝန်ယူဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်တော်အစရှိသော အားလုံးနှင့်သက်ဆိုင်သည့်ကိစ္စများအတွက် အားလုံး စုပေါင်းပူးတွဲတာဝန်ယူဆောင်ရွက်ကြရမည်။

(၃) ကချင်တို့က သီးခြားကချင်ပြည်နယ်အလိုရှိကြောင်း၊ ထူ​ထောင်လို​ကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။

(၄) ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရတို့၏ အောင်ဆန်း-အက်တလီစာချုပ်သဘောတူညီချက်များသည် ရှမ်း၊ ကချင် (​တောင်တန်း​ဒေသ) တို့နှင့် ပတ်သက်ခြင်း မရှိစေရ။

(၅) လွတ်လပ်ရေးရပြီးသည့်နောက် ဗမာ “ပြည်ထောင်စု” မှ ကျွန်ုပ်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိစေမည်။

( ဒီသဘောတူညီချက်ကို ချမှတ်ခဲ့တဲ့ ကချင်ကော်မတီဝင်၊ ရှမ်းကော်မတီဝင် ကိုယ်စားလှယ် ခေါင်းဆောင်များနာမည်ကို ဆောင်းပါးအဆုံးက စာအုပ်ထဲမှာ ဝင်ဖတ်လို့ရပါတယ်။ )

ဒီရှမ်း-ကချင်သဘောတူညီချက်ကို ချုံ့ရရင် တန်းတူညီမျှရေးကိစ္စ ပါလာတယ်၊ ခုနင်ကကချင်လိုလားချက်ကို ထောက်ခံတယ်၊ ခွဲထွက်ခွင့်ကိစ္စ ပါလာတယ်။

(အပိုင်း ၃)

■ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ (၇) ရက်နေ့နံနက်(၉) နာရီအချိန်တွင် ပင်လုံမြို့၌ ကျင်းပသော “ချင်း၊ ကချင်၊ ရှမ်း” ပူးတွဲကော်မတီ၏ ဆုံးဖြတ်ချက်

ရှမ်း-ကချင် ကော်မတီက ဖေဖော်ဝါရီ ၆ ၊ မွန်းလွဲ ၂ ခွဲမှာ အစည်းအဝေးလုပ်တယ်။ ညဘက်ကျတော့ ချင်းအဖွဲ့က ပင်လုံကို ဆိုက်ရောက်လာတယ်။ နောက်ရက်၊ ၇ရက်နေ့မှာ ချင်း ကချင် ရှမ်း ၃ ဖွဲ့ ပေါင်းပြီး အစည်းအဝေးလုပ်တယ်။ ဒီအစည်းအဝေးမှာ ရှမ်းနဲ့ကချင်ကိုယ်စားလှယ်အဖွဲ့တို့ရဲ့သ​ဘောတူထားတဲ့ ဆုံးဖြတ်ချက် ၅ ချက် တို့ကို ဖတ်ကြားရှင်းလင်းပြတယ်၊ ချင်းကိုယ်စားလှယ်အဖွဲ့က (၅) ချက်လုံးကို ​ထောက်ခံပြီး အောက်က အချက်များကို ထပ်မံဖြည့်စွက်အဆိုပြုတယ်။ ချင်းရဲ့ဖြည့်စွက်ချက် (၃) ချက်ကိုလည်း အားလုံးက သဘောတူလက်ခံကြတယ်။

(က) ဗဟိုအခွန်တော်ငွေနှင့်စပ်လျဉ်း၍ ရှမ်းတို့ခံစားရသော အခွင့်အရေးနှင့်ရပိုင်ခွင့်အားလုံးတို့အတိုင်း ချင်းနှင့်ကချင်တို့ကလည်း လူဦးရေအလိုက် ခံစားခွင့်ရှိစေရမည်။

(ခ) ချင်းတို့ဒေသတွင် ဘဏ္ဍာရေး မလုံလောက်ရှိခဲ့သော် ဗမာပြည်အခွန်တော်ဆက်ငွေများမှ ဖြည့်တင်းသုံးစွဲရမည်။

(ဂ) ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များပါဝင်သော တောင်တန်းများစည်းလုံးညီညွတ်ရေးအဖွဲ့ဦးစီးအမှုဆောင်ကောင်စီ (Supreme Council of United Hill People-SCOUHP) တရပ်ကို ဖွဲ့စည်းတည်ထောင်ရမည်။ ၎င်းအမှုဆောင်ကောင်စီ၌ တောင်တန်းသားများနှင့်ဗမာပြည်အစိုးရတို့အကြားတွင်ပေါ်ပေါက်သမျှသော ပေါ်လစီဆိုင်ရာကိစ္စရပ်အားလုံးနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာဏာအပြည့်အစုံရှိရမည်။

ဒီ (၃)ချက်ထဲမှာ တတိယအချက်မှာ ပါတဲ့ "တောင်တန်းသားများစည်းလုံးညီညွတ်ရေးဦးစီးကောင်စီ" (SCOUHP) ဆိုတာကို မှတ်ထား ပေးပါ။ ဒီသမိုင်းမှာ အရမ်းအရေးကြီးခဲ့တဲ့ ကောင်စီဖြစ်ပါတယ်။

(အပိုင်း ၄)

■ ပင်လုံညီလာခံ ပထမရက်မှာ ဗိုလ်ချုပ်ရဲ့ တုံ့ပြန်ဆွေးနွေးချက်

ဗိုလ်ချုပ်အောင်ဆန်းက ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်ကြီးများရဲ့ သဘောတူညီဆုံးဖြတ်ချက် (၅) ချက်အပေါ် တစ်ချက်ချင်းအလိုက် အောက်ပါ အတိုင်း ပြန်လည်ဆွေးနွေးပါတယ်။ လူမျိုးစု ၃ ခုရဲ့ သဘောတူညီချက် ၅ ချက်ကို ခုနက ဖော်ပြပြီးပြီဖြစ်ပေမယ့် ဖတ်ရလွယ်၊ပြန်မှတ်မိဆက်စပ်ရလွယ်အောင် ဗိုလ်ချုပ်ရဲ့ပြန်လည်ဆွေးနွေးချက်နဲ့ ပူးတွဲဖော်ပြလိုက်ပါတယ်။



(၁) ​တောင်တန်းနှင့်ပြည်မ တန်းတူအခွင့်အ​ရေးရှိရမည် (ဝါ) ဗမာတို့နှင့် အဆင့်တန်းတူ၊ အခွင့်ရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့်ရှိရမည်။

ဆုံးဖြတ်ချက်- ၁ နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “လွတ်လပ်ရေးရပြီးနောက် ဗမာနိုင်ငံတွင်အဆင့်အတန်းခွဲခြားခြင်းမရှိစေရန်နှင့် အားလုံးတန်းတူရည်တူခံစားခွင့်ရရှိစေရန် အစည်းအဝေးကြီးတွင် အာမခံချက်ပေးကြောင်း" ပြောကြားခဲ့တယ်။ ကိုယ်စားလှယ်များက တခဲနက်သြဘာပေးကြပါတယ်။



(၂) ဘုရင်ခံအမှုဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်ကြသောရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့၏ ပြည်နယ်ရေးရာအားလုံးအတွက်
တာဝန်ယူဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်တော်အစရှိသော အားလုံးနှင့်သက်ဆိုင်သည့်ကိစ္စများအတွက်
အားလုံး စုပေါင်းပူးတွဲတာဝန်ယူဆောင်ရွက်ကြရမည်။

ဆုံးဖြတ်ချက်-၂ နှင့်ပတ်သက်၍ “မူအားဖြင့် လက်ခံပြီးအထူးပြောစရာမရှိကြောင်း" ဗိုလ်ချုပ်က ပြောကြားတယ်။ ကိုယ်စားလှယ်အားလုံးကလည်း ထပ်ဆွေးနွေးခြင်း မရှိပါ။



