မာ့စ်ပြောခဲ့တဲ့ နှောင်ကြိုးနဲ့ မျက်မှောက် တော်လှန်ရေး

အခုနွေဦးတော်လှန်ရေးမှာ လူအများကြားမှာ ခေတ်စားလာတဲ့ စကားတစ်ခွန်းရှိပါတယ်။  "နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ" ဆိုတဲ့ စကားပါ။ အဲ့စကား Marxနဲ့ Engelရဲ့ ကွန်မြူနစ်ကြေညာစာတမ်းထဲက စာတစ်ပိုဒ်ကိုဖြတ်ပြီး လှအောင်လို့ မြန်မာပြန်ထားတာပါ။ ဒီနေရာမှာ နှောင်ကြိုးလို့ မြန်မာလိုပြန်လိုက်တဲ့အတွက် ချည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးတွေလို့ အဓိပ္ပာယ်မှားပြီးကောက်တတ်ကြပါတယ်။ မူရင်းစာသားအပြည့်အစုံက "Workers of all world unite, proletarians have nothing to lose but our chains. But we have a world to win. "ပဲဖြစ်ပါတယ်။ chainဆိုတဲ့စကားလုံးကို အလုပ်သမားလူတန်းစားကိုတုပ်နှောင်ထားတဲ့ သံကြိုးတွေ (သံခြေချင်း) လို့ ဆိုလိုချင်တာဖြစ်ပါတယ်။ ဆိုလိုချင်တာတော့ အရင်းရှင်စနစ်ကနေ ကျွန်ပြုထားတဲ့ အတွက် အဲ့လို ကျွန်ပြုထားခြင်းကနေ တွန်းလှန်ကြလို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။
အဲ့ဒီတော့ ဘယ်ကြိုးတွေကို Marxက ဆိုလိုတာလဲ။ ဒီနေရာမှာ အကျယ်တဝင့်ကြီး စီကာပတ်ကုံးမရေးတော့ပဲ တိုတိုနဲ့  သာမန်စာဖတ်သူနားလည်အောင်ရေးပါ့မယ်။

(1) ပထမဆုံးပြောရမှာက Marxပြောခဲ့တဲ့ လူ့သမိုင်းအကြောင်းပါ။ "လူ့အဖွဲ့အစည်းတစ်ခုလုံး၏ မျက်မှောက်ထိဖြစ်ပျက်ပြီးသောသမိုင်းကြောင်းအားလုံးသည် လူတန်းစားပြဿနာများဖြစ်သည်" လို့ ကွန်မြူနစ်ကြေညာစာတမ်းရဲ့ အဖွင့်မှာ ဆိုပါတယ်။ လူတန်းစားတွေက အပေါ်ကနေအောက်ကို ခေါင်းပုံဖြတ်တတ်တဲ့၊ ဖိနှိပ်တတ်တဲ့ သဘောသဘာဝ ရှိကို ရှိပါတယ်။ မျက်မှောက်ခေတ်မှာဆိုရင် အလုပ်သမားလူတန်းစားနဲ့ အရင်းရှင်လူတန်းစားကြား ပက်သက်မှုရှိသလို (လူလတ်တန်းစားကို ချန်လှပ်ခဲ့မည်)၊ အရင်းရှင်စနစ်မတိုင်ခင် အရင်ခေတ်က မြေကျွန်စနစ်တွေတုန်းကလဲ မြေပိုင်ရှင်နဲ့ကျွန်လူတန်းစားတွေက ဖိနှိပ်သူနဲ့ အဖိနှိပ်ခံအဖြစ် တည်ရှိခဲ့ကြပါတယ်။

