ဖက်ဒရယ်ကို သိချင်ရင် ပင်လုံကိုသိဖို့လိုတယ်။ ( ဆောင်းပါးရှည် )

၁။ ပင်လုံစာချုပ်နိဒါန်း
၂။ စာချုပ်ချုပ်ဆိုလာရန် အကြောင်းဖန်လာသည့် သမိုင်းစဥ်
၃။ ပင်လုံစာချုပ်ဘာသာပြန်၊ စာချုပ်၏အဓိပ္ပါယ်နှင့်ကတိက၀တ်များ

ပင်လုံစာချုပ် နိဒါန်း - ငရဲခွေးကြီး အမိဖမ်းမည်

ပင်လုံစာချုပ်နိဒါန်း

ဒီနေ့မြန်မာနိုင်ငံဆိုတာ "ပင်လုံစာချုပ်" အရ ယခင်ဗြိတိသျှကိုလိုနီနယ် (၄) ခုနဲ့ ဗြိတိသျှကိုလိုနီနယ် မဟုတ်ခဲ့တဲ့ ကရင်နီပြည်( ယခု ကယားပြည်နယ်)ကို ပေါင်းစုဖွဲ့စည်းထူထောင်ထားတဲ့ တိုင်းပြည်ဖြစ်တယ်။ ဒီကိုလိုနီနယ်(၄) ခုတို့ကို နယ်ချဲ့ ဗြိတိသျှတို့က မတူညီတဲ့နှစ်ကာလအချိန်မှာ သီးခြားတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ကိုလိုနီခေတ်တလျှောက်လုံးမှာလည်း ဒီနယ် ၄ နယ်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၄ ခု ထိ နယ်မြေအလိုက် ပြဋ္ဌာန်းပြီး သီးခြားအုပ်ချုပ်ခဲ့တယ်။

ဒီနယ် (၄) နယ်ကတော့

• ၁၈၉၅ ခုနှစ်မှာ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ကချင်တောင်တန်းလူမျိုးစုစည်းမျဥ်းများ (Kachin Hills Tribes Regulation) အရ အုပ်ချုပ်ခဲ့တဲ့ “ကချင်တောင်တန်းဒေသ”

• ၁၈၉၆ ခုနှစ်မှာ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ချင်းတောင်တန်းဒေသစည်းမျဥ်းများ ( Chin Hills Regulation )အရ အုပ်ချုပ်ခဲ့တဲ့ “ချင်းတောင်တန်းဒေသ”

• ၁၈၈၈ ခုနှစ်မှာ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ရှမ်းပြည်နယ်များအက်ဥပဒေကို ( Shan States Act) ကို ၁၉၂၂ ခုနှစ်တွင် ဖက်ဒရယ်ရှမ်းပြည်နယ်များအက်ဥပဒေ (Federated Shan States Act) အဖြစ် ပြင်ဆင်ပြဋ္ဌာန်းပြီး အုပ်ချုပ်ခဲ့တဲ့ "ပြည်ထောင်စုရှမ်းပြည်" နဲ့

• ၁၉၃၅ခုနှစ်မှာ ရေးဆွဲပြဋ္ဌာန်းပြီး ၁၉၃၇ခုနှစ်မှာ အသက်ဝင် (စတင်) ကျင့်သုံးခဲ့တဲ့ ၁၉၃၅ ဗမာအစိုးရအက်ဥပဒေ (1935 Burma Act) အရ အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီခေတ်မတိုင်ခင် ဗမာမင်းများ ပိုင်ဆိုင်ခဲ့တဲ့နယ်မြေတို့ပဲ ဖြစ်ကြတယ်။

၁၉၃၅ ဗမာအက်ဥပဒေ (1935 Burma Act) အရ အုပ်ချုပ်ခဲ့တဲ့ နယ်မြေများထဲမှာဆိုရင် ဗြိတိသျှကိုလိုနီခေတ်မတိုင်မီ ဗမာမင်းများက တိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ မွန်ပြည်နဲ့ရခိုင်ပြည်တို့အပါအဝင် ကရင်လူမျိုးများ အများစုနေထိုင်ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများလည်း ပါဝင်ခဲ့တယ်။

