လစ်ဗျား နွေဦးတော်လှန်ရေး

ရေးသားသူ - ဆရာ လှစိုးဝေ

(၁)

တူနစ်ရှားတွင် လက်တွန်းလှည်းဖြင့် ဟင်းသီးဟင်းရွက် ရောင်းချနေသူ လူငယ်လေးတဦးမှ မတရားသည့် လုပ်ရပ်များကို မခံမရပ်နိုင်ဖြစ်ကာ မိမိကိုယ် မိမိ မီးရှို့ ဆန္ဒပြရာမှ စတင်ခဲ့သော အာရပ်‌‌ ‌နွေဦးတော်လှန်ရေးကြီးသည် တူနီရှား နှင့် အီဂျစ် ရှိ အာဏာရှင်တို့ ပြုတ်ကျသွား‌ စေခဲ့ပြီးနောက် လစ်ဗျားသို့ ၂၀၁၁ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် စတင် ကူးစက်လာခဲ့ပေသည်။

လူ့အခွင့်အရေး တိုက်ပွဲဝင်သူ ရှေ့နေ ဖီသီတာဘဲလ် အား ဖမ်းဆီးခဲ့မှု အပေါ် လွှတ်ပေးရန် တောင်းဆိုရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထိုအရေး အတွက် လစ်ဗျား ပြည်သူများက ဘင်ဂါဇီ မြို့တွင် နှစ်ရက်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြရာမှ စစ်တပ်မှ အင်အားသုံး ဖြိုခွင်းလာသဖြင့် တရက်တည်းတွင်ပင်  ၁၄ ဦးသေဆုံးသွားခဲ့သည်။

ဖေဖေါ်ဝါရီ ၁၈ ရက်တွင် သေဆုံးသူများ ၏ ရုပ်ကလပ်ကို မြုပ်နှံရန် စီတန်း လှည့်လည်လာသည့် လူတန်းကြီးသည် စစ်တပ် ဝင်းကြီး အရှေ့သို့ အရောက်တွင် အထဲရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှ လူအုပ်ကြီးက ခဲများ နှင့် ပြစ်ပေါက်ခဲ့ကြသည်၊ စစ်သားများ က ပြန်လည် ပြစ်ခတ်သဖြင့် နေရာတွင်ပင် နောက်ထပ် ၂၄ ဦး သေနတ်ကျည်ထိမှန် သေဆုံးသွားခဲ့ရပြန်သည်။

ပြစ်ခတ်မှုတွင် ပါဝင်သော ရဲ နှစ်‌ယောက်အား ဆန္ဒပြသူများက ဖမ်းဆီးနိုင်ခဲ့သဖြင့် ကြိုးပေး ကွပ်မျက်လိုက်ကြသည်။

ထပ်မံသေဆုံးသွားသူများ အတွက် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် အသုဘ ချရန် စီတန်းလှည့်လည် လာစဉ်တွင် စစ်စခန်းဝင်းကြီး ရှေ့အရောက်တွင် ထပ်မံ ပြစ်ခတ်ခံကြရပြန်သည်။ ဆန္ဒပြသူများကပြန်လည် လက်တုန့်ပြန်လာခဲ့ကြပြီးဘူဒိုဇာများ ဖြင့် စစ်တပ် ဝင်းအုတ်တံတိုင်းကို ဖြို့ဖျက်ပြစ်လိုက်ကြသည်၊ အတွင်းမှ စစ်သားများက ဆန္ဒပြသူများကို အပြင်းအထန် ပြစ်ခတ်လာသည်။

ဆန္ဒပြသူများက တုတ်ဓါးများ၊ သံဖြူဗုံးများထဲ ယမ်းမှုန့်များ ထည့်ထားသော လက်လုပ်ဗုံးများ နှင့် တိုက်ခိုက်ခဲ့ကြသည်။

ထိုအချိန်တွင် နောက်ထပ် လူအုပ်ကြီးသည်ဘင်ဂါဇီ မြို့စွန်ရှိ စစ်စခန်းတခုကို အောင်မြင်စွာ ဝင်ရောက် စီးနင်းနိုင်ခဲ့သဖြင့် လက်နက်များ ရရှိသွားခဲ့သည်။

ရရှိသွားသော လက်နက်များထဲတွင့် တင့်ကား အငယ်စား သုံးစီး ပါသဖြင့်အဆိုပါ တင့်ကားများကို သုံး၍ စစ်တပ်ဝင်းထဲ ထိုးဖေါက် တိုက်ခိုက်ခဲ့ကြသည်။

နောက်ထပ် လူ ၃၀ ခန့် ကျဆုံးသွားပြီးနောက် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် တိုက်ပွဲရပ်ဆိုင်းသွားခဲ့သည်။

ထို‌‌ နေ့မှာပင် မစ်စထရာ မြို့၌ ဆန္ဒပြသူများ နှင့် စစ်တပ်အကြား ထိတ်တိုက် ရင်ဆိုင်ခဲ့ရာမှ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာခဲ့ပြန်သည်။

(၂)

ဘင်ဂါဇီတွင် တတိယအကြိမ်မြောက် အသုဘ ချရန်စီတန်းလှည့်လည်လာသည့် လူတန်းကြီးက စစ်တပ် ဝင်းရှေ့သို့ ဖြတ်လာခဲ့ကြရပြန်သည်။ လူအုပ်ကြီးနှင့် အတူ လိုက်ပါလာသည့် မာဒီ ဇီယူ ဆိုသူသည် သူ၏ ကားထဲတွင် ပရိုပိန်း ဗူးများ နှင့် လက်လုပ်ဗုံးများ အပြည့်ထည်လာကာ စစ်တပ် ဝင်းတံခါးကို အသေခံ ဖေါက်ခွဲ ဖျက်ဆီးပြစ်လိုက်သည်။

ယင်းနှင့်အတူ မနေ့က ရပ်ဆိုင်းလိုက်သောတိုက်ပွဲကြီးက ပြန်လည် စတင်လာခဲ့ပေတော့သည်၊ တိုက်ပွဲဝင်နေသူများကို ကူညီရန် ဘေဒါ နှင့် ဒါနာ မြို့များမှ ပြည်သူများ အားဖြည့် ပူးပေါင်းလာကြသည်။

တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများ ဖက်မှ ၄၂ ယောက် ကျဆုံးသွားခဲ့သည်။

စစ်တပ် ဖက်မှ အရေးမလှ ဖြစ်လာနေ၍ဘင်ဂါဇီ ရှိ ပိတ်မိနေသော စစ်တပ်ကို ကူညီရန် ကဒါဖီ က ပြည်ထဲရေး ဝန်ကြီး အဗ္ဗဒူ ဖာတာ ယွန်းနစ်အား အထူးတပ်ဖွဲ့များနှင့် အတူ စေလွှတ်လိုက်သည်။