(2) ဒုတိယတစ်ခုက လူ့အဖွဲ့စည်းရဲ့ ကုန်ထုတ်လှုပ်မှုအကြောင်း (production)ပေါ့။ ကုန်ထုတ်လုပ်ဖို့အတွက်က အရင်းအနှီးနဲ့ ကုန်ထုတ်လုပ်အား (လုပ်အား) လိုတယ်။ အရင်းအနှီးကတော့ ကုန်ထုတ်လုပ်တဲ့ ကိရိယာ၊တန်ဆာပလာနဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဆိုလိုပြီး လုပ်အားကတော့ အလုပ်သမားတွေရဲ့ ခွန်အားနဲ့ စွမ်းရည်ပဲဖြစ်တယ်။ ကုန်ထုတ်လုပ်အားဟာ ခေတ်အလိုက် လူသားတွေရဲ့ ဆန်းသစ်တီထွင်မှုတွေကြောင့် ပြောင်းလဲလာတာနဲ့အတူ လူ့အဖွဲ့အစည်းကလည်းပြောင်းလဲလာတယ်။ "လက်မှုစက်ရုံတွေက (ဖိနှိပ်တဲ့) ပဒေသရာဇ် လူ့အဖွဲ့အစည်းကို ဖြစ်ပေါ်စေပြီး၊ ရေနွေးငွေ့သုံး စက်ရုံကတော့ (ဖိနှိပ်တဲ့) စက်မှုအရင်းရှင်လူ့အဖွဲ့အစည်းကို ဖြစ်ပေါ်စေတယ်" လို့ Marxက ဆိုတယ်။ ကုန်ထုတ်လုပ်အားတိုးတက်လာပေမယ့် ဒါဟာ လူတန်းစားပြဿနာကို ဖြေရှင်းသွားတာ မဟုတ်ဘူးဆိုတာ နားလည်ဖို့လိုတယ် ( ဒါဟာ နံပါတ်(၁)မှာပြောခဲ့တဲ့ သမိုင်းဆိုတာ လူတန်းစားပြဿနာတွေပဲ ဆိုတဲ့အဆိုကို အထောက်အကူပြုတယ်။)

(3) ဒီဘက် အရင်းရှင်ခေတ်မှာတော့ အရင်းရှင်လူတန်းစားက ကုန်ထုတ်လုပ်တဲ့ အရင်းအနှီးကို ပိုင်ဆိုင်ပါတယ်။ အလုပ်သမားလူတန်းစားဆီက လုပ်အားကို ယူပြီး ကုန်ထုတ်လှုပ်မှုလုပ်ကြပါတယ်။ အဲ့ဒီလုပ်အားအတွက် လုပ်အားခကိုတော့ အလုပ်သမားတွေက ရရှိပြီး ကုန်ထုတ်လုပ်မှုကရတဲ့ ကျန်တဲ့အမြတ်ငွေတွေကိုတော့ အရင်းရှင်တွေက ခွဲယူကြပါတယ်။ ပြိုင်ဆိုင်မှုတွေရှိလာတဲ့အခါ အရင်းရှင်တွေက အခြားပြိုင်ဘက်အရင်းရှင်တွေနဲ့သာအောင်၊ သူတို့အတွက် အရင်းနည်းနည်းနဲ့ အမြတ်များများရအောင်လို့ ကုန်ထုတ်စွမ်းအားကို ပိုများဖို့ကြိုးစားကြတယ်။ အဲအခါ စက်ပစ္စည်းတွေကို စျေးကြီးပေးပြီးပို ဝယ်တာထက် အလုပ်သမားတွေကို တတ်နိုင်သလောက် လစာကိုနှိမ်ထားတာမျိုးက သူတို့အတွက်ပိုအကျိုးရှိစေတဲ့ နည်းလမ်းဖြစ်တယ်။ တကယ်တမ်းမှာ ခွန်အားနဲ့စွမ်းရည်ကို သုံးရတာ အလုပ်သမားတွေဖြစ်ပေ့မယ် အရင်းရှင်တွေက အလုပ်ခကို ရသလောက် ခေါင်းပုံဖြတ်ပြီး အမြတ်ငွေတွေကို သူတို့အိပ်ကပ်ထဲအကုန်ထည့်တယ်။ လူတွေကသာ "နှစ်နဲ့ချီပြီးကြိုးစားရင် သူဌေးကြီးဖြစ်လာမယ်"ဆိုပြီး ယုံတမ်းမိုတီဗေးရှင်းစကားတွေ ပြောနေပေမယ့် လက်တွေ့မှ သူတို့ဘဝတွေကတော့ လခစားအလုပ်သမားဘဝက မတိုးတက်ပဲ ရပ်တန့်နေပါတယ်။

(4) အမေရိကန် နိုင်ငံရေးနဲ့ ဒဿနိကပညာရှင်Noam Chomsky ကိုယ်တိုင်ကလဲ အရင်းရှင်corporateတွေကို  အကြွင်းမဲ့အာဏာရှင် totalitarian institutionတွေနဲ့ တူတယ်လို့ နှိုင်းပြီးပြောဆိုဖူးပါတယ်။ "လုပ်ခရဖို့အတွက် ခေါင်းပုံဖြတ်ခံနေရတဲ့ အလုပ်သမားတွေဘဝဟာ မိမိခန္ဓာနဲ့လုပ်အားကို ငှါးစားရနေတာပဲ၊ ဒါဟာ အရင်ခေတ်က မိမိခန္ဓာနဲ့လုပ်အားကို  တစ်သက်လုံးပေးထားရတဲ့ ကျွန်ဘဝနဲ့မခြားနားဘူး သေချာစဉ်းစားကြည့်ရင် လူသားတစ်ယောက်အနေနဲ့ အရမ်းရှက်ဖို့တောင်ကောင်းတယ်"လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။