ဒီ(၄)နယ်ကို ချင်းဒေသ၊ ကချင်ဒေသ၊ ရှမ်းပြည် နဲ့ ဗမာနယ်လို့ အတို သုံးနှုန်းပါမယ်။ ဒီလိုသုံးနှုန်းရင်၊ ဒီနယ်တွေမှာ ပြဋ္ဌာန်းတဲ့ အက်ဥပဒေများကိုပါ တပါတည်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒီ (၄) နယ်ထဲ မပါတဲ့ ကရင်နီပြည်(ယခုကယားပြည်နယ်) ဆိုတာ အင်္ဂလိပ်လက်အောက် မကျရောက်ခဲ့။ ကိုလိုနီခေတ်တလျှောက်လုံးမှာ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့၊ တိုင်းပြည်အနေအထားအဖြစ် ရပ်တည်ခဲ့တာဆိုလို့ ကရင်နီပြည်ပဲ ရှိတယ်။ ဒီကရင်နီပြည်ကို ပင်လုံညီလာခံဆီ ဖိတ်ကြားခြင်းမပြုခဲ့ဘူး။ ကရင်နီပြည်က လေ့လာသူအချို့သာ တက်ရောက်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ပင်လုံညီလာခံဆိုတာ ဗြိတိသျှကိုလိုနီစနစ်အောက်မှာ လွတ်လပ်ရေး ဆုံးရှုံးခဲ့ကြတဲ့ လူမျိုးများရဲ့အနာဂါတ်အရေးကို တိုင်ပင်တဲ့ညီလာခံဖြစ်တယ်၊ ဒီအချိန်မှာ လွတ်လပ်ရေးမဆုံးရှုံးတဲ့၊ လွတ်လပ်တဲ့ ကရင်နီလူမျိုးများအရေးကို တိုင်ပင်စရာအကြောင်းမရှိလို့ ဖြစ်တယ်။

ဗြိတိသျှနယ်ချဲ့တို့က အဲဒီကိုလိုနီနယ်မြေ ၄ ခုကို သီးခြားအချိန်အတွင်း သီးခြားစီ တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်။ ဒါကြောင့်မို့ ကိုလိုနီခေတ်ကုန်ဆုံးတဲ့အချိန်မှာလည်း ဒီကိုလိုနီနယ်(၄) ခုတို့ဟာ လွတ်လပ်ရေးကို သီးခြားရယူပြီး အမျိုးသားနိုင်ငံတော်များကို သီးသန့် ထူထောင်ပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် အဲဒီကိုလိုနီနယ်(၄) ခု ( ကချင်ဒေသ၊ ချင်းဒေသ၊ ဗမာနယ်၊ ရှမ်းပြည်) မှ အမျိုးသားခေါင်းဆောင်ကြီးများက ၁၉၄၆ ခုနှစ် မတ်လမှာ တစ်ကြိမ်၊ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလမှာ တစ်ကြိမ်၊ ၂ကြိမ်တိုင်တိုင် စည်းဝေးတွေ့ဆုံညှိနှိုင်းခဲ့တယ်။ ဒီစည်း ဝေးပွဲကို “ပင်လုံညီလာခံ” ကြီးလို့ ခေါ်တယ်။ ပင်လုံညီလာခံကို နှစ်ကြိမ်တိုင်တိုင် ကျင်းပပြီး လွတ်လပ်ရေးကို အတူတကွ ရယူရန် ဆုံးဖြတ်ခဲ့ကြတယ်။

ဒါ့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ(၁၂) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ “ပင်လုံစာချုပ်”က ဘာလဲဆိုတာ ရှင်းပြဖို့ လိုလာတယ်။ ပင်လုံစာချုပ်ဟာ

- ကိုလိုနီခေတ်မတိုင်ခင်မှာ သီးခြားလွတ်လပ်တဲ့ နယ်မြေအပိုင်းအခြား ၄ ခုရှိတယ်၊ ဒီ နယ် ၄ ခုကို နယ်ချဲတို့က သီးခြားသိမ်းပိုက်ခဲ့တယ်၊ ကိုလိုနီခေတ်တလျှောက်လုံး သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေများဖြင့် အုပ်ချုပ်ခဲ့တယ်၊ ဒီလိုမျိုး ဗြိတိသျှကိုလိုနီနယ် (၄)ခု ရှိတယ် (ကချင်နယ်၊ ချင်းနယ်၊ ရှမ်းနယ်၊ ဗမာနယ်)