(၃) ကချင်တို့က သီးခြားကချင်ပြည်နယ်အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။

ဆုံးဖြတ်ချက်- ၃ နှင့်ပတ်သက်၍ “ကချင်တောင်တန်းဒေသတွင် အကျုံးမဝင်သည့် မြစ်ကြီးနား၊ ဗန်းမော်ခရိုင်နှင့်ကသာမြေပြန့်ဒေသများ မပါဘဲ ကချင်ပြည်ဟု ပြည်နယ်တစ်ခုအဖြစ်ရပ်တည် နိုင်လိမ့်မည်ဟု မိမိမယုံကြည်ကြောင်း၊ သို့သော် မိမိအနေဖြင့် လုပ်ပိုင်ခွင့်မရှိသော်လည်း ကချင်လူမျိုးများ လိုလားတောင့်တလျက်ရှိသည့် ကချင်ပြည်နယ် ဖြစ်လာရေးကို လေးစား၍ မူအားဖြင့် မိမိထောက်ခံကြောင်း၊ ယင်းကိစ္စကိုလည်း ရက်သတ္တပတ် အနည်းငယ်အတွင်း ရန်ကုန်၌ ကျင်းပမည့် (ဖ.ဆ.ပ.လ) ညီလာခံတွင် မိမိကိုယ်တိုင်အဆိုတင်သွင်းမည် ဖြစ်ကြောင်း" ပြောကြားရာ ကိုယ်စားလှယ်များက တခဲနက်သြဘာပေးကြသည်။



(၄) ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရတို့၏ အောင်ဆန်း-အက်တလီစာချုပ်သဘောတူညီချက်များသည် ရှမ်း၊ ကချင် (​တောင်တန်း​ဒေသ)တို့နှင့် ပတ်သက်ခြင်း မရှိစေရ။

ဆုံးဖြတ်ချက်- ၄ နှင့်ပတ်သက်၍ “အောင်ဆန်း-အက်တလီစာချုပ်” ကို လက်ခံခြင်း မပြုဟူသော ကိစ္စမှာ ယခုဆွေးနွေးနေသည့်ကိစ္စနှင့် စပ်ဆိုင်ခြင်းမရှိသဖြင့် ဝေဖန်ဆွေးနွေးရန်မလိုကြောင်း ပြောကြားသွားသည်။



(၅) လွတ်လပ်ရေးရပြီးသည့်နောက် ဗမာ“ပြည်ထောင်စု” မှ ကျွန်ုပ်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိစေမည်။

ဆုံးဖြတ်ချက်- ၅ ခွဲထွက်ခွင့်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက “မူ” အားဖြင့် လက်ခံပြီး ဤအစည်းအဝေးက ဆုံးဖြတ်နိုင်မည်မဟုတ်ကြောင်း၊ တိုင်းပြုပြည်ပြုလွှတ်တော်တွင် တင်သွင်း၍ ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်းတင်ပြရာ အများကလက်ခံကြပါတယ်။

အထူးသဖြင့် ဒီအချက်​ (၅) ချက်ကို ညီလာခံမှာ​ဆွေး​နွေးကြရာမှာ ဖဆပလ​ခေါင်း​ဆောင်များက သိပ်ဘဝင်မကျတဲ့အချက် (၃) ချက်ရှိခဲ့ပါတယ်။

(၁) က မြစ်ကြီးနား၊ ဗန်း​မော်ခရိုင်များကို ကချင်ပြည်နယ်ဖွဲ့စည်းတဲ့အခါ ပါဝင်​ရေး၊ (၂) ရှမ်း၊ ကချင်​တို့က သ​ဘောကျတဲ့အချိန် စိတ်ကြိုက်ခွဲထွက်လိုခြင်းနဲ့ (၃) ​​​အောင်ဆန်း-အက်တလီစာချုပ်ကို ရှမ်း၊ ကချင်တို့နဲ့ပတ်သက်ခြင်းမရှိ​​ရဆိုတဲ့ အချက်​တွေပဲဖြစ်ပါတယ်။

မြစ်ကြီးနား၊ ဗန်း​မော်ခရိုင်​တွေကို ကချင်ပြည်နယ်​ထဲသွတ်သွင်း​ရေးနဲ့ပတ်သက်ပြီး ​တောင်းဆိုချက်​တွေက အဲ့​ခေတ်ကာလ​​နောက်ခံဆက်စပ်အ​ခြေအ​နေအရ အချက် (၂) ချက်နဲ့ ​လာငြိစွန်း​​နေပါတယ်။
(၁) အဲ့ခရိုင်​ဒေသ​တွေမှာ​နေထိုင်သူအများစုက ကချင်မဟုတ်ဘဲ ရှမ်း၊ ဗမာ၊ နဲ့ ရှမ်းတရုတ်လူမျိုးများဖြစ်​နေခြင်း (ထို့​ကြောင့် သူတို့၏ဆန္ဒသ​ဘောထားများကိုပါ​တောင်းခံရန်လိုအပ်ခြင်း) နဲ့
(၂) ၁၉၃၅ မြန်မာ(နိုင်ငံ)စီရင်အုပ်ချုပ်မှုဥပ​ဒေအရ ကန့်သတ်ထားခြင်းတို့ဖြစ်ပါတယ်။

ဒါ​ကြောင့် ​ဗိုလ်ချုက်က ဖော်ပြပါခရိုင်​ဒေသ​တွေကို ကချင်ပြည်နယ်ထဲသွတ်သွင်းရာမှာ ​ဒေသခံပြည်သူ​တွေရဲ့ ဆန္ဒကို​လေးစားလိုက်နာရမှာဖြစ်​ကြောင်း​ဆွေး​နွေး​ပြောကြားခဲ့ပါတယ်။

ဒါ​ပေမယ့် ကချင်​ခေါင်း​ဆောင်​တွေက လိုလားချက်အားကြီးတာ​ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ်ထူ​​ထောင်​ရေးအတွက် မူအားဖြင့်သ​ဘောတူပြီး ခွဲထွက်ခွင့်ကိစ္စက​တော့ တိုင်းရင်းသားလူနည်းစုအခွင့်အရေးဖြစ်ပြီး မခွဲထွက်ချင်အောင် ဗမာလူများစုက လုပ်ပြရမည်ဟု ပြောဆိုလာတဲ့အထိ ခွဲထွက်ခွင့်ကိစ္စကို အမျိုးသားသွေးစည်းညီညွတ်ရေး​ရှေးရှုပြီး အလေးပေးဂရုစိုက်ခဲ့ကြောင်း တွေ့ရပါတယ်။

(အပိုင်း ၅)

■ တောင်တန်းသားများစည်းလုံးညီညွတ်ရေးဦးစီးကောင်စီနဲ့ နယ်စပ်ဒေသစုံစမ်းစစ်ဆေးရေးကော်မတီ

ပင်လုံစာချုပ်မချုပ်ခင် တိုင်းရင်းသား​တွေစု​​ပေါင်းဖွဲ့တဲ့ ကောင်စီက #တောင်တန်းသားများစည်းလုံးညီညွတ်ရေးဦးစီးကောင်စီ ဖြစ်တယ်။ စာချုပ်ချုပ်ဆိုပြီး​နောက် ပင်လုံကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ ဗမာအစိုးရအဖွဲ့က ဖွဲ့တာက #နယ်စပ်ဒေသစုံစမ်းစစ်ဆေးရေးကော်မတီ ဖြစ်တယ်။

ပင်လုံစာချုပ်မှာ ကိုလိုနီနယ် ၄ ခု ( ချင်း၊ ကချင်၊ ရှမ်း နဲ့ ဗမာနယ် ) တို့ ပူးပေါင်း-လွတ်လပ်ရေးယူ-တိုင်းပြည်သစ်ထူထောင် တဲ့ နေရာမှာ အခြေခံမူအဖြစ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုထားတယ်။ ဒါမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခြေခံမူနဲ့ ဖွဲ့စည်းရမယ့် နိုင်ငံတော်သစ်ကို ဘယ်လိုဖွဲ့စည်းထူထောင်မလဲဆိုတာ ပင်လုံစာချုပ်မှာ အသေးစိတ် မပါဘူး။