သို့သော် ပြည်ထဲရေး ဝန်ကြီးသည် ဆန္ဒပြပြည်သူများဖက် ခိုလှုံလာခဲ့ပြီး ကဒါဖီ တပ်များကို မြို့တွင်းမှ ဘေးကင်းစွာ ထွက်ခွာနိုင်ရန် အာမခံပေးခဲ့သည်၊ ဤသို့ဖြင့် ကဒါဖီတပ်များ ဘင်ဂါဇီ မှ ဆုတ်ခွာသွားခဲ့ကြသည်၊ သို့သော် မဆုတ်ခွာမီ ပြည်သူများအား ပြစ်ခတ်ရန် ငြင်းဆန်ခဲ့သည့် တပ်သား ၁၃၀ ကို ကွပ်မျက်သွားခဲ့ကြသည်။

၂၀၁၁ ဖေဖေါ်ဝါရီ ၂၂ ရက်တွင် ကဒါဖီသည် ရုပ်မြင်သံကြားရှေ့ ထွက်လာပြီးလက်ရှိ ဖြစ်ပျက်နေမှုများအား တရုတ်ပြည်ရှိ တီယန်မင် ရင်ပြင် ဆန္ဒပြပွဲများနှင့် နှိုင်းယှဉ်ကာ မိမိလည်း တရုတ်အစိုးရကဲ့သို့ ချေမှုန်းရမည်ဟု ပြောဆိုလာခဲ့သည်။

ထိုအချိန်တွင် ဆန္ဒပြ ပုန်ကန်မှုများက အရှိန် ကောင်းလာနေပြီး နိုင်ငံ၏ အရှေ့ဖက်ခြမ်းကို ပြည်သူများက ထိန်းချုပ်နိူင်ခဲ့ပြီ ဖြစ်သည်။ တဖြေးဖြေး နှင့် မြို့တော် ထရီပိုလီသို့ ချည်းကပ်လာနေပြီဖြစ်သည်။

ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် လက်နက်ကိုင်ပြည်သူများက မစ်စထရာ မြို့မှ ကဒါဖီ တပ်များကို အပြီးအပိုင် မောင်းထုတ်နိုင်ခဲ့ကြသည်။ နောက်တနေ့တွင် ကဒါဖီ သစ္စာခံ တပ်များက မစ်စထရာ လေဆိပ်ကိုပြန်လည် သိမ်းပိုက်နိုင်ရန် တိုက်ခိုက်လာကြသည်။ ထိုအချိန်တွင် အနီးအနားရှိ လေတပ် အကယ်ဒမီ သိပ္ပံ ကျောင်းမှ အရာရှိ‌  လောင်း များက တပ်တွင်းပုန်ကန်မှုကို စတင်လာခဲ့ပြီး လေတပ်စခန်းကို ပြည်သူများနှင့် အတူ ပူးပေါင်းတိုက်ခိုက်ကာ ဂျက်တိုက်လေယာဉ်များ သုံးမရအောင် ကူညီ ဖျက်ဆီးပေးခဲ့ကြသည်။

ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် တရားရေး ဝန်ကြီး အပါအဝင် ကဒါဖီ ၏ လက်ရုံးအချို့က ပြည်သူများဖက် ကူးပြောင်းလာခဲ့ခြင်းနှင့် အတူ ကဒါဖီ အစိုးရသည် ပြိုလဲရန် တဲတဲသာ ကျန်တော့သည်ဟု သတင်းများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ နိုင်ငံတကာ၏ ဖိအားများနှင့်ပြစ်ဒဏ်ခတ်မှူများက တိုးတက်များပြား

လာနေပြီး ဘင်ဂါဇီ အပါအဝင် မြို့ကြီးအတော်များများကို ပြည်သူများက ထိန်းချုပ်နိုင်ခဲ့ကြသည်၊ ဤသည်က ကဒါဖီသစ္စာခံ တပ်များက မဆိုသလောက်သာ ခုခံပြီး ဆုတ်ခွာကုန်ကြသောကြောင့်လည်းဖြစ်သည်၊ ဖေဖေါ်ဝါရီ လကုန်တွင်တော့ အဓိက မြို့ကြီးများနှင့် ဆိပ်ကမ်း နှစ်ခုကို ပြည်သူများက အုပ်စိုး လာနိုင်ခဲ့ပြီး နိုင်ငံတွင်း ကဒါဖီ ထိန်းချုပ်နိုင်သည့် နယ်မြေများဟူ၍ မြို့တော် ထရီပိုလီ နှင့် နိုင်ငံ အတွင်း ဟိုတကွက် ဒီတကွက်သာ ကျန် ပေတော့သည်။

ဘင်ဂါဇီ တမြို့လုံး လည်း အောင်ပွဲခံအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် သောသော ညံနေပေတော့သည်။

(၃)

မြို့တော် ထရီပိုလီတွင် ဆန္ဒပြသူများအားကဒါဖီ တပ်များက ပြစ်ခတ်ဖြိုခွင်းလျက် ရှိနေဆဲပင် ဖြစ်သည်။ ဆန္ဒပြသူများက တခါက မော်၍ပင် မကြည့်ရဲသော ကဒါဖီရုပ်ပုံ ကားချပ်များကို ခဲများနှင့် ပြစ်ပေါက်လာကြသည်။

တရားသူကြီးများ နှင့် ရှေ့နေ စုစုပေါင်း ၂၀၀ ခန့် သပိတ်တိုက်ပွဲ ဆင်နွှဲနေသည့် မြို့လယ်ခေါင် ရင်ပြင်စိမ်း အနီး တရားရုံးချုပ် အဆောက်အဦး ပတ်ပတ်လည် ခေါင်မိုးများ ပေါ်တွင် ကဒါဖီ လက်ဖြောင့်တပ်သားများက  နေရာယူထားကြသည်။ မြေပြင်တွင်လည်း တရားရုံးကို ဝိုင်းထားကြပြန်သည်။

ဖေဖေါ်ဝါရီ ၂၄ ရက် နေ့တွင် ဇာဝီရာ မြို့ရှိ ဗလီ တခု အတွင်း ထိုင်သပိတ် ဆင်နွှဲနေသူများကို စစ်သားများက သေနတ်နှင့် ပြစ်ခတ်ခဲ့ကြယုံမက လေယာဉ်ပြစ် အမြှောက်ကိုပင် အသုံးပြုလာကြသည်။ သို့သော် ထောင်ပေါင်းများစွာသော လူထုကြီးက မြို့လယ်ရှိ အာဇာနည် ရင်ပြင်တွင်စုရုံးလာခဲ့ကြသည်။