- စစ်ကူတိုက်ပေးရင် ကိုလိုနီနယ်တွေကို လွတ်လပ်ရေးပေးမယ်ဆိုတဲ့ အမေရိကန်သမ္မတရုစဗဲ့နဲ့ ဗြိတိသျှနန်းရင်းဝန် ချာချီရဲ့ "အတ္တလန္တိတ်စာချုပ်"အရ ဒီနယ် ၄ ခုက လူမျိုးများဟာ လွတ်လပ်ရေးကို သီးခြား ရယူလို့ရတယ်၊ မိမိတို့၏အမျိုးသားနိုင်ငံတော်များကို သီးခြားထူထောင်လို့ရတယ်။

- ဒါပေမယ့် ဒီလိုမလုပ်ဘဲ လွတ်လပ်ရေးကို အတူတကွ ရယူကြမယ်ကွာ၊ ဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ အပြည့်အဝရှိတဲ့ ပြည်ထောင်စု နိုင်ငံတော်တစ်ခုကို အတူတကွထူထောင်ကြမယ်ကွာ ဆိုပြီး ပဋိညာဉ်ပြုခဲ့ကြတယ်။

ဒီလိုပဋိညာဥ်ပြုခဲ့တဲ့စာချုပ်က ပင်လုံစာချုပ် ဖြစ်တယ်။

စာချုပ်ချုပ်ဆိုလာရန် အကြောင်းဖန်လာသည့် သမိုင်းစဉ် - ငရဲခွေးကြီး အမိဖမ်းမည်

ပင်လုံစာချုပ်ချုပ်ဆိုရန် ဖြစ်တည်လာသော သမိုင်းစဥ်


ဒုတိယကမ္ဘာစစ်ကြီးကာလမှာ အိန္ဒိယနဲ့ ဗမာနိုင်ငံတို့ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုများက အရှိန်အဟုန်ပြင်းထန်လာခဲ့တယ်။ ဒီလိုပြင်းထန်လာတဲ့အကြောင်းရင်းတစ်ရပ်ကလည်း အမေရိကန်သမ္မတရုစဗဲ့နှင့် ဝန်ကြီးချုပ်ချာချီတို့က ထုတ်ပြန်တဲ့ “အတ္တလန်တိတ်ကြေညာစာတမ်း” မှာပါတဲ့
"မပာာမိတ်တို့ဘက်မှပါဝင်တိုက်ခိုက်သော အသိမ်းပိုက်ခံတိုင်းပြည်များကို လွတ်လပ်ရေးပေးမည်"ဆိုတဲ့အချက်ကြောင့်ဖြစ်တယ်။

အဲဒီလိုအမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုများက ချင်း၊ ကချင်၊ ရှမ်းနဲ့ အခြားလူမျိုးစုတွေအပေါ် အနည်းနဲ့အများ ရိုက်ခတ်မှုရှိလာခဲ့တယ်။ ဒါ့ကြောင့် အဲဒီလူမျိုးစုတွေကလည်း ဒုတိယကမ္ဘာစစ်အပြီး ဖြစ်ပေါ်ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေနဲ့ စပ်လျဉ်းပြီး တိုင်ပင်နှီးနှောမှုများကို အချင်းချင်း ပြုလုပ်ခဲ့ကြတယ်။ ဒီလိုကနေ ပင်လုံညီလာခံ ပေါ်ထွက်လာတယ်။ ပင်လုံညီလာခံကို ၂ ကြိမ်တိုင်တိုင် ကျင်းပခဲ့တယ်ဆိုတာကိုတော့ ပင်လုံစာချုပ်နိဒါန်းအပိုင်းမှာ ဖော်ပြခဲ့ပြီးပါပြီ။

▪︎ ပထမပင်လုံညီလာခံ ဖြစ်ပေါ်လာပုံ

၁၉၄၅ ခုနှစ် အောက်တိုဘာလမှာ ရှမ်းပြည်အနာဂတ်အရေးကို တိုင်ပင်ဆွေးနွေးနိုင်တဲ့၊ ရှမ်းပြည်စော်ဘွားများ အစုံအညီတက်ရောက်တဲ့၊ အခွင့်အရေးတစ်ရပ် မမျှော်လင့်ဘဲ ပေါ်လာခဲ့တယ်။ အဲဒီအခွင့်အရေးက မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းရဲ့ မဟာဒေဝီအသုဘအခမ်းအနားပဲ။ ဒီအသုဘအခမ်းအနားဆီ အနယ်နယ်အရပ်ရပ်ကနေ တက်ရောက်လာကြတဲ့ ရှမ်းစော်ဘွားကြီးများက ရှမ်းပြည်ရဲ့အနာဂတ်အရေးကို ဆွေးနွေးတိုင်ပင်ခွင့်ရရှိခဲ့ကြတယ်။

၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ရှမ်းပြည်စော်ဘွားများကောင်စီ (Shan States Saophas Council) အစည်းအဝေးကို မိုင်းကိုင်ဟော်နန်းတွင် ကျင်းပခဲ့တယ်။ ဒီအစည်းအဝေးအရ ၁၉၄၆၊ မတ်လမှာ ကျရောက်တဲ့ "လဲချားနယ်၊ ပင်လုံမြို့ဘုရားပွဲ"တွင် ရှမ်းပြည်လက်မှုပြပွဲတစ်ရပ် ကျင်းပရန်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။ “ရှမ်းပြည်လက်မှုပြပွဲ” လို့သာ နာမည်တပ်ခေါ်ထား ပေမယ့်လည်း ဒီပြပွဲ တက်ရောက်ဖို့အတွက် ရှမ်းပြည်လူထုခေါင်းဆောင်များ၊ ကချင်တောင်တန်း ခေါင်းဆောင်များ၊ ချင်းတောင်တန်း ခေါင်းဆောင်များ၊ ကရင်နီခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဗမာပြည်မခေါင်းဆောင်များကို ဖိတ်ကြားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ရခိုင်ခရီးစဉ်ရှိနေလို့ မတက်ရောက်နိုင်ခဲ့ဘူး။ ဘုရားပွဲနဲ့တစ်ပါတည်း ကျင်းပတဲ့ ဒီပင်လုံပွဲကို “ပထမပင်လုံညီလာခံ” ဟု ခေါ်တွင်ကြတယ်။

ပထမပင်လုံညီလာခံကို ၁၉၄၆ ခုနှစ် မတ်လ (၂၀) ရက်မှ (၂၈) ရက်အထိ ကျင်းပပြီး နိုင်ငံရေးဟောပြောပွဲများကို ပြုလုပ်ခဲ့တယ်။ ဗမာပြည်ခေါင်းဆောင်ကြီးများဘက်မှ ဦးနုနဲ့ဦးစောတို့ ပါဝင်ဟောပြောခဲ့ကြတယ်။ ရှမ်းနဲ့ကချင်ခေါင်းဆောင်များက ဗမာပြည်နဲ့တပြိုင်တည်းလွတ်လပ်ရေးယူသင့်မယူသင့်ကိစ္စကို သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။

ကရင်နီပြည်ကိုယ်စားလှယ်များကတော့ " မိမိတို့အနေဖြင့် ကရင်နီပြည်သည် သီးခြားလွတ်လပ်ရေးရရှိပြီးဖြစ်၍ လေ့လာသူအဖြစ်သာ တက်ရောက်မည်ဖြစ်ကြောင်း" ပြောကြားခဲ့တယ်။ ပထမပင်လုံညီလာခံက အိမ်ရှင်ရှမ်းပြည်စော်ဘွားကြီးများကိုယ်တိုင် စီစဉ်ဖိတ်ကြား ပြုလုပ်တာမို့ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ ခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှုနဲ့ အပြန်အလှန်နားလည်မှုရရှိစေခဲ့တယ်။ ပထမပင်လုံညီလာခံက ၁၉၄၆ မတ်လမှာ ပြီးသွားတယ်။