လွတ်လပ်ရေးယူပြီးရင် နိုင်ငံသစ်ထူထောင်ရာမှာ ဘယ်လိုပူးပေါင်းမလဲဆိုတာ နည်းလမ်းရှာဖို့ ဗမာနယ်ဘက်က အစိုးရက “နယ်စပ်ဒေသ စုံစမ်းစစ်ဆေးရေး ကော်မတီ” (Frontier Areas Committee of Enquiry – FACE) ကို “အောင်ဆန်း အက်တလီ
စာချုပ်”အပိုဒ်(၈) အပိုဒ်ခွဲ(ဃ)အရ ဖွဲ့စည်းလိုက်တယ်။

[အောင်ဆန်းအက်တလီစာချုပ် အပိုဒ်(၈) အပိုဒ်ခွဲ (က) နဲ့ (ခ) တို့က ပင်လုံစာချုပ်ချုပ်ဆိုရေးကို ညွှန်းဆိုပြီး အပိုဒ်ခွဲ (ဂ) နဲ့ (ဃ) တို့ကျ ပင်လုံစာချုပ်အရ ဆက်လက်ဆောင်ရွက်ရမယ် ကိစ္စများကို ညွှန်းဆိုတယ်။ ဒီကော်မတီကို FACE လို့ အတို ခေါ်သွားပါမယ်။


“နယ်စပ်ဒေသ စုံစမ်းစစ်ဆေးရေး ကော်မတီ ” FACE ဟာ ၁၉၄၇ ခုနှစ် မတ်လမှာ လုပ်ငန်း စတယ်။ ဒီ၁၉၄၇ ဇွန်လမှာပဲ တိုင်းပြုပြည်ပြုလွှတ်တော် (ဒီတိုင်းပြုပြည်ပြုလွှတ်တော်ဟာ ၁၉၃၅ ဗမာပြည်အစိုးရအက်ဥပဒေအရ ဖွဲတည်ထားတာ ဖြစ်တယ်။) ဆီ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။

FACEရဲ့ အဓိကတာဝန်က ချင်း၊ ကချင်နဲ့ ရှမ်းတို့ဟာ ဗမာပြည်ကြားဖြတ်အစိုးရနဲ့ ပူးပေါင်းပြီး လွတ်လပ်ရေးကို အတူတကွ ယူပြီးအခါ ထူထောင်မယ့် နိုင်ငံတော်သစ်မှာ ဘယ်လိုဖွဲ့စည်းပုံအခြေခံဥပဒေကို ကျင့်သုံးမလဲ၊ ဘယ်လိုဖွဲ့စည်းထူထောင်သင့်လဲ ဆိုတဲ့ “ပူးပေါင်းခြင်းနည်းလမ်း” (Method of Association) ကို စုံစမ်းစစ်ဆေးဖို့၊ ရတဲ့အဖြေနည်းလမ်းကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ အကြံပေးတင်ပြဖို့ ဖြစ်တယ်။

တစ်နည်းပြောရရင် အသစ်ဖွဲ့စည်းထူထောင်မယ့် ပြည်ထောင်စုကြီးရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ အခြေခံရမယ့် လမ်းညွှန်အခြေခံမူတွေကို ချင်း၊ ကချင်နဲ့ ရှမ်းလူမျိုးများသာမက အခြားလူမျိုးပေါင်းစုံတို့ရဲ့ဆန္ဒနဲ့အညီ ရှာဖွေတင်ပြရန်ဖြစ်တယ်။

ချင်း၊ ကချင်နဲ့ ရှမ်းတို့ဟာ ပင်လုံစာချုပ်ကို အတူတကွ လက်မှတ်ရေးထိုးပြီး အနာဂတ်အရေးကို စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ “#တောင်တန်းသားများစည်းလုံးညီညွတ်ရေးဦးစီးကောင်စီ” (Supreme Council of United Hill Peoples – SCOUHP) ကို ဒုတိယပင်လုံညီလာခံကျင်းပစဥ်မှာ ဖွဲ့စည်းထူထောင်ခဲ့ကြတယ်။ ဒီကောင်စီက ချင်း၊ ကချင်နဲ့ ရှမ်း တို့ကို ကိုယ်စားပြုပြီး နယ်ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မတီဆီကို အဆိုပြုချက် တင်ခဲ့တယ်။ အဲဒီအဆိုပြုချက်က အောက်က ၇ ချက်ပဲ ဖြစ်တယ်။

(၁) တိုင်းပြုပြည်ပြု လွှတ်တော်တွင် တောင်တန်းဒေသ (ချင်း၊ ကချင်နှင့်ရှမ်း)များကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်
သောအခါ လူမျိုး၊ ဘာသာနှင့်ကိုးကွယ်ယုံကြည်မှုများကိုအလျဉ်းမျှ ထည့်သွင်းစဉ်းစားခြင်းမပြုဘဲကိုယ်စားလှယ်တဦးစီ၏ပညာအရည်အချင်းကိုသာ အခြေခံ၍ ဒေသန္တရကောင်စီများမှအဆိုပြု တင်သွင်းရမည်။

(၂) တိုင်းပြုပြည်ပြု လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်သောအခါ လူဦးရေကိုအခြေခံ၍ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သော်လည်း ဆုံးဖြတ်ချက်များကို ချမှတ်သောအခါ သက်ဆိုင်ရာဒေသကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံဆန္ဒမဲဖြင့်သာ ဆုံးဖြတ်ချက်များကို ချမှတ်ရမည်။ (အထူးသဖြင့်ချင်းလူမျိုးများအကြား ဒေသန္တရစကား၊ ဓလေ့ထုံးတမ်းစဉ်လာများ ကွဲပြားခြားနားမှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို ထည့်သွင်း စဉ်းစားရမည်)။

ထိုသို့ဆောင်ရွက်ရာတွင်-
(က) ဗမာ/မြန်မာလူမျိုးများ ရရှိသည့် အခွင့်အရေးအားလုံးကို တန်းတူအခွင့်အရေး ရရှိစေရမည်။

(ခ) တောင်တန်းဒေသ(ချင်း၊ကချင်နှင့်ရှမ်း)များတွင် မိမိတို့ဒေသဆိုင်ရာ အတွင်းရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝ ရှိစေရမည်။

(ဂ) မြန်မာနိုင်ငံမှမည်သည့်အချိန်တွင်မဆိုလွတ်လပ်စွာ ခွဲထွက်ပိုင်ခွင့်ရှိစေရမည်။

(၃) အနာဂတ်တွင်ဖွဲ့စည်းပြဋ္ဌာန်းရမည့်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သေချာရှင်းလင်းစွာ ပြဋ္ဌာန်းရမည့် အချက်တခုမှာ - တောင်တန်းဒေသရှိ
တိုင်းရင်းသားလူမျိုးများ၏ ကြိုတင်သဘောတူညီချက်မပါရှိဘဲ၊ မည်သည့်သံတမန်ဆက်ဆံရေးနှင့်သံအမတ်များ၊ သံအရာရှိများ ခန့်ထားခြင်း မပြုလုပ်ရ။

(၄) ပြည်ထောင်စု အတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ (ဥပမာ ကာကွယ်ရေး၊ နိုင်ငံခြားရေး စသည့်ကိစ္စရပ်များ)တွင်တောင်တန်းဒေသ ကိုယ်စားလှယ်များ၏ အများဆန္ဒနှင့် ကြိုတင်သဘောတူညီချက်မရှိဘဲ ဆောင်ရွက်ခြင်း မရှိစေရ။
ထိုသို့ဆောင်ရွက်ရာတွင် ဗမာကိုယ်စားလှယ်များ အများစုဆန္ဒဖြင့်တဖက်သတ်ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိစေရ။