(5) အဲ့သလို အောက်ခြေဘဝထဲမှာပဲ စားဝတ်နေရေးအတွက်တောင် အနိုင်နိုင် ချုပ်နှောင်ထားခြင်းခံထားရတဲ့ဘဝကို "နှောင်ကြိုး(ဝါ) သံကြိုးတွေနဲ့ချည်ထားတဲ့ဘဝ"လို့ ဆိုလိုတာပါ။ " မိမိကို ဖိနှိပ်နေတဲ့ အရင်းရှင်လူတန်းစားကို အဖိနှိပ်ခံလူတန်းစားကြီးကိုယ်တိုင် တော်လှန်ပစ်ရမှာသာလျှင် နှောင်ကြိုးတွေကို ဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်"လို့ Marxက ဆိုခဲ့တာပါ။

နှောင်ကြိုးမှတပါး ဆုံးရှုံးစရာ မရှိ
၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်၊ ဆူးလေ။ ဓာတ်ပုံ - Photo - Min Myo

နိဂုံး -   Marxပြောခဲ့တဲ့ "နှောင်ကြိုးမှ တစ်ပါး ဆုံးရှုံးစရာ အခြားမရှိ"ဆိုတာ လူတန်းစားတိုင်းကို ကိုယ်စားမပြုဘူး။ အလုပ်သမားလူတန်းစားကြီးရဲ့ ထူးခြားမြင့်မြတ်တဲ့ ဝိသေသဖြစ်တယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာလဲ အလုပ်သမားတွေက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီဖြစ်တယ်။ ၂၀၂၁ ဖေဖော်ဝါရီ (၆)ရက်နေ့က လှည်းတန်းမှာ တော်လှန်ရေးကို စတင်ဖောက်ခွဲခဲ့တာ အလုပ်သမားထုဖြစ်တယ်။ ဘယ်ပါတီ ဘယ်နိုင်ငံရေးသမားမှ လမ်းပေါ်မထွက်ခင် လှိုင်သာယာကနေ ထမင်းချိုင့်လေးတွေဆွဲပြီး ခံယူချက်နဲ့ လှည်းတန်းထိ ချီတက်လာတဲ့ FWGM ( Federations of General Workers Myanmar) အလုပ်သမားထုကြီးပဲ ဖြစ်တယ်။ မြို့ပြလူလတ်တန်းစားမှာမရှိတဲ့ တော်လှန်ရေးရဲ့ အပြင်းထန်ဆုံးပေါက်ကွဲအားကို အခြေခံအလုပ်သမားတန်းစားမှာသာ တွေ့နိုင်တယ်။ ဒါဟာလဲ "နှောငိကြိုးမှတစ်ပါး အခြားမရှိ"ဆိုတဲ့ ထူးခြားတဲ့ဝိသေသကြောင့်ဖြစ်တယ်။ အဲ့အတွက် မိမိထက် ပညာရေးနဲ့ နိုင်ငံရေးရေချိန် နိမ့်တဲ့သူဆိုပြီး မြို့ပြလူတန်းစားကနေ ဖယ်မထားပဲ လူထုကသာလျှင် အချင်းချင်းဖေးမ ဆွဲခေါ်ပြီး အတူတူတိုက်ပွဲဝင်ရမှာဖြစ်တယ်။  ဒီနေရာမှာ ဘုံရန်သူကို စစ်အာဏာရှင်ဆိုတာထက် "ပြည်သူကို ဖိနှိပ်သူမှန်သမျှ" အဖိနှိပ်ခံအားလုံးရဲ့ ဘုံရန်သူဖြစ်တယ်။ တစ်ဖက်မှာလဲ တော်လှန်ရေးကာလအတွင်း "ဖိနှိပ်သူကို တွန်းလှန်ကြရင်း ကိုယ်တိုင်က ဖြစ်စဉ်အဆုံးမှာ ဖိနှိပ်သူမဖြစ်သွားဖို့"လိုတယ်ဟု သတိချပ်ကြစေလိုပါကြောင်း။

References
(1) Kar Marx & Friedrich Engels, The Communist Manifesto
(2) Kar Marx, Poverty of Philosophy
(3) Noam Chomsky, " Not very different from chattel slavery because there isn’t much difference between selling yourself and renting yourself. So the idea of renting yourself, meaning working for wages, was degrading, it was just an attack on your personal integrity. "

Credit to BBP - Resistance | Facebook

မူရင်းပို့စ် https://www.facebook.com/104663308345842/posts/117384383740401/

Heinko Lwin

Heinko Lwin