▪︎ဒုတိယပင်လုံညီလာခံ ကျင်းပပုံ

၁၉၄၆ ဒီဇင်ဘာမှာ ဗိုလ်ချုပ်အောင်ဆန်းတို့က လန်ဒန်ကို သွားရတယ်။ ဗြိတိသျှအစိုးရက ဗမာပြည်အနာဂတ်အတွက် ဆွေးနွေးရန်ဆိုပြီး ၁၉၄၆ ခုနှစ်ဒီဇင်ဘာလမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာကိုယ်စားလှယ်အဖွဲ့ကို လန်ဒန်မြို့ကို ဖိတ်ခေါ်ခဲ့တယ်။ ကိုယ်စားလှယ်အဖွဲ့က ဗမာပြည်နဲ့အတူ တောင်တန်းဒေသနယ်မြေများကိုပါ တပြိုင်တည်း လွတ်လပ်ရေးပေးရန် အဆိုတင်သွင်းခဲ့ကြတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး ရှမ်းပြည်စော်ဘွားများကောင်စီက “ဗမာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နှင့်တောင်တန်းဒေသများကို ကိုယ်စားပြုနိုင်ခြင်းမရှိကြောင်း”ကို ဗြိတိသျှအစိုးရထံ ကြေးနန်းစာပေးပို့ကန့်ကွက်ခဲ့တယ်။

ဒီကြေးနန်းစာကြောင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ချုပ်ဆိုတဲ့ အောင်ဆန်း - အက်တလီစာချုပ်မှာ တောင်တန်းဒေသနယ်မြေများနှင့် ပတ်သက်သည့် အပိုဒ်(၈) ကို ထည့်သွင်း ဖော်ပြနိုင်ခဲ့တာ ဖြစ်တယ်။

အောင်ဆန်း-အက်တလီစာချုပ်အပိုဒ်(၈) က အောက်ပါအတိုင်းဖြစ်တယ်။

“ချင်း၊ ကချင်နှင့်ရှမ်းလူမျိုးများက ဗမာပြည်ကြားဖြတ်အစိုးရနှင့် ပူးပေါင်း၍ လွတ်လပ်ရေးကို အတူအကွ ရယူသင့်မသင့်ဟူသောကိစ္စ” နှင့် “အကယ်၍လွတ်လပ်ရေးကို အတူတကွ ရယူမည်ဆိုပါက မည်သို့ မည်ပုံ ပူးပေါင်း၍ ရယူမည်ဆိုသော ပူးပေါင်းရေးနည်းလမ်း (Method of Association) ကို တောင်တန်းဒေသရှိတိုင်းရင်းသားလူမျိုးများ၏ ဆန္ဒအတိုင်း ဆောင်ရွက်နိုင်ရမည်”

ပထမပင်လုံညီလာခံကျင်းပရာ ပင်လုံမြို့သို့ အလာ၊ ၁၉၄၇ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ကချင်ကိုယ်စားလှယ်များက ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတွင် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်။ လိုလားချက်များကို တညီတညွတ်တည်း ချမှတ်ခဲ့ပါတယ်။ [ကွတ်ခိုင်မှာ ကချင်ကိုယ်စားလှယ်များ ချမှတ်တဲ့ လိုလားချက်များကို ဖတ်ရှုနိုင်မယ့်စာအုပ်ကို ဆောင်းပါးအဆုံးတွင် ညွှန်းထားပါတယ်။ ]

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ မွန်းလွဲ (၂) နာရီခွဲ အချိန်မှာတော့ ပင်လုံမြို့မှာ ကျင်းပတဲ့ “ရှမ်း နှင့်ကချင်” ကော်မတီအစည်းအဝေးဆုံးဖြတ်ချက် ထွက်ရှိလာတယ်။ ဒီဆုံးဖြတ်ချက်က အနာဂတ်ပြည်ထောင်စုမဖွဲ့စည်းမီ ကြားဖြတ်ကာလအတွင်း ဗမာပြည်မနဲ့ ဘယ်ပုံဘယ်နည်း ပူးပေါင်းဆက်သွယ်မယ်ဆိုတာကို အဓိက ဦးတည်ထားတယ်။ [ဆုံးဖြတ်ချက် ဖတ်ရှုနိုင်မယ့်စာအုပ်ကို ဆောင်းပါးအဆုံးတွင် ညွှန်းထားပါတယ်။]

အဲဒီ ဖေဖော်ဝါရီ (၆) ရက်နေ့ညမှာပဲ ချင်းကိုယ်စားလှယ်အဖွဲ့က ပင်လုံကို ရောက်ရှိလာတယ်။ နောက်နေ့ ဖေဖော်ဝါရီလ (၇) ရက်နေ့၊ နံနက်(၉) နာရီအချိန်မှာတော့ “ချင်း၊ ကချင်၊ ရှမ်း” ပူးတွဲကော်မတီက ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်။ ဒီ ၇ ရက် နေ့ ဆုံးဖြတ်ချက်ကလည်း ၆ရက်နေ့ဆုံးဖြတ်ချက် ( ကချင်+ရှမ်းကော်မတီရဲ့ဆုံးဖြတ်ချက်)ကို ဖြည့်စွက်ထားတာပဲ ဖြစ်တယ်။