(၅) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းသောအခါ တောင်တန်းဒေသ (ချင်း၊ ကချင်နှင့်ရှမ်း) များနှင့်ပတ်သက်သော တိကျသည့်ပြဋ္ဌာန်း
ချက်များကိုထည့်သွင်းပြဋ္ဌာန်းရမည်။ ထို ပြဋ္ဌာန်းချက်များတွင်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသောအခါ တောင်တန်းဒေသများနှင့် စပ်လျဉ်း၍ ထိုဒေသများ၏ အရေးကိစ္စကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ထိခိုက်နစ်နာစေသော အချက်များဖြစ်ပါကသက်ဆိုင်ရာဒေသကိုကိုယ်စားပြုသောကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံနှင့်အထက်ထောက်ခံမဲဖြင့်သာ ထို ပြင်ဆင်ပြဋ္ဌာန်းချက်ကို ပြုလုပ်နိုင်သည်။

(၆) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါရှိသော အချက်အလက်များနှင့် ရေးသားပြဋ္ဌာန်းချက်များကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် သဘောထား ကွဲလွဲချက်များရှိပါက၊ ရန်ကုန်မြို့တွင်ရုံးထိုင်သော တရားလွှတ်တော်ချုပ်ရှိတရားသူကြီးချုပ်နှင့် အခြား တရားလွှတ်တော်တရားသူကြီး (၂) ဦး ပါဝင်သည့် တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်ကိုခံယူရမည်။

(၇) ပြည်ထောင်စုအစိုးရ ဝန်ကြီးအဖွဲ့၏ ဝန်ကြီးများကို ခန့်အပ်သောအခါ ဗမာ(ခ)မြန်မာလူမျိုး ဝန်ကြီးဦးရေသည် တောင်တန်းဒေသများမှ ပြည်ထောင်စု အစိုးရတွင် တာဝန်ထမ်းဆောင်မည့်ပြည်ထောင်စုဝန်ကြီး ဦးရေ စုစုပေါင်း ထက်မပိုစေရ ။

ဒီ ၇ ချက်ပဲ ဖြစ်ပါတယ်။ ဒီ ၇ ချက်မှာ အရေးကြီးတဲ့အပိုင်းတွေမှာ လူမျိုးစုတွေဟာ ဗမာနဲ့တန်းတူဖြစ်ဖို့ကိုပဲ အလေးပေးထားတာ တွေ့ရပါတယ်။

တောင်တန်းသားများညီညွတ်ရေးဦးစီးကောင်စီရဲ့ ဒီတင်ပြချက်များထဲမှာ အရေးကြီးဆုံးအခြေခံမူတွေက -
(၁) အမျိုးသားတန်းတူရေး၊
(၂) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊
(၃) ပြည်ထောင်စုမှခွဲထွက်လိုပါက ခွဲထွက်ခွင့်ရရှိရေးတို့ပဲ ဖြစ်တယ်။ ထပ်ပြောပါမယ်။ ခွဲထွက်လိုရင် ခွဲထွက်နိုင်ရေးအတွက် ​သေချာတဲ့ခွဲထွက်ခွင့်ကတိကိုရရှိဖို့ကိစ္စပါ။

ဒီကောင်စီက တင်တာပြီးတော့ ဟိုကော်မတီရဲ့တင်ပြချက်ကို ဆက်လက်ပြောပြပါမယ်ဗျ။ နယ်စပ်ဒေသ စုံစမ်းစစ်ဆေးရေး ကော်မတီ (FACE) ဟာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ချင်း၊ ကချင်နှင့်ရှမ်း တို့သာမက ကရင်နဲ့ ကရင်နီလူမျိုးများတို့ရဲ့ဆန္ဒကိုသိရှိရန် ကိုယ်စားလှယ်များ​စေလွှတ်ပြီး စုံစမ်းတောင်းခံ​စေပြီး ရလာတဲ့အချက်​တွေ​ပေါ်အ​ခြေခံကာ တိုင်းပြုပြည်ပြုလွှတ်တော်ဆီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ အခြေခံမူများ တင်ပြခဲ့တယ်။ ဒီမူ(၇)ချက်ကို နောက်တစ်ပုံမှာ ဆက်ဖတ်နိုင်ပါတယ်။

(အပိုင်း ၆)

■ FACEက တိုင်းပြုပြည်ပြုလွှတ်တော်ဆီ တင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ အခြေခံမူ ၇ ချက်က အောက်မှာ ပါတဲ့အတိုင်း ဖြစ်တယ်။

(၁) ပြည်ထောင်စုရှမ်းပြည်နှင့်ကချင်တောင်တန်းဒေသများမှ ကိုယ်စားလှယ်များ၏ ထွက်ဆိုချက်အရ သူတို့သည် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့်
(အသစ်ဖွဲ့စည်းထူထောင်မည့်နိုင်ငံတော်သစ်ကို) ဖွဲ့စည်းရန် အထူးလိုလားတောင်းဆို၍ ထိုဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်ထောင်စုရှမ်းပြည်နှင့်
ကချင်တောင်တန်းဒေသများကို ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြင့် ဖွဲ့စည်းရန် လိုလားတောင်းဆိုကြသည်။

(၂) ကိုယ်စားလှယ်အားလုံး၏ ထွက်ဆိုချက်များတွင်ဝိဝါဒကွဲပြားခြင်း မရှိဘဲ ဘုံတူညီသော အချက်တစ်ချက်မှာ - ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို
ကိုယ်ပိုင်ပြဌာန်းခွင့် (Full Autonomy) အပြည့်အဝ ပေးရမည်ဟူသော အချက်ပင်ဖြစ်သည်။ ထို့အပြင် သူတို့အားလုံး၏ ထွက်ဆိုချက်တွင် တူညီသော အခြားအချက်တခုမှာ - ပြည်ထောင်စုထံသို့ အချို့အာဏာများကို အပ်နှင်းထားရမည်ဟူသော အချက်ဖြစ်ပါသည်။

ရှင်းလင်းချက်။ ။ Autonomy သည် ဒေသတစ်ခုမှစ၍ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သော တိုင်းပြည်တွင်ရှိသင့်ရှိထိုက်သော နိုင်ငံရေးအာဏာ
ဖြစ်သဖြင့် ယင်းတွင်ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အားလုံး အကျုံးဝင်ပါသည်။

(၃) ချင်းတောင်တန်းဒေသမှ ကိုယ်စားလှယ်များသည် ဗမာဗမာပြည်နယ် ( Burma Proper) နှင့် ပေါင်း၍ ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တစ်ခုအဖြစ် ပါဝင်ရန် (To Federate) လိုလား ကြသည်။ တစ်ချို့ကမူ ဗမာပြည်မ (Ministerial Burma )နှင့် ပူးပေါင်းရန်(To Amalgamate) လိုလားကြသည်။

သူတို့ အားလုံး၏ လိုလားချက်မှာ - ချင်းလူမျိုးတို့ ဓလေ့ထုံးတမ်း အစဉ်အလာအတိုင်း မိမိတို့ကိုယ်ပိုင်စီမံခြင်းကို လုံးဝ အနှောက်အယှက်မပေးရန်နှင့် ၎င်းတို့၏ ရိုးရာအစဉ်အလာအတိုင်း မိမိတို့ကိုယ်ပိုင်စီမံခြင်းကို လုံးဝအနှောက်အယှက်မပေးရန်နှင့်၎င်းတို့၏ရိုးရာ အစဉ်အလာ အုပ်ချုပ်ရေးစနစ်အရ Chieftains ခေါ် ရမ်အုပ်(Ram-Uk) များက သက်ဆိုင်ရာတောင်ကြောအလိုက်အုပ်ချုပ်ခြင်းကိုသာ လိုလားကြသည်။