ထို့နေမှာပင် ကဒါဖီ တပ်များက လူထုလက်ထဲ ကျရောက်နေပြီ ဖြစ်သော မစ်စထရာ လေတပ်စခန်းကို တင့်ကားများသုံး၍ အပြင်းအထန် ထိုးစစ် ဆင်လာကြကြသဖြင့် ဒေသခံ များနှင့် စစ်တပ်ဖက်မှပူးပေါင်းလာကြသူများက အပြင်းအထန်ခုခံခဲ့ကြသည်။ သို့သော် စစ်စခန်း ၏အစိတ်အပိုင်း အချို့ကို ကဒါဖီ တပ်များက သိမ်းယူနိုင်ခဲ့ကြသည်။

ဖေဖေါ်ဝါရီ ၂၆ ရက်တွင် ကဒါဖီ တပ်များ၏ ပြစ်ခတ်မှုကြောင့် အီဂျစ် ရွှေ့ပြောင်း အလုပ်သမားများ ထိမှန်သွားခဲ့သည်။ ဘင်ဂါဇီ မြို့စွန် အရပ်များကို စစ်တပ်က ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့ကို မူ ပုန်ကန်သူ လူထုကြီး လက်တွင် ကျရောက်နေဆဲ ဖြစ်သည်။

ဖေဖေါ်ဝါရီ ၂၈ ရက်တွင် မစ်စထရာ မြို့ထဲသို့ မြို့စွန်ရှိ ကဒါဖီ တပ်များက ထိုးဖေါက်လာခဲ့သော်လည်း ပြည်သူများက ပြန်လည်တွန်းလှန်နိုင်ခဲ့ကြသည်။

တူနစ်ရှား နယ်ခြားရှိ နာလွတ် မြို့ကိုလည်း ပြည်သူများ က သိမ်းပိုက်နိုင်ခဲ့ပြန်သည်။

မတ်လ ၂ ရက်နေ့တွင် ကဒါဖီ တပ်များကဘရီဂါ မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန်ထိုးစစ် ဆင်လာခဲ့သော်လည်း ‌ပြည်သူများ၏ ရွတ်ရွတ်ချွံချွံ ခုခံခဲ့မှုကြောင့် အနီးရှိ ရပ်စ် လာနပ်ဖ် မြို့သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။

ထိုနေ့မှာပင် ဇာဝီရာ မြို့ပြင်ရှိ အစိုးရခံစစ်ကြောင်းကို ပြည်သူများက ထိုးစစ်ဆင် တိုက်ခိုက်လာပြီး အောင်ပွဲခံနိုင်ခဲ့သဖြင့် ဆက်လက် ချီတက် တိုက်ခိုက်ခဲ့ရာရပ်စ် လာနပ်ဖ် မြို့ကိုပါ သိမ်းယူနိုင်ခဲ့ကြသည်။

ရပ်စ် လာနပ်မြို့ ကျသွားသဖြင့် ကဒါဖီတပ်များက ဇာဝီရာ မြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများနှင့် တင့်ကား အစီး နှစ်ဆယ်ခန့် ပါသုံး၍ မြို့၏ ဟိုဖက် ဒီဖက် ညှပ်ကာအပြင်းအထန် တိုက်ခိုက်လာခဲ့သည်။

ထိုသို့ အပြင်းအထန် တိုက်ခိုက်ခဲ့သဖြင့်ကဒါဖီ တပ်များက မြို့လယ်အထိ ချည်းကပ်လာနိုင်ခဲ့သော်လည်း ရင်ပြင်ကို သိမ်းပိုက် နိုင်ခြင်း မရှိပဲ မတ်လ ၅ ရက်နေ့တွင် ပြည်သူများဖက်က ပြန်လည်တိုက်ထုတ်ပြစ်နိုင်ခဲ့ပြန်သည်။ သို့သော်ကဒါဖီ တပ်များကလည်း ရသမျှ အဆောက်အဦးများကို စိုးမိုးနိုင်ရန် ကြိုးစားခဲ့ကြပြီး အဆောက်အဦး တိုင်းရှိ လူများကို ပြစ်သတ်ကာ ခေါင်မိုးများပေါ်တွင် လက်ဖြောင့်တပ်သားများကို နေရာယူစေခဲ့သည်။ မြို့ရှိဆေးရုံက ကဒါဖီ တပ်များ လက်ဝယ် ကျရောက်သွားခဲ့ရသည်။

မတ်လ ၆ ရက်နေ့တွင် ပြည်သူတို့၏ လက်နက်ကိုင် စစ်ကြောင်းများက ကမ်းရိုးတန်းတ‌လျောက် ချီတက်လာကြပြီ ဖြစ်သည်။

(၄)

မတ်လ ၆ ရက်နေ့တွင် ကမ်းရိုးတန်း တလျှောက် ချီတက်လာသော ပြည်သူတို့၏ စစ်ကြောင်းအား ဘင်ဂျာဝပ် မြို့တွင် ကဒါဖီ တပ်များက စောင့်၍ ခြုံခို တိုက်ခိုက် ခဲ့သဖြင့် အများအပြား ကျဆုံး ဒဏ်ရာရရှိသွားခဲ့ကြသည်။ ပြည်သူတို့၏ စစ်ကြောင်း ကစင့်ကလျား ဖြစ်ကာ ဆုတ်ခွာပေးခဲ့ရသည်။ ဆုတ်ခွာလာသူများအား ကဒါဖီ တပ်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။

ကစင့်ကလျား ဖြစ်သွားသော ပြည်သူ များ ပြန်လည် စုစည်း မိလာသည့်အခါ ရပ်စ် လာနပ်ဖ်မှ သိမ်းယူရရှိထားသော ရော်ကက် လောင်ချာ များ နှင့် ပြန်လည် ခုခံခဲ့ကြရာ ရဟတ်ယာဉ်တစီးကို ပြစ်ချနိုင်ခဲ့သည်။ ကဒါဖီတပ်များက လေကြောင်းမှ ရပ်စ် လာနပ်ဖ်ရှိ လေတပ်စခန်းကို အပြင်းအထန် တိုက်ခိုက်လာခဲ့သည်။ သို့သော် ခြုံခို တိုက်ခိုက်ခံခဲ့ရသည့် ဘင်ဂျာဝပ် မြို့ နှင့် ၃ ကီလိုမီတာ အကွာ တွင် ပြန်၍ ကြံ့ကြံခံထား နိုင်ဆဲပင် ဖြစ်သည်။

