အရေးတော်ပုံ ကာလ နဲ့ ဒိုတာ

အောက်က ပုံက ကျွန်တော် ဒိုတာ(ဂိမ်း) ဆော့တဲ့ ရက်တွေကို ပြတဲ့ data ပါ

Pro မဟုတ်ပါဘူး၊ အပျော်ဆော့တယ်၊ အပျင်းပြေဆော့တယ်၊ party ပဲ ဆော့တာများတယ်၊ အဲ့တာကြောင့်လည်း rank မတတ်တာ 😂 ရှုံးရင်တော့ စိတ်တိုတာပေါ့လေ

d1 ဆော့တဲ့ အချက်အလက်ကတော့ မရှိတော့ဘူး၊ ဒါက d2 ဆော့တဲ့ဟာပဲ ပြထားတာ

အကွက် အကြီးကြီးတွေက အဲ့ဒီ တစ်ရက်တည်းမှာ ပွဲအများကြီး ဆော့ဖြစ်တာ အပျောက်လေးတွေက တစ်ပွဲ ၂ ပွဲပေါ့၊ အရမ်း စိမ်းနေရင် အနိုင်များတဲ့ရက်ဖြစ်ပြီး၊ နီရင်တော့ အရှုံးများတဲ့ရက်

အဓိက ပြောချင်တာကတော့ ကွက်လပ်တွေ...
လုံးဝ မဆော့ဖြစ်တဲ့ ရက်တွေပါ...

၂၀၁၆-၂၀၁၇ ဆိုတာ ကျောင်းတက်နေဆဲနဲ့၊ ကျောင်းပြီးခါစ ရန်ကုန်မှာ အလုပ်လုပ် နေတဲ့ အချိန်တွေ အရမ်းဆော့တယ်။

၂၀၁၈ April မှာ broken ဖြစ်ပြီး အလုပ်ကထွက်၊ အိမ်တွင်းအောင်းပြီးနောက် recovery ပြန်လုပ်ပြီး စင်္ကာပူမှာ အလုပ်လာလုပ်ဖို့ ပြင်ဆင်ပါတယ်၊ အလုပ်ရှာတယ်၊ စာဖတ်တယ်၊ လေ့လာတယ် September အထိ ဆိုပါတော့ မဆော့ဖြစ်တဲ့ လ တွေပါ။

၂၀၁၉ မှာတော့ ကြိုကြား ကြိုကြားနဲ့ ပြန်ဆော့ပါတယ်၊ ပိုက်ဆံတွေစု ကွန်ပျူတာ အသစ် ဝယ်ဖို့ ကြံစည်တယ်။

၂၀၂၀ မှာတော့ စက်အသစ်နဲ့ comfort zone ထဲ ရောက်ပြီး တစ်နှစ်လုံး အသေအကြေ ဆော့ပါတယ်၊ အောက်မှာ မြင်တဲ့အတိုင်းပဲ၊ ကိုဗစ်ကြောင့် ဘယ်မှကို မထွက်ပဲ ဆော့ဖြစ်တာလည်းပါပါတယ်။

၂၀၂၁ Feb မှာတော့ မအလ လုပ်လိုက်တာ ခုထိ ဆော့ချင်စိတ်လည်း မရှိတော့သလို မဆော့ဖြစ်တော့ဘူး၊ ဆော့ဖော် ဆော့ဖက် ကောင်တွေ မရှိပဲ တစ်ယောက်တည်း မဆော့ချင်တာလည်း ပါတယ်။

စိတ်ပြေလက်ပျောက် တခြား physical activities တွေလုပ်ဖြစ်တယ်၊ အလုပ်ကိုတောင် focus လွတ်သွားလို့ ပြန်ပြီး အာရုံ စိုက်နေရပါတယ်။

အခု ဟီးရိုး အသစ်တွေထွက်လာတော့ ပြန်ပြီးတော့ စိတ်ဝင်စားမှုတော့ ရှိလာတယ် ဒါပေမယ့် မဆော့ဖြစ်သေးဘူး၊ လုပ်စရာ တွေ အများကြီး ရှိနေသေးတယ်လို့ ခံစားမိလို့ပါ။

ဒိုတာ ဆော့ရတာ ဘယ်လိုလဲဆိုရင် အချိန် အရမ်းပေးရတယ်၊ တစ်ပွဲ ဆော့ဖို့ ၄၅ မိနစ်လောက်တော့ ပျမ်းမျှ ကုန်တယ်။ တစ်ပွဲလောက် ဆော့ရုံနဲ့လည်း မဝဘူး ၂ ပွဲလောက်တော့ ဆော့ဖြစ်တယ်ဆိုရင် စောင့်ရတာနဲ့ နား တာနဲ့ ၂ နာရီလောက်ကတော့ ပေးကို ပေးရတယ်။

အဲ့ဒီတော့ မဆော့ဖြစ်တော့ အဲ့ဒီအတွက် အချိန်မပေးဖြစ်တော့ဘူး၊ စာပိုဖတ်ဖြစ်လာတယ်၊ တခြား စိတ်ကူးရှိပြီးသားတွေ အကောင်အထည် ဖော်ဖြစ်လာတယ်။

ဘော်ဒါတွေက အင်တာနက် အဆင်မပြေ ဖြစ်နေချိန် တစ်ယောက်တည်း ဆော့ဖို့လည်း အားမရှိပါဘူး၊ အွန်လိုင်းလည်း မဖြစ်ကြတော့ဘူး၊ အခု တစ်ယောက်စ နှစ်ယောက်စ ပြန်ပြီး အွန်လိုင်း ဖြစ်လာကြတာတော့ တွေ့ရတယ်၊

တစ်ကယ်တော့ ခုချိန် ဂိမ်းဆော့ရတာ relax မဖြစ်ဘူးလို့ထင်တာပဲ၊ ဘော်ဒါတွေနဲ့ voice chat ပြီး အော်ဗြဲ ဆော့နေမှ ပျော်စရာကောင်းတာ၊ အခု အဲ့လို အခြေအနေတွေမှမရှိသေးတာ၊ ပုံမှန် အခြေအနေတွေ မဟုတ်သေးလို့ မဆော့သေးတာပဲ ကောင်းမယ်၊ အဲ့ဒီအစား career ပြောင်းဖို့ပဲ ဖြစ်ဖြစ်၊ skills ဖြည့်တာပဲဖြစ်ဖြစ်၊ တခြား တစ်ခုခုအတွက် အချိန်ပေးတာ ပိုသင့်တော်ပါလိမ့်မယ်။

အရေးတော်ပုံကြီး အောင်ပြီးသွားတဲ့အခါ အရင်လို့ အေးအေးဆေးဆေးနဲ့ သောကြာ၊ စနေ ညတွေမှာ ညလုံးပေါက် ဆော့ချင်ပါသေးတယ်

Heinko Lwin

Heinko Lwin