(၄) ဆူမ္မရာဘွမ်၊ သောင်သွပ်၊ ဆင်ကလင်းခမ်းတီးနှင့်ဟုမ္မလင်း ခရိုင်ခွဲဒေသမှ ကိုယ်စားလှယ်များ၏ ထွက်ဆိုချက်အရ သူတို့သည် ဗမာပြည်မ ( Ministerial Burma)နှင့် ပေါင်းစပ် (To be incorporated) လိုကြ၍ သူတို့ဒေသများကို ဗမာပြည်မ( Ministerial Burma )တွင် ရရှိသော အခွင့်အရေး အားလုံးကိုရရှိခံစားလိုကြသည်။

(၅) ကရင်နီကိုယ်စားလှယ်များ၏ ထွက်ဆိုချက်အရ သူတို့သည်တိုင်းပြုပြည်ပြုလွှတ်တော်ကိုတက်ရောက်ရန်ဆန္ဒရှိကြသော်လည်း ပြည်ထောင်စုအဖွဲ့
ဝင်ပြည်နယ်တစ်ခုအဖြစ်ကရင်နီပြည်ပါဝင်ရေး၊ မပါဝင်ရေးကိုမူယတိပြတ်ဆုံးဖြတ်ခြင်း မရှိကြသေးပေ။

(၆) ယခုလက်ရှိအခြေအနေတွင်အသင့်တော်ဆုံးဟုဟူဆရသည်မှာ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်ကိုသာ ပြဌာန်း၍၊ ထိုယာယီဖွဲ့စည်းပုံအခြေခံ
ဥပဒေဖြ င့်ဖက်ဒရယ်ကောင်စီ(Federal Council) တစ်ခုကို ဖွဲ့စည်းသင့်ပါသည်။ ထိုဖက်ဒရယ်ကောင်စီက ပြည်ထောင်စုအတိုင်းအတာဖြင့်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ကိုင်တွယ်၍ နောင်သောအခါ ထို ဖက်ဒရယ်ကောင်စီကပြည်ထောင်စုအတိုင်းအတာဖြင့်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ကိုင်တွယ်၍ နောင်သောအခါ ထိုဖက်ဒရယ်ကောင်စီကိုပြည်ထောင်စုဥပဒေအဖွဲ့ (သို့မဟုတ်) အထက်လွှတ်တော်(ဆီးနိတ်) အဖြစ် အသွင်ပြောင်း သင့်ပါသည်။

(၇) ကိုယ်စားလှယ်အားလုံး၏ ထွက်ဆိုချက်များတွင်ဝိဝါဒကွဲပြားမှုမရှိဘဲ၊ ဘုံသဘော တူညီချက်ရရှိနိုင်သော အချက်မှာ -

ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ (Burma Federation) တွင်ပြည်ထောင်စုအစိုးရက ပြည်
ထောင်စုအင်္ဂါရပ်(Federal Organ) ဖြစ်သော အောက်ပါကိစ္စရပ်များကိုသာ ကိုင်တွယ်ကျင့်သုံးပိုင်ခွင့်ရှိရမည်။ ယင်းတို့မှာ

(က) နိုင်ငံတကာရေးရာ
(ခ) ကာကွယ်ရေး
(ဂ) စာတိုက်နှင့်ကြေးနန်း
(ဃ) ဆက်သွယ်ရေး
(င) ငွေကြေးနှင့်ငွေဒင်္ဂါး
(စ) အကောက်ခွန်
(ဆ) ဘွဲ့ဂုဏ်ထူး (FACE:11:91)

ဒီအချက်တွေက FACEက တိုင်းပြုပြည်ပြုလွှတ်တော်ဆီ တင်သွင်းတာ ဖြစ်တယ်။ ဒီကော်မတီ(FACE)က တင်ပြတဲ့အချက်ကို ဗိုလ်ချုပ်ရဲ့ မူ ၇ချက်နဲ့ နီးကပ်စွာ တင်ပြရတာက ဗိုလ်ချုပ်မူ၇ချက်နဲ့ ဒီကော်မတီရဲ့၇ချက်ကို ယှဥ်မိ စေချင်လို့ပါ။

■ တိုင်းပြုပြည်ပြုလွှတ်တော်ပထမညီလာခံ၌ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ထားရှိရမည့် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက်(၇) ချက်

လွတ်လပ်တဲ့ အ ချုပ်အခြာအာဏာပိုင်ဗမာနိုင်ငံတော်အတွက် ရေးဆွဲရမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လမ်းညွှန်ပြဋ္ဌာန်းချက်(၇) ချက်ကို ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းပြီး အတည်ပြုချက် ရယူခဲ့ပါတယ်။

" တောင်တန်းဒေသများနှင် ကရင်နီနယ်များ အပါအဝင်ဖြစ်သော ဗမာနိုင်ငံတော်သူနိုင်ငံတော်သားတို့၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့်လျော်ညီစွာ၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စီစဉ်ရေးဆွဲရန်အလို့ငှာ စုံညီစုဝေးကြလျက်အောက်ပါ ပြဋ္ဌာန်းချက်များကိုချမှတ်ကြောင်း။

၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုနိုင်ငံတော်ဟုခေါ်တွင်စေသော လွတ်လပ်သည့်အချုပ်အခြာ အာဏာပိုင်သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်စေရမည်။ ထို့အပြင်

၂။ ပြည်ထောင်စုနိုင်ငံတော်တွင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟု သတ်မှတ်ွဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေတွင်သတ်မှတ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ ရရှိစေရမည်။ ထို့အပြင်-

၃။ အချုပ်အခြာအာဏာပိုင်လွတ်လပ်သော သမ္မတဗမာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရ အဖွဲ့အစည်းအားလုံးတို့၏
အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှဆင်းသက်စေရမည်။ ထို့အပြင်-

၄။ ပြည်ထောင်စုနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း တရားမျှတမှုရှိစေလျက်၊ အဆင့်အတန်း အခွင့်အရေး ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင်၊ တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့စောင့်စည်းအပ်သောအကျင့်သိက္ခာနှင့်သော်လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ဝတ်ပြုခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ်ထားရှိစေရမည်။ ထို့အပြင်-

၅။ ဤ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လူနည်းစုများအဖို့လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်း ပြဋ္ဌာန်းထားရှိစေရမည်။ ထို့အပြင်-

၆။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတဗမာနိုင်ငံ၏ နယ်မြေတို့ တပေါင်း တစည်းတည်း တည်တံ့ခိုင်မြဲရေးကို လည်းကောင်း၊ နိုင်ငံ၏
ကြည်း၊ ရေ၊ လေ တို့ကိုအချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်းဥပဒေအရထိန်းစောင့်ထားရှိစေရမည်။ ထို့အပြင်-

၇။ ရာဇဝင်တွင်ထင်ရှားခဲ့သောဤဗမာနိုင်ငံတော်သည်ကမ္ဘာတွင်မိမိ၏ဂုဏ်ကျက်သရေနှင့်လျော်စွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ရောက်ရှိ
စေရမည့်ပြင်၊ လူသတ္တဝါတို့၏ တိုးတက်ရေးနှင့်ကောင်းကျိုး ချမ်းသာပြည့်ဝရေးတို့ကို တာဝန်အလျောက်စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက်
ထမ်းရွက်ကာ ပြည်ထောင်ချင်းချင်း ဆိုင်ရာ တရားဓမ္မနှင့်ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေ့ရှုလျက်နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကိုခိုင်မြဲသော အဓိဋ္ဌာန်ဖြင့်စောင့်ထိန်းတော့အံ့။ "



ဆိုတော့ ပြီးခဲ့တဲ့ အချက် ၇ ချက် တွေ ( ကောင်စီက တင်ပြတာ၊ ကော်မတီက တင်ပြတာ၊ ဗိုလ်ချုပ်က လမ်းညွှန်တာ တစ်ခုကို ၇ချက်နဲ့ စုစုပေါင်း ၂၁ ချက်) အားလုံးကို ခြုံငုံလိုက်ရင်