တချိန်တည်း တွင် ကဒါဖီ တပ်များက မစ်စထရာ မြို့ကို ထပ်မံတိုက်ခိုက်လာကြပြန်ပြီး မြို့လည်ခေါင်အထိ ထိုးဖေါက်လာနိုင်ခဲ့သော်လည်း ပြည်သူများက အောင်မြင်စွာ ပြန်လည် တိုက်ထုတ်နိုင်ခဲ့သဖြင့် မြို့စွန်သို့ ဆုတ်ခွာ သွားခဲ့ကြရသည်။ မတ်လ ၉ ရက်နေ့တွင် ပြည်သူ့တပ်များ က ဘင်ဂျာဝပ်ကို သိမ်းယူရန် ထိုးစစ်ဆင်ခဲ့သော်လည်း လက်နက်ကြီးများ နှင့် လေကြောင်းမှ ပြန်လည် ခုခံခဲ့ကြသဖြင့် မအောင်မြင်ခဲ့ပေ။

နောက်ဆုံး မတ်လ ၆ ရက်နေ့ ကဒါဖီ တပ်များ၏ တန်ပြန် ထိုးစစ်ကြီးကြောင့် ရပ်စ် လာနပ်ဖ် နှင့် ဘရီဂါ မြို့များကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့များကို ဘင်ဂါဇီ အထိ တွန်းပို့နိုင်ခဲ့သည်။ မစ်စထရာ အားလည်း သိမ်းယူရန် တင့်ကားများ၊ လူအင်အား အလုံအရင်း နှင့် ထပ်မံ ထိုးစစ်ဆင်လာခဲ့ပြန်သည်။ သို့သော်လည်း မြို့လည်ခေါင် အရောက်တွင် ပြည်သူ့စစ်များ၏ ခြုံခို တိုက်ခိုက်ခဲ့မှုကြောင့် မအောင်မြင်ခဲ့ပြန်ပေ။

မတ်လ ၈ ရက်နေ့တွင် ဇာဝီရာ မြို့အား ကဒါဖီ တပ်များက ငါးကြိမ်မြောက် တိုက်ခိုက်ခဲ့မှုတွင် ပြည်သူစစ်များ လက်လွှတ်ဆုတ်ခွာပေးခဲ့ရပြီး မြို့အနှံ့ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ည အချိန်တွင် လူအင်အား ပြန်လည် စုစည်းပြီး မြို့လည်ကောင် ရင်ပြင်ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပြည်သူ့စစ် အင်အား ၆၀ ခန့်က မြို့ထဲမှနေ၍ ကိုယ်ယောင်ဖျောက်ကာ အနီးရှိ စစ်စခန်းအား သွားရောက် တိုက်ခိုက်ခဲ့သော်လည်း တဦးတလေမျှ ပြန်ရောက်လာခဲ့ခြင်း မရှိပေ။ ကဒါဖီက ထရီပိုလီ၊ ဆာတီး၊ ဆာဟာ မြို့များ အပြင် နိုင်ငံအတွင်း နေရာ အတော်များများကို ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲပင် ဖြစ်သည်။

မတ်လ ၁၀ ရက်နေ့တွင် ပြင်သစ်သည် ပြည်သူများ ဖွဲ့စည်းခဲ့သော အမျိုးသား ယာယီ ကောင်စီ အစိုးရ အား လစ်ဗျား၏ တရားဝင် အစိုးရ အဖြစ် ကမ္ဘာတွင် ပထမဆုံး အသိအမှတ် ပြု သည့် နိုင်ငံ ဖြစ်လာခဲ့သည်။ ကဒါဖီ တပ်များက ပြန်လည် သိမ်းယူနိုင်ခဲ့သည့် မြို့များတွင် ပြည့်သူ့စစ် အဖွဲ့များ အပေါ် ထောက်ခံသည်ဟု သံသယ အနည်းငယ် ရှိယုံမျှနှင့် လူများကို ဖမ်းဆီးခဲ့ကြသည်။

သို့သော် ပြည့်သူစစ် များက ဇာဝီရာ မြို့ အနီးတွင် အဖွဲ့ငယ်လေးများ ခွဲကာ ပျောက်ကြားစစ်ဖြင့် ဆက်လက် ခုခံနေကြသည်။

မတ်လ ၁၂ ရက်တွင် မစ်စထရာ ကို သိမ်းယူရန် ကာမိစ် ဘရီးဂိတ်ဟု ထင်ရှားသည့် ကဒါဖီ ၏ အထူးလက်ရွေးစင်တပ်ဖွဲ့က ဦးဆောင် တိုက်ခိုက်လာခဲ့သည်။ သို့သော်လည်း မြို့လည်ကောင် ရင်ပြင်မှ ဆယ် ကီလိုမီတာ အထိသာ ချည်းကပ်နိုင်ခဲ့သည်။ ထိုတိုက်ပွဲတွင် ဗိုလ်ချုပ်ကြီး တဦး အပါအဝင် စစ်သည် ၃၂ ဦးသည် ပြည်သူများ ဖက်သို့ ကူးပြောင်းလာခဲ့ကြသည်။

နောက်တရက် တွင် မြို့အား လက်နက်ကြီးများနှင့် စတင် ပြစ်ခတ်တိုက်ခိုက်လာကြသည်။ မတ်လ ၁၃ ရက်တွင် ပြည်သူ့စစ် တပ်ဖွဲ့များက ဘရီဂါအား ပြန်လည် တိုက်ခိုက်လာပြီး မြို့ အနှံ့အပြားကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့အတွက် မြို့၏ လူနေဒေသများက ပြည်သူစစ်များ လက်ဝယ် ရှိနေပြီး ရေနံချက် စက်ရုံများသာ ကဒါဖီတပ်များက ထိန်းချုပ်ထားနိုင်ခဲ့သည်။ မတ်လ ၁၅ ရက်နေ့တွင် ပြည်သူ့စစ်များက မြို့မှ ထွက်ခွာပြီး အက်ဒါဘီရာ မြို့ရှိ ၎င်းတို့ တပ်များကို စစ်ကူပေးရန် ဆက်လက် ချီတက်ခဲ့ကြသည်။ မတ်လ ၁၄ ရက်နေ့တွင် ဇူဝါရာ မြို့ကို ကဒါဖီ တပ်များက ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် ပြည်သူများသည် ဒုတိယ မြို့တော် ဘင်ဂါဇီ နှင့် အက်ဒါဘီရာ မြို့ကိုသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။

(၅)

ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် ဒုတိယမြောက် မြို့ ဖြစ်သော အက်ဒါဘီယာ မြို့အား လေကြောင်းမှ သုံးရက်ဆက်တိုက် ပြစ်ခတ် တိုက်ခိုက်လာခဲ့သည်။ မတ်လ ၁၅ ရက်နေ့တွင်တော့ ကဒါဖီ တပ်များက လက်နက်ကြီးများ နှင့် စစ်သင်္ဘောများ များမှ အမြှောက်ကြီးများ နှင့် မရပ်မနား ပြစ်ခတ်လာခဲ့ကြသည်။ ပြည့်သူစစ်များ၏ ခံစစ်ကို ညှပ်ပူးညှပ်ပိတ် တိုက်ကာ ဖောက်ထွက်လာနိုင်ခဲ့သဖြင့် မြို့မှ ဆုတ်ခွာပေးခဲ့ရသည်။