ဒါကြောင့် ချင်း ၊ ကချင်နှင့် ရှမ်းလူမျိုးများရဲ့ ဆန္ဒသဘောထားကို ရယူရန်၊ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယပင်လုံညီလာခံစတင်တဲ့ရက် ဖေဖော်ဝါရီ ၁၀ရက်နေ့မှာ ကိုယ်တိုင်တက်ရောက်ခဲ့တယ်။ ဒီညီလာခံမှာ မိန့်ခွန်းပြောကြားတယ်။ ဗိုလ်ချုပ်ပြောကြားချက်က " တောင်တန်းနယ်မြေများအား ဗြိတိသျှအုပ်ချုပ်သည်ကို ဗမာများက မကြိုက်ကြောင်း၊ ဗမာများသည် တောင်တန်းဒေသအတွက် ပြောဆိုခြင်းမှာ ဗမာပြည်နှင့်တန်းတူအဆင့်အတန်း အခွင့်အရေးရစေလိုသောကြောင့်ဖြစ်ကြောင်း၊ ဗမာလူမျိုးသည် ဗြိတိသျှကျွန် မဖြစ်လိုကြောင်း၊ထိုနည်းတူ တောင်တန်းလူမျိုးများ ဗြိတိသျှကျွန်ဖြစ်သည်ကို ဗမာက မကြိုက်ကြောင်း၊ ထိုနည်းတူ တောင်တန်းလူမျိုးများသည် ဗမာကျွန်အဖြစ် မဖြစ်စေရကြောင်း" ဖြစ်တယ်။

ဒီလိုနဲ့ သမိုင်းဝင်ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်။ (လက်မှတ်ရေးထိုးသူစာရင်းကို အထူးမဖော်ပြတော့ပါ။ ဆောင်းပါးအဆုံးတွင် ညွှန်းထားတဲ့စာအုပ်တွင် ဖတ်ရှုနိုင်။)

■ ဒီသမိုင်းစဥ်ကို အကျဥ်းပြန်ချုပ်ရရင်

▪︎၁၉၄၅

က။ အောက်တိုဘာတွင် မိုင်းပွန်စော်ဘွားရဲ့ မဟာ ဒေဝီအသုဘဆီ ရှမ်းစော်ဘွားများ တက်ရောက်လာ။

▪︎၁၉၄၆

က။ ဇန်နဝါရီ ၃၁ တွင် ရှမ်းပြည်စော်ဘွားများကောင်စီအစည်းအဝေးပြုလုပ်။ ပထမပင်လုံညီလာခံပြုလုပ်ရန် လမ်းစရ။

ခ။ မတ် ၂၀-၂၈ တွင် ပထမပင်လုံညီလာခံကျင်းပ။ ရှမ်း၊ ဗမာ၊ ကချင်၊ ကရင်နီ၊ ချင်း ခေါင်းဆောင်များတက်ရောက်။

ဂ။ ဒီဇင်ဘာတွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့ လန်ဒန်သွား။

ဒီအဖွဲ့က တောင်တန်းဒေသကို ကိုယ်စားမပြုကြောင်း ရှမ်းပြည်စော်ဘွားများကောင်စီက ကြေးနန်းပေးပို့ကန့်ကွက်။

▪︎ ၁၉၄၇

က။ ဇန်နဝါရီ ၂၇တွင် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆို။

ခ။ ဖေဖော်ဝါရီ ၁ တွင် ကွတ်ခိုင်မှာ ကချင်ကိုယ်စားလှယ်တွေ ကြိုတင်ညှိနှိုင်းဆွေးနွေး။

ဂ။ ဖေဖော်ဝါရီ ၆ မှာ ပင်လုံတွင် ခုနက ကချင်ကိုယ်စားလှယ်၊ ရှမ်းစော်ဘွားကိုယ်စားလှယ်၊ ရှမ်းလူထုကိုယ်စားလှယ်များက ကော်မတီဖွဲ့၊ ဆုံးဖြတ်ချက်ချ။

ဃ။ ဖေဖော်ဝါရီ ၇ မှာ ချင်းကိုယ်စားလှယ