၁။ ကိုလိုနီနယ် ၄နယ်က လွတ်လပ်ရေးကို အတူတကွယူပြီး ကရင်နီနယ်ပါ အပါအဝင် ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အဲဒီကတည်းက စတင်ထည်ထောင်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်တယ်။

၂။ ဒီဖက်ဒရယ်ပြည်ထောင်စုအတွက် ခြေဥကို ရေးဆွဲရာမှာ မူတွေချမှတ်ခဲ့ကြတယ်။ ( ဒီမိုကရေစီ၊ အမျိုးသားတန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီဟာတွေပဲ ဖြစ်တယ်။) ဒီမူတွေဟာ ခုနင်က ၂၁ ချက် ကနေ ဆင်းသက်လာတာပဲ။ ခုနက ၂၁ ချက်ထဲမှာ ကြည့်ရင်

▪︎ ကောင်စီက တင်ပြတာမှာ "ခွဲထွက်ရေး"အပိုင်း၊
▪︎ ကော်မတီက တင်တာမှာကျ "ဖက်ဒရယ်ပြည်ထောင်စု"၊
▪︎ ဗိုလ်ချုပ်ရဲ့ လမ်းညွှန်ချက်မှာကျ "တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ"

ဒါတွေကို အဓိကထား တွေ့ရှိရပါတယ်။

ဒီဟာတွေဟာ ဗိုလ်ချုပ်လုပ်ကြံခံရပြီး မကွယ်လွန်ခင်၊ ဇွခြေဥရေးဆွဲဖို့ မူအဖြစ် ထားရှိထားကြောင်း သုံးသပ်လို့ရတဲ့အချက်တွေ ဖြစ်ပါတယ်။

(အပိုင်း ၇)

ဒီအပိုင်းက ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။

၁၉၄၇၊ မေလမှာ ဖဆပလက ခြေဥမူကြမ်းကို တင်ပြလာတာမှာ၊ ခွဲထွက်ခွင့်က ခြေဥမူကြမ်းမှာ အခန်းတစ်ခန်းအနေနဲ့ ပါလာပါတယ်။ အဲ့မူကြမ်းကို​အ​ခြေခံပြီး​ရေးဆွဲခဲ့တဲ့ ၄၇ ခြေဥကို တကယ်ပြဋ္ဌာန်းတော့လည်း ဒီအခန်းက ပါလာခဲ့တယ်။

၄၇ ခြေဥရဲ့ ဂျင်းထည့်ခန်းကို မပြောခင် ၄၇ ခြေဥက "ခွဲထွက်နိုင်သောအခွင့်အရေး"အပိုင်းကို ပြောပြပါမမယ်။ အတိုပြောရရင် ဒီ၄၇ခြေဥ စပြဋ္ဌာန်းတဲ့နေ့ကစလို ၁၀ နှစ်အတွင်းမှာတော့ ခွဲထွက်ခွင့်မရှိဘူး။ ( ခွဲထွက်ချင်ရင်၊ ၁၉၅၈ စက်တင်ဘာ ၂၅ မှာမှ ခွဲထွက်ရေးအတွက် လုပ်ငန်းဆောင်တာ စလို့ရမယ်။ ) ၁၉၄၈ စက်တင်ဘာ ၂၄မှာ "၄၇ခြေဥ"က စတင်အသက်ဝင်ပါတယ်။ "၁၀ နှစ်အတွင်း ခွဲထွက်ခွင့်ကို အသုံးမပြုရ" ဆိုပြီး ၄၇ ခြေဥမှာ ပါတာကိုး။

၄၇ ခြေဥမှာ ပါတာက ပြည်နယ်များဟာ ခွဲထွက်လိုရင် အဆင့် ၂ဆင့်နဲ့ မဲခွဲတာ လုပ်ရတယ်။

၁။ ခွဲထွက်လိုတဲ့ ပြည်နယ်က မိမိရဲ့ပြည်နယ်ကောင်စီမှာ ခွဲထွက်ရေးအဆို တင်ရတယ်။ ရှိတဲ့အမတ် ၃ ပုံ ၂ ပုံက ထောက်ခံမှ ပထအအဆင့် မဲခွဲတာ ပြီးမြောက်တယ်။ ဒီလိုမဲခွဲအောင်မြင်ပြီးကြောင်း ဆုံးဖြတ်ချက်ကို ပြည်နယ်ဥက္ကဋ္ဌက သမ္မတဆီ အကြောင်းကြားရတယ်။ ပြည်နယ်ကောင်စီရဲ့သဘာပတိရဲ့ "ဟုတ်မှန်ကြောင်းလက်မှတ်ထိုးထားတဲ့" ဆုံးဖြတ်ချက်မိတ္တူကိုလည်း သမ္မတဆီ တင်ပြရတယ်။

၂။ ဒီအခါကျမှ သမ္မတက အဲဒီပြည်နယ်မှာ လူထုဆန္ဒခံယူပွဲကျင်းပဖို့ အမိန့်ထုတ်တယ်။ ဆန္ဒခံယူပွဲကျင်းပရမယ်။ ဒီလိုမျိုးပဲ ပြဋ္ဌာန်းသွားတယ်။ လုပ်ထုံးလုပ်နည်းများကို တိကျသေချာစွာ ပြဋ္ဌာန်းထားခြင်းမျိုး မရှိဘူး။ ဒီတော့ ၄၇ ခြေဥမှာ ခွဲထွက်ခွင့်ကို မည်ကာမတ္တ ပြဋ္ဌာန်းထားရုံပဲ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာက ခွဲထွက်ခွင့်ဆိုတာ နောက်ဆုံးရွေးချယ်မှုပဲ။ သူ့ဘာသာသူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ( ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်) အာဏာ အပြည့်အဝ လျော်ညီစွာ ရနေရင်၊ အေးဆေးပဲ။ ၄၇ ခြေဥကို မူကြမ်း ရေးဆွဲတုန်းက ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်ဖို့ ရေးဆွဲခဲ့တယ်။ မူလည်း ကောင်းတယ်၊ ဒါမယ့် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် မဖြစ်လာခဲ့တာ ဘာကြောင့်လဲ။ အားနည်းချက် ၃ ချက် တင်ပြပါမယ်။

■ ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အားနည်းချက်များ

ပင်လုံစိတ်ဓာတ် ၊ ပင်လုံမူနဲ့ ပင်လုံကတိကဝတ်တို့ကို အခြေခံပြီး လူမျိုးစုများက ပင်လုံညီလာခံတွင်မျှော်မှန်းခဲ့တာတွေက

▪︎ လွတ်လပ်ရေးအမြန်ရအောင် လွတ်လပ်ရေးကို ကိုလိုနီနယ်၄နယ်က အတူတကွ ရယူမယ်

▪︎ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးများ အပြည့်အဝရှိတဲ့ ပြည်နယ်များ ထူထောင်မယ်

▪︎ ဒီပြည်နယ်တွေ စုပေါင်းထားတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လွတ်လပ်ရေးရပြီးတာနဲ့၊ ဖက်ဒရယ်မူအခြေခံတဲ့၁၉၄၇ ခြေဥ စအသက်ဝင်တာနဲ့ ဖွဲ့စည်းထူထောင်နိုင်မယ် ဆိုတာတွေပဲ ဖြစ်တယ်။