ကဒါဖီ တပ်များက မြို့လယ်ခေါင်သို့ တင့်ကားများ ဖြင့် ဝင်ရောက်လာခဲ့ပြီး ကျန်နေရစ်သော ပြည်သူ့စစ်များ နှင့် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင် “လွတ်လပ်သော လစ်ဗျား လေတပ်မတော်” မှ တိုက်လေယာဉ် နှစ်စီး ဖြင့် စစ်သင်္ဘောများကို ပြစ်ခတ်နှစ်မြုပ်ခဲ့သဖြင့် စစ်သင်္ဘော နှစ်စီးအား နစ်မြုပ်ပြစ်နိုင်ခဲ့သည်။ အက်ဒါဘီယာသည် ကဒါဖီ တပ်များ လက်ထဲသို့ ပြန်လည် ကျရောက်သွားခဲ့သည်။ သို့သော် တင့်ကားများက ခြုံခို တိုက်ခိုက် ဖျက်ဆီးခံရမည်ဆို၍ မြို့စွန်သို့ ပြန်လည် ဆုတ်ခွာသွားကြသည်။

မတ်လ ၁၆ ရက်နေ့တွင် တိုက်ပွဲ များ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ ဘင်ဂါဇီ မှ ပြည့်သူ့စစ်များဖက်မှ စစ်ကူများ ရောက်ရှိလာပြီး မြို့၏ တောင်ဖက် အဝင်လမ်းကို ထိန်းချုပ်နိုင်ခဲ့ကြသည်။ “လွတ်လပ်သော လစ်ဗျား လေတပ်မတော်” မှ ကဒါဖီ စစ်ကူများကို ရဟတ်ယာဉ်များ ဖြင့် ပြစ်ခတ်တိုက်ခိုက်ခဲ့သည်။ မစ်စထရာ မြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ကဒါဖီ တပ်များထံ မှ တင့်ကား ဆယ့်ခြောက်စီးကို သိမ်းဆည်း ရမိလိုက်သည်။

ကဒါဖီ တပ်များက အက်ဒါဘီယာ-ဘင်ဂါဇီ အဝေးပြေး လမ်းမပေါ်ရှိ ဇူဝီတီနာ မြို့ အား ကြည်းတပ်နှင့် ရေတပ်ပေါင်း၍ ထိုးစစ်ဆင်လာကြသည်။ သို့သော်လည်း ပြည်သူ့စစ်များ၏ ဝိုင်းရံပိတ်ဆို့ထားခြင်းကို ခံလိုက်ကြရပြန်သည်။

မတ်လ ၁၇ ရက်နေ့တွင်တော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ လစ်ဗျား လေကြောင်းပိုင်နက်အတွင်း လေယာဉ်မပျံသန်းရ ဇုန်များ သတ်မှတ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကြောင့် နောက်တနေ့မှာပင် ကဒါဖီ မှ ချက်ခြင်းလို အပြစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့သည်။ သို့သော် မစ်စထရာ နှင့် အက်ဒါဘီယာ မြို့များတွင် အမြှောက်များနှင့် ပစ်ခတ်မှုများ၊ စနိုက်ပါများ၏ ချောင်းမြောင်း ပြစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေပြီး ဘင်ဂါဇီ သို့ ကဒါဖီတပ်များ ချည်းကပ်လာနေပြီဟု သတင်းများ ထွက်ပေါ်လာနေသည်။

မတ်လ ၁၉ ရက်နေ့တွင်တော့ ကဒါဖီ တပ်များသည် လက်နက်ကြီးများ ပြစ်ကူဖြင့် ဘင်ဂါဇီ သို့ တင့်ကားများနှင့် ဝင်ရောက်လာကြသည်။ နာရီပေါင်းများစွာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နောက် ပြည်သူ့စစ်များက ပြန်လည် တိုက်ထုတ်နိုင်ခဲ့သည်။ နှစ်ဖက်စလုံး အကျအဆုံး များပြားခဲ့သည်။

လစ်ဗျား အစိုးရမှ သူပုန် များသည် ကုလ လုံခြုံ‌ရေး ကောင်စီမှ ပြဠာန်းထားသော လေယာဉ်မပျံသန်းရ အမိန့်ကို ဖေါက်ဖျက်ကာ မိမိတို့ တပ်များကို တိုက်ခိုက်နေသည်ဟု စွပ်စွဲလာခဲ့သည်။ သို့သော်လည်း ကဒါဖီတပ်များက ဇင်တန် မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာခဲ့ပြန်သည်။ မြေပြင်မှလည်း တင့်ကားများဖြင့် မြို့ဆီသို့ ဦးတည်လာနေကြသည်။

လစ်ဗျား အစိုးရသည် မစ်စထရာ အား လျပ်စစ်ဓါတ်အား နှင့် ရေ ကို ဖြတ်တောက်ပြီး ပိတ်ဆို့ထားသဖြင့် မြို့နေလူထုသည် တွင်းရေ နှင့် ဆားငန်ရေ မှ သောက်သုံးရေ ချက်လုပ်ပေးသည့် စက်ရုံကိုသာ အားကိုးခဲ့ရသည်။

လစ်ဗျားတွင် လူထု ဆန့်ကျင် အုံကြွမှုကြီး စတင်ဖြစ်ပွားပြီး တလ ကျော် အကြာ မတ်လ ၁၉ ရက်နေ့တွင်တော့ ပြင်သစ် လေတပ်မှ လေယာဉ် ဆယ့်ကိုးစီးသည် ဟာမာတန် ဟု အမည်ပေးထားသော ကင်းထောက် စစ်ဆင်ရေး ဆင်နွှဲရန် ဆိုကာ လစ်ဗျား လေကြောင်းပိုင်နက် အတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။ အဆိုပါ လေယာဉ်များက ဘင်ဂါဇီ မြို့ အပေါ် ပျံဝဲပြီး ကာကွယ် ပေးလာခဲ့ကြသည်။ အီတလီ လေတပ်လေယာဉ်များလည်း ဝင်ရောက်လာကြပြီ ဖြစ်သည်။

ထိုနေ့ညနေပိုင်းမှာပင် ပြင်သစ် ဂျက်တိုက်လေယာဉ်တစီးက အစိုးရ ယာဉ်တန်းကို စတင် ပြစ်ခတ်တိုက်ခိုက်လာခဲ့သည်။ နာရီပိုင်း အတွင်းမှာပင် ပြင်သစ် တိုက်လေယာဉ်များက ကဒါဖီ၏ တင့်ကားလေးစီးကို ပြစ်ခတ်ဖျက်ဆီးပြစ်ခဲ့ပြန်သည်။