ဒီအတိုင်းသာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်ဟာ အနှစ်(၆ဝ) ကျော်ကြာတဲ့ ပြည်တွင်းစစ်နဲ့ ကင်းဝေးခဲ့မှာပဲ။ ဒါ့အပြင် တစ်ပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုဒဏ်မှလည်း လွတ်ကင်းခဲ့မှာပဲ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့အမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီး ဆက်လက်ရေးဆွဲ၊ ပြဌာန်းခဲ့တဲ့ ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွန်မူ(၇) ချက်ကနေ သွေဖီခဲ့တယ်။ အဲဒါအပြင် “ပင်လုံစိတ်ဓာတ်၊ ပင်လုံမူနှင့်ပင်လုံကတိကဝတ်” တို့ကိုပါ ဂရုမစိုက်ခဲ့ဘူး။ ဒါကြောင့်မို့ပဲ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေခံမူတို့အရ ပြည်ထောင်စုသစ်ကို ဖွဲ့စည်းထူထောင်ကြမယ်ဆိုတာ မဖြစ်လာခဲ့ဘူး။ ပင်လုံမြေက ကတိက၀တ်က ၄၇ ခြေဥမှာ အပြည့်အဝမပါလာဘူး။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကနေ လမ်းလွဲသွားတယ်။ ပြည်ထောင်စုစနစ်နဲ့ တစ်ပြည်ထောင်စနစ်တို့ ရောစပ်ပေါင်းစည်းထားတဲ့ အတုအယောင်ပြည်ထောင်စုကြီး ဖြစ်လာခဲ့တယ်။

ဥပမာ ပြောရရင်၊ နားနဲ့မနာ ဖဝါးနဲ့နာ၊ မုဒိမ်းကောင်ဟာ မုဒိမ်းကျင့်ခံရတဲ့ မိန်းမငယ်လေးကို လက်လည်းမထပ်၊ ဇနီးမယားအရာ မသွင်းဘဲ၊ အိမ်စေတစ်ဦးပုံစံထားပြီး၊ သူဘေးနား အမြဲ ခေါ်ထား၊ လိုအပ်တိုင်း၊ ကာမဆန္ဒ ရယူသလိုမျိုး အနေအထားပဲ။ ဥပမာက ရိုင်းချင်ရိုင်းမယ်။ ဒါမယ့် အဲဒီလိုအနေအထားမျိုး ဖြစ်ခဲ့တာ ဖြစ်တယ်။

ဆိုတော့ ၄၇ ခြေဥရဲ့ အားနည်းချက်တွေ ပြောပါမယ်။

၁။ ၄၇ ခြေဥရဲ့ ပထမ အားနည်းချက်

“ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နိုင်ငံရေးအာဏာများ အပြည့်အဝအပ်နှင်းခြင်းမရှိ” တဲ့အချက်က ပထမအားနည်းချက်ပဲ။ ဗိုလ်ချုပ်ရဲ့လမ်းညွန်မူအရ ပြည်ထောင်စုအဖွဲ့ဝင်အမျိုးသားပြည်နယ်များဟာ မိမိတို့ရဲ့ ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရ၊ ပြည်နယ်တရားရုံးများကို ထူထောင်ခွင့်ရှိစေရမည်။ ဒါ့အပြင် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို
လွတ်လပ်စွာ ကျင့်သုံးပြဋ္ဌာန်းခွင့်ရရှိရန်အတွက် အမျိုးသားပြည်နယ်အသီးသီးမှာ ကိုယ့်ပြည်နယ်နဲ့ ကိုက်ညီမယ့် အမျိုးသားပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကိုသီးခြားလွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းခွင့် ရှိစေရမယ် ဆိုပြီး ပါတယ်။ ဒါ ပေမယ့် ၄၇ ခြေဥအရ ပြည်ထောင်စုအဖွဲ့ဝင်အမျိုးသားပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နိုင်ငံရေးအာဏာများ မ ပေးထား၊ မအပ်နှင်းထားခဲ့ဘူး။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုလည်း သီးခြားလွတ်လပ်စွာ ရေးသားပြဋ္ဌာန်းခြင်း မပြုဘဲ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ တင်းကျပ်စွာ ပူးတွဲပြဋ္ဌာန်းခဲ့တယ်။ ၄၇ ခြေဥ ဖတ်ကြည့်ရင် တွေ့ရပါမယ်။ ကချင်၊ ချင်း၊ ရှမ်းပြည်တို့နဲ့ သက်ဆိုင်တဲ့ ဥပဒေကို ၄၇ခြေဥမှာ ပူးတွဲပြဋ္ဌာန်းထားတယ်။ တကယ်ဆို အဲဒီလိုလုပ်ရမှာမဟုတ်ဘူး။ ဒီ ၃ ပြည်နယ်ကို ကိုယ်ပိုင်ပြည်နယ်ခြေဥ ရေးဆွဲပြဋ္ဌာန်းဖို့ အာမခံ​ပေးထားရမှာ ဖြစ်တယ်။

ဒီလိုဖြစ်ကုန်တော့ ပြည်ထောင်စုအဖွဲ့ဝင်အမျိုးသားပြည်နယ်များက ကိုယ့်ကံကြမ္မာကို လွတ်လပ်စွာ ပြဋ္ဌာန်းခွင့်ကို မပြောနဲ့ဦး၊ ကိုယ့်ပြည်နယ်ရေးရာကိစ္စများကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ပါ ဆုံးရှုံးသွားခဲ့တယ်။

၂။ ဒုတိယ အားနည်းချက်

“ပြည်ထောင်စုလွှတ်တော်ထဲမှ လူမျိုးစုလွှတ်တော်ခေါ် အထက်လွှတ်တော်တွင် အမျိုးသားပြည်နယ်များက ဦးရေတူညီသော လွှတ်တော်ကိုယ်စားလှယ်များကို အညီအမျှ စေလွှတ်ရမည်” ဆိုတာ အကုန် "သဘောတူထားတဲ့ အခြေခံမူ"ဖြစ်တယ်။ ဒါမယ့် အထက်လွှတ်တော်ကို အောက်လွှတ်တော်လိုပဲ လူဦးရေအချိုးအစားကို အခြေခံပြီး ရွေးချယ်စေလွှတ်ခဲ့တယ်။ ဒီတော့ တန်းတူရေးဆိုတဲ့ အနှစ်သာရ မရှိတော့ဘူး။

ဒါကို နားလည် အောင် ပြောရရင် အထက်လွှတ်တော်ကို ကိုယ်စားလှယ်အရေအတွက် ဗမာနယ်က ၁ ဦးလွှတ်ရင်၊ ကချင်နယ်ကလည်း ၁ ဦးလွှတ်ရမယ်၊ ချင်းကလည်း ၁ ဦး လွှတ်ရမယ်၊ ရှမ်းကလည်း ၁ ဦး လွှတ်ရမယ်။ ပုံမှန်အားဖြင့် အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) ဟာ လူဦးရေပမာဏအချိုးအစားကို အခြေခံပြီး ကိုယ်စားလှယ် စေလွှတ်ရတယ်။ ဒါကို ပြန်ထိန်းကျောင်းတဲ့အနေနဲ့ အထက်လွှတ်တော်မှာကျ လူဦးရေပမာဏအချိုးအစားကို အခြေမခံဘဲ၊ ပြည်နယ်အလိုက် ကိုယ်စားလှယ်ဦးရေ တန်းတူလွှတ်တယ်။ လူမျိုးစု လူဦးရေ နည်းတဲ့ အမျိုးသားပြည်နယ်ဟာ အထက်လွှတ်တော်မှာ တစ်နေရာရမယ်၊ လူဦးရေများတဲ့ ပြည်နယ်ကလည်း အထက်လွှတ်တော်မှာ တစ်နေရာပဲရမယ်။ ဒီလိုမျိုး ဖြစ်ရမှာ။