အမေရိကန် နှင့် ဗြိတိသျှ စစ်ရေယာဉ်များ နှင့် ရေငုပ်သင်္ဘောများမှနေ၍ လစ်ဗျား၏ မြေပြင် နှင့် ဝေဟင် ကာကွယ်ရေး စနစ်များ ရှိရာ ကွပ်ကဲရေး စခန်း နှစ်ဆယ်အား တိုမက်ဟော့ ဒုံးကျည် ပေါင်း ၁၁၄ စီး ဖြင့် ပြစ်ခတ် တိုက်ခိုက်ခဲ့ကြပြန်သည်။

အမေရိကန် ရှိ စစ်စခန်းများမှ US B-2 Spirit ကိုယ်ပျောက်လေယာဉ် သုံးစီးသည် လစ်ဗျားသို့ တိုက်ရိုက် ပျံသန်းလာပြီး လစ်ဗျား ရှိ အထင်ကရ လေတပ်စခန်းများ ကို ဗုံးအလုံး ၄၀ ကြဲချကာ တိုက်ခိုက်ပေးခဲ့သည်။ အခြားလေယာဉ်တစီးက လစ်ဗျား မြေပြင်တပ်များကို နှိမ်နှင်းရန် လိုက်လံ ရှာဖွေ ခဲ့သည်။

လစ်ဗျား နှင့် အနီးပတ်ဝန်းကျင် ဒေသအတွင်း အမေရိကန် ရေငုပ်သင်္ဘော သုံးစင်း အပါအဝင် နိုင်ငံစုံမှ စစ်ရေယာဉ် နှစ်ဆယ့်ငါးစီး က ဝင်ရောက်လှုပ်ရှားနေကြပြီး လစ်ဗျားကို ရေကြောင်းမှ ပိတ်ဆို့လိုက်ကြပြီ ဖြစ်သည်။

(၆)

မတ်လ ၁၉ ရက်တွင် လစ်ဗျား အစိုးရရုပ်သံမှ ပြင်သစ် စစ်လေယာဉ်တစီးကို ထရီပိုလီ မြို့ပေါ်တွင် ပစ်ချနိုင်ခဲ့သည်ဟု ကြေညာခဲ့သော်လည်း ပြင်သစ်တို့ဖက်မှ ငြင်းဆိုခဲ့သည်။

မတ်လ ၂၀ ရက်နေ့တွင် ဗြိတိသျှ ဂျက်တိုက်လေယာဉ်များမှ Storm Shadow ဒုံးကျည်များနှင့် လစ်ဗျား နိုင်ငံအတွင်းရှိ ပြစ်မှတ် အများအပြားကို တိုက်ခိုက်လာခဲ့သည်၊ အမေရိကန် ဂျက်တိုက်လေယာဉ် ၁၉ စီးလည်း ပါဝင် တိုက်ခိုက်လာသည်။ ဘင်္ဂါဇီ တောင်ပိုင်းတွင် ကဒါဖီတပ်များ၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံး မော်တော်ယာဉ် အစီး ၇၀ ခန့် ဖျက်ဆီးပြစ်နိုင်ခဲ့ပြီး အများအပြား  သေဆုံးသွားခဲ့သည်။ မတ်လ ၂၀ ရက်နေ့ ညပိုင်းမှ နောက်တနေ့လုံး မြို့တော် ထရီပိုလီရှိ ဘက် အယ် အဇီဇီယာ စစ်တပ်ဝန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မတ်လ ၂၁ ရက်နေ့ အရောက်တွင် လစ်ဗျား၏ SA-2, SA-3, SA-5 လေကြောင်းကာကွယ်ရေး စနစ်တခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းနောက် ထရီပိုလီ တွင် ကျန်ရှိနေသော စစ်ဖက် ပြစ်မှတ်များကို ဆက်လက် ချေမှုန်းခဲ့ကြသည်။

မတ်လ ၂၂ ရက်နေ့တွင် ဘင်ဂါဇီ သို့ ဦးတည်လာနေသော စစ်လေယာဉ်တစီးကို တိုက်ခိုက်ခဲ့သည်။ အမေရိကန် တို့၏ F-15E Eagle ဂျက်တိုက်လေယာဉ်တစီး စက်ချို့ယွင်း၍ ပျက်ကျခဲ့ရာ လေယာဉ်မှုး နှင့် လက်နက်တပ်ဆင်ရေး အရာရှိ တို့ လေထီး နှင့် အချိန်မီ ခုန်ထွက်နိုင်ခဲ့သဖြင့် ပြန်လည် ကယ်ဆယ်နိုင်ခဲ့သည်။

မတ်လ ၂၃ ရက်နေ့တွင်တော့ လစ်ဗျား လေတပ်တခုလုံး နီးပါး ကို ချေမှုန်း နိုင်ခဲ့ပြီ ဖြစ်သည်။ လစ်ဗျား လေကြောင်း ကာကွယ်ရေး စနစ်သည်လည်း လုံးဝသုံးမရတော့သည့် အနေအထား ရောက်သွားပြီ ဖြစ်၍ လစ်ဗျားလေကြောင်း ပိုင်နက်အတွင်း နိုင်ငံစုံ ညွှန်ပေါင်း အဖွဲ့မှ တိုက်လေယာဉ်များ စိတ်ရှိလက်ရှိ ဥဒဟို ပျံသန်းခွင့် ရရှိလာခဲ့သည်။ ထိုနေ့မှာပင် မစ်စထရာ ရှိ ကဒါဖီ တပ်များကို စတင်တိုက်ခိုက်လာကြသည်။ ထို့အတွက် ညနေ ပိုင်းမှာပင် စနိုက်ပါ များမှ လွဲ၍ ကဒါဖီ တပ်များအားလုံး မြို့တွင်းမှ ဆုတ်ခွာခဲ့ကြရသည်။ နောက်တနေ့ အစောပိုင်းတွင် ကနေဒါ လေတပ် ၏ CF-18 ဂျက်တိုက်လေယာဉ် လေးစီးသည် CC-150 ပိုလာရိုက်စ် တင့်ကား နှစ်စီး အကူအညီ ဖြင့် မစ်စထရာ ရှိ လက်နက် သိုလှောင်ရုံကို ဖျက်ဆီး ပြစ်နိုင်ခဲ့သည်။ ဤသည်က လစ်ဗျား စစ်ဆင်ရေး စတင်ခဲ့ချိန်မှစ၍ ကနေဒါ လေတပ်မှ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ခြင်းပင် ဖြစ်သည်။

မတ်လ ၂၄ ရက်တွင် ကဒါဖီ၏ လေတပ်မှ Soko G-2 Galeb တိုက်လေယာဉ်တစီးသည် လုံခြုံရေး ကောင်စီမှ မပျံသန်းရ သတ်မှတ်ထားသော ဇုံအတွင်း ဝင်ရောက်လာပြီး မစ်စထရာ မြို့အနီး ဆင်းသက်ရန် ပြင်ဆင်နေစဉ် တွင်  ပြင်သစ် တိုက်လေယာဉ်က ပြစ်ချခဲ့သည်။ ထိုလေယာဉ်ကွင်း အနီး ရပ်ထားသော Galeb အမျိုးအစား လေယာဉ် ငါးစီးကိုလည်း ပြင်သစ်တို့က လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးပြစ်ခဲ့ကြပြန်သည်။

ထိုနေ့မှာပင် ဗြိတိသျှ ရေငုပ်သင်္ဘာ မှ တိုမက်ဟော့ ကရုစ် ဒုံးကျည်များဖြင့် လစ်ဗျား၏ လေကြောင်းကာကွယ်ရေး စခန်းများကို ပြစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။

မတ်လ ၂၅ ရက်နေ့တွင် အလှည့်အပြောင်းကြီး ဖြစ်ပေါ်လာခဲ့သည်၊ လစ်ဗျား နိုင်ငံအတွင်း ရှိ လေယာဉ်မပျံသန်းရ သတ်မှတ်ထားသော ဇုံ အတွက် စစ်ဆင်ရေး တာဝန်ကို နေတိုးမှ လွှဲပြောင်းယူမည်ဟု ကြေငြာလိုက်ခြင်းပင် ဖြစ်သည်၊ အမေရိကန်မှ ထိုသို့ တာဝန်ယူရန် ထပ်တလဲလဲ တောင်းဆိုနေ၍လည်း ဖြစ်သည်။

နော်ဝေး ဘုရင့်ေလတပ်မှ F-16 တိုက်လေယာဉ် နှစ်စီးက လစ်ဗျား တင့်ကား အမြောက်အမြားကို ထိုနေ့မှာပင် ဖျက်ဆီး ပြစ်နိုင်ခဲ့သည်။ ပြင်သစ် ဂျက်တိုက်လေယာဉ်များကလည်း အက်ဒါဘီယာ မြို့ပြင်ရှိ အမြှောက် တပ်စခန်း တခုကို တိုက်ခိုက်ခဲ့ပြန်သည်။ ဗြိတိသျှ နှင့် ပြင်သစ်တို့ လေကြောင်းမှ ပူးတွဲ စစ်ဆင်ရေး ဖြင့် အက်ဒါဘီယာ မြို့ပြင်ရှိ တင့်ကား ၇ စီးလည်း စိစိညက်ညက် ကြေမွသွားခဲ့သည်၊

သို့သော် ထိုနေ့မှာပင် လစ်ဗျား ကျန်းမာရေး ဝန်ကြီးဌာနမှ ပြည်ပတပ်များ စတင် ဗုံးကြဲခဲ့ချိန်မှ စပြီး ယခုအထိ အရပ်သား ၁၁၄ ဦး သေဆုံးပြီး ၄၄၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ထရီပိုလီရှိ ဗာတီကန် သံအရာရှိကမူ နိုင်ငံစုံ ညွှန်ပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် မြို့တော် ထရီပိုလီတွင် မတ်လ ၃၁ ရက်အထိ လူ ၄၀ ဦး သေဆုံးခဲ့သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

(ပုံတွင် အမေရိကန် ဖျက်သင်္ဘော USS Barry မှ ပြစ်လွှတ် လိုက်သော Tomahawk ကရုစ် ဒုံးကျည် အား တွေ့ရစဉ်)

(၇)

မတ်လ ၂၆ ရက်နေ့တွင် နော်ဝေး ဘုရင့်လေတပ်မှ F-16 တစီးက လစ်ဗျား ရှိ လေယာဉ် ကွင်းကို ၎င်း၊ ကနေဒါ ၏ CF-18 လေယာဉ်များက လစ်ဗျားရှိ အီလက်ထရောနစ် စစ်ဆင်ရေး စခန်းများကို ၎င်း၊ ပြင်သစ်လေတပ်မှ လစ်ဗျား ၏ တိုက်လေယာဉ် ၇ စီးကို ၎င်း၊ ဗြိတိသျှ တို့ကလည်း Brimstone ဒုံးကျည်များနှင့် သံချပ်ကာ ကား ငါးစီးကို ၎င်း၊  ဒိန်းမတ် ဘုရင်လေတပ်မှလည်း F-16 တိုက်လေယာဉ်များဖြင့် ရော်ကက်လောင်ချာများ နှင့် တင့်ကား အမြောက်အမြားကို ၎င်း အသီးသီး တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြသည်။

နိုင်ငံတကာ ညွှန့်ပေါင်း အဖွဲ့မှ စစ်လက်နက် ပြပွဲကြီးအလား ၎င်းတို့ ရှိ လက်နက်များကို အကုန်ထုတ်သုံးကာ အစွမ်းပြခွင့် ရလာခဲ့ကြသည်။

မတ်လ ၂၇ ရက်နေ့တွင် ဒိန်းမတ် တိုက်လေယာဉ်မှ ထရီပိုလီ မြို့ တောင်ပိုင်းရှိ အမြှောက်တပ်ကို၎င်း၊ ကနေဒါ ဂျက်လေယာဉ်များက မစ်စထရာ မြို့တောင်ပိုင်းရှိ လက်နက်သိုလှောင်ထားရာ မြေအောက်ဘန်ကာများကို၎င်း၊ ပြင်သစ် တို့က ထရီပိုလီ မြို့ တောင်ဖက်ရှိ ကွပ်ကဲရေး စခန်း ဌာနကို၎င်း ဖျက်ဆီးနိုင်ခဲ့သည်၊ ထိုနေ့မှာပင် ကာတာ လေတပ် တိုက်လေယာဉ်များ ပူးပေါင်းပါဝင်လာကြပြီး လစ်ဗျား ကောင်းကင်ယံတွင် ကင်းလှည့် လာခဲ့သည်။