ဒါမယ့် ၄၇ခြေဥအရ ဒီလိုမျိုး မလွှတ်ဘဲ၊ အထက်လွှတ်တော်ကိုလည်း အောက်လွှတ်တော်အတိုင်းပဲ လူဦးရေပမာဏ ပေါ် မူတည်ပြီး ရွေးချယ်စေလွှတ်တယ်။ ဒီတော့ လူဦးရေ ပိုများတဲ့ ဗမာ (ဝါ) မြန်မာလူမျိုးများက အထက်လွှတ်တော်နဲ့
အောက်လွှတ်တော် ၂ ခုလုံးမှာ နိုင်ငံရေးအရ လွှမ်းမိုးထိန်းချုပ်နိုင်ခဲ့တယ်။ လူဦးရေနည်းတဲ့ လူမျိုးစုတွေအသံက လွှတ်တော်မှာ မပေါက်တော့ဘူး။ ဒီလိုနဲ့ပဲ ပြည်ထောင်စုတစ်ခုလုံးရဲ့ နိုင်ငံတော်အာဏာရပ်များ စုစည်းရာ ဗဟိုအချက်အချာဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကို ဗမာလူမျိုးတစ်မျိုးထဲရဲ့ လက်ထဲကို ထိုးအပ်လိုက်သလို ဖြစ်သွားတယ်။ ဒါက ၄၇ ခြေဥရဲ့ ဒုတိယအားနည်းချက်။

၃။ တတိယအားနည်းချက်

အဲဒီထက် ပိုဆိုးတဲ့ တတိယအားနည်းချက်က ပြည်ထောင်စုစနစ်အရ အမျိုးသားပြည်နယ်များဟာ ပြည်နယ်အစိုးရကိုလွတ်လပ်စွာ ဖွဲ့စည်းပြီး ပြည်ထောင်စုအစိုးရကို ပူးပေါင်းဖွဲ့စည်းရမှာ ဖြစ်ပေမယ့် ဗမာ(မြန်မာ) လူမျိုးများအတွက်ကျ အမျိုးသားပြည်နယ်တစ်ခုအဖြစ် သီးခြားဖွဲ့စည်းခြင်းမပြုဘဲ ပြည်ထောင်စုအစိုးရ၏အာဏာတစ်ခုလုံးကို ဗမာလူမျိုးများ စီမံခွင့်ရှိစေ၊ လုံးဝဥဿုံထိန်းချုပ်ခွင့်ရှိစေ ဆိုတာမျိုးကို ၄၇ ခြေဥက ဖန်တီးလိုက်တာပဲ ဖြစ်တယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ပါမယ်။ ပင်လုံမတိုင်ခင်ကာလကို ပြောရရင် ကချင်လိုလားချက်၊ ရှမ်း-ကချင် ကော်မတီရဲ့ သဘောတူညီချက်၊ ရှမ်း-ကချင်-ချင်း အူးတွဲကော်မတီ သဘောတူညီချက်ရဲ့ သဘောတူညီချက် ၅ ချက်နဲ့ ဒီ ၅ ချက်အပေါ် ဗိုလ်ချုပ်ရဲ့ ပြန်လည်တုံ့ပြန်ချက် ပေါ်မူတည်ပြီး ပင်လုံစာချုပ်ကို ကိုလိုနီနယ် ၄ နယ်က ခေါင်းဆောင်များ လက်မှတ်ထိုးနိုင်ခဲ့တယ်။

ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ရာမှာ ဖက်ဒရယ်ပြည်ထောင်စုကိုတည်​ဆောက်ဖို့အတွက် ဦးတည်အခြေခံကြတယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိဖို့၊အမျိုးသားတန်းတူညီမျှမှု ရဖို့နဲ့ ခွဲထွက်လိုပါက လွတ်လပ်စွာ ခွဲထွက်ခွင့် ရရှိဖို့ကို ဦးတည်ထားကြတယ်။ ဒါကြောင့်မို့ ခွဲထွက်ခွင့်ဟာ ပင်လုံနဲ့အတူ မွေးဖွားလာခဲ့တဲ့ အခွင့်အရေးဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးနောက် တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမှာ ပြည်နယ်တွေကို ပင်လုံကတိနဲ့အညီ အာဏာ ပေးအပ်တာမရှိဘဲ၊ စနစ်တကျ စုစည်းထားတဲ့ ပြည်ထောင်စုဟာ လက်​တွေ့မှာ​တော့ တကယ်မရှိခဲ့ပါဘူး။ ပြည်ထောင်စုအတုသက်သက်သာဖြစ်တယ်၊ နားလှည့်ပါးရိုက်လုပ်ထားတဲ့ ပြည်ထောင်စုဖြစ်တယ်။ နိုင်ငံရေးအာဏာအရလည်း ဗမာလူမျိုး လွှမ်းမိုးကြီးစိုးသော လွှတ်တော်ပုံစံမျိုး ဖြစ်နေခဲ့ပါတယ်။ ဆိုတော့၊ ၁၉၆၂ နေဝင်းအာဏာမသိမ်းခင်မှာ ၄၇ ခြေဥကို ပြင်ဆင်မယ့်၊ စစ်မှန်တဲ့ပြည်​ထောင်စုစစ်စစ်မူကိုချမှတ်ခဲ့တဲ့ ဖက်ဒရယ်နှီးနှောဖလှယ်ပွဲကို စီမံခဲ့ကြပါသေးတယ်။ အဲဒီဟာကိုလည်း "ဖက်ဒရယ်ကို သိချင်ရင် ပင်လုံကို သိဖို့ လိုတယ်"ဆိုတဲ့ ဆောင်းပါးအဆုံးသတ်နားမှာ ရေးသားခဲ့ပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဟာ လူမျိုးစုတို့ရဲ့ ပြည်နယ်များ ခွဲထွက်ရေး(သို့မဟုတ်)ပြည်ထောင်စုပြိုကွဲရေးကို တားဆီးနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ညီညွတ်စွာ စုစည်းထားတဲ့ ပြည်ထောင်စု လုံးဝမဟုတ်ခဲ့ဘဲ လက်နက်အားကိုးနဲ့ ဆွဲငင်စုစည်းထားတဲ့ ဗိုလ်ကျတစ်ပြည်​ထောင်နိုင်ငံဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်လုပ်ကြံခံရတာကလည်း အလှည့်အပြောင်းဖြစ်ခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း နောက်ပိုင်း ဗမာပြည်က ခေါင်းဆောင်တွေဟာ ဗမာမဟုတ်တဲ့ လူမျိုးစုတွေရဲ့ ဒေသပြည်နယ်တွေအပေါ် လက်တစ်လုံးခြား လူလည်ကျခဲ့ကြတယ်။ မရှိခဲ့တဲ့ ပြည်ထောင်စုကို အတင်းရှိခိုင်းပြီး တစ်ဖက်မှာလည်း ဗမာခေါင်းဆောင်ကြီးစိုးသော စစ်တပ်ဟာ လူမျိုးစုတွေအပေါ်ကို တောက်လျှောက်ဖိနှိပ်ခဲ့။ ( ဒါတောင် စစ်တက္ကသိုလ်ရဲ့ ပထမဆုံးကျောင်းအုပ်ဟာ ကချင်လူမျိုး ဖြစ်ပါတယ်။)

ဒီတော့ ဆောင်းပါးရဲ့ အဆုံးသတ်စာပိုဒ်အနေနဲ့ နည်းစနစ်ကျကျ တိတိပပပြောရရင် တင်ပြခဲ့တဲ့ သမိုင်းအထောက်အထားတွေအရ၊ ရှမ်း၊ ကချင်၊ ချင်း လူမျိုးစုတို့ရဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ဟာ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်နဲ့ သက်ဆိုင်ရာကတိများအရ၊ ခွဲထွက်လိုပါက ခွဲထွက်ခွင့် အပြည့်အဝရှိနေခဲ့ပါတယ် ဆိုတဲ့အကြောင်း လေးနက်စွာ တင်ပြလိုက်ပါတယ်။

Credit to BBP - Resistance | Facebook
မူရင်းပို့စ် BBP - Resistance - Posts | Facebook
Heinko Lwin

Heinko Lwin