မတ်လ ၂၈ ရက်တွင် နိုင်ငံစုံ ညွန်ပေါင်းတပ်ဖွဲ့သည် ရေကြောင်းစစ်ဆင်ရေး ကို စတင်လာခဲ့ကြပြီး အမေရိကန် ဖျက်သင်္ဘော USS Barry သည် လစ်ဗျား ကမ်းခြေစောင့် စစ်ရေယာဉ်များကို စတင် တိုက်ခိုက်လာခဲ့သည်။ ဗြိတိသျှ ဂျက်တိုက်လေယာဉ်များက ကုန်းတွင်း စစ်ဆင်ရေး ကို ဆက်လက်တာဝန်ယူပြီး မစ်စထရာ မြို့အနီးရှိ တင့်ကား နှစ်စီး၊ ဆာဘား ဒေသရှိ မြေအောက် လက်နက်သိုလှောင်ရေး ဘန်ကာများကို ဖျက်ဆီးပြစ်နိုင်ခဲ့ကြသည်။

မတ်လ ၂၉ ရက်တွင် အမေရိကန် ရေတပ်မှ လစ်ဗျားစစ်ရေယာဉ်များကို ဆက်လက်တိုက်ခိုက်ခဲ့ကြပြီး လေတပ်မှလည်း တင့်ကားဖျက် ဒုံးကျည်များ နှင့် နိုင်ငံတဝှမ်းရှိ လစ်ဗျား တပ်များ၏ တင့်ကားများကို ဒလစပ် လိုက်လံ ပြစ်ခတ် ချေမှုန်းခဲ့ကြသည်။

မတ်လ ၃၁ ရက်နေ့တွင် Operation Unified Protector စစ်ဆင်ရေးဟု အမည်ပေးကာ လေကြောင်းစစ်ဆင်ရေး အားလုံးကို နေတိုး စစ်မဟာမိတ် အဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ထားရှိလာခဲ့သည်။ နေ့စဉ်လို နိုင်ငံစုံ ညွှန့်ပေါင်း တပ်များက လေကြောင်းမှ လစ်ဗျားနိုင်ငံတဝှမ်းရှိ  စစ်စခန်းများ၊ ကွပ်ကဲရေး စခန်းများ၊ ဘန်ကာများ၊ ထောက်ပံ့‌ရေး လမ်းကြောင်းများကို တိုက်ခိုက်ခဲ့ကြသဖြင့် ကဒါဖီ စစ်လက်နက်များ နှင့် တပ်များ အကြီးအကျယ် အထိနာလာခဲ့သည်။

ဧပြီလ ၆ ရက်နေ့တွင် ရေနံ ပိုက်လိုင်းများကို စတင် တိုက်ခိုက်လာကြပြီ ဖြစ်သည်။ ဧပြီ ၂၃ ရက်တွင် အမေရိကန် တို့မှ ဒရုန်းများကို စတင် အသုံးပြုလာပြီး မစ်စထရာ အနီးရှိ ဒုံးပြစ်လောင်ချာ စခန်းများကို တိကျစွာ ပြစ်ခတ် တိုက်ခိုက်နိုင်ခဲ့သည်။

မေလ ၄ ရက်နေ့တွင် နေတိုး အဖွဲ့၏  အထွေထွေ အတွင်း‌ရေး မှုးချုပ် အင်ဒါးစ် ဖို့ဂ် ရာမြူဆန် မှ လစ်ဗျား တပ်များ၏ တိုက်ခိုက်‌ရေး စွမ်းရည်ကို ထိ‌ရောက်စွာ ချေမှုန်းနိုင်ခဲ့ပြီဟု ကြေညာလာခဲ့သည်။

နေတိုးမှ ကဒါဖီ တပ်များကိုကော၊ ပြည်သူ့စစ်များကိုပါ လေယာဉ် ပျံသန်းခွင့် မပြုဟု ဆိုသော်လည်း ပြည်သူ့စစ် လေယာဉ်များ ကဒါဖီ စခန်းများ အား တိုက်ခိုက်လာသည်ကို မသိချင်ယောင် ဆောင်ပေးခဲ့ကြသည်။ လွတ်မြောက်သော လစ်ဗျား လေတပ်တွင် MIG 23 တိုက်လေယာဉ်ပင် ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။

ဧပြီ ၁၉ ရက်တွင် ပြည်သူ့စစ်တပ်ဖွဲ့များကို ကူညီရန် စစ်အကြံပေး များ စေလွှတ်ပေးမည်ဟု ဗြိတိန် မှ ကြေညာခဲ့သည်၊ သို့သော် စစ်ရေးလေ့ကျင့်ပေးရန် မဟုတ်ပဲ ဆက်သွယ်ရေး စက်ပစ္စည်းများ နှင့် သံချပ်ကာ အင်္ကျီများ အတွက် လေ့ကျင်ပေးရန်သာ ဖြစ်သည်ဟု ဆိုသည်။ နောက်တနေ့မှာပင် လစ်ဗျား ပြည်သူ့စစ်များအား ပေါင်စတာလင် သန်း ၂၀ (ဒေါ်လာ ၂၅ သန်း) ထောက်ပံ့‌ရေး ပစ္စည်းများ ပေးပို့သွားမည်ဟု  ဗြိတိန်က ကြေညာလိုက်ပြီး မေလ ၁၀ ရက်နေ့တွင် ဆီကားများ၊ လောင်စာ သိုလှောင်ကန်များ၊ ဆေးပစ္စည်းများ၊ ကျည်ကာ အင်္ကျီများ၊ မှန်‌ပြောင်းများ၊ အစားအသောက်များ၊ ဆက်သွယ်‌ရေး စကားပြော ပစ္စည်းများ စတင် ရောက်ရှိလာခဲ့သည်။

ဖေဖေါ်ဝါရီ ၁၅ ရက် က စတင်ခဲ့သော လစ်ဗျား၏ နွေဦးတော်လှန်ရေးသည် အရှိန်တညီးညီး ဖြင့် တောက်လောင်နေဆဲပင် ဖြစ်သည်။

ပုံတွင် ကာတာ လေတပ်၏ Dassault Mirage 2000-5 ဂျက်တိုက်လေယာဉ် ကို တွေ့ရစဉ်

နောက်ထပ် အပိုင်းဆက်များကို ဆရာ လှစိုးဝေ တင်ပြီးသည့်အခါ ဆက်လက် ဖော်ပြပေးပါမည်။

Credit to Hla Soewai

မူရင်းပို့စ်များ
အပိုင်း ၁ https://www.facebook.com/soewai66/posts/3685122481607399
အပိုင်း ၂ https://www.facebook.com/soewai66/posts/3687424518043862
အပိုင်း ၃ https://www.facebook.com/soewai66/posts/3689882264464754
အပိုင်း ၄ https://www.facebook.com/soewai66/posts/3692606907525623
အပိုင်း ၅ https://www.facebook.com/soewai66/posts/3698700053582975
အပိုင်း ၆ https://www.facebook.com/soewai66/posts/3703812649738382

အပိုင်း ၇ https://www.facebook.com/soewai66/posts/3711198675666446

Heinko Lwin

Heinko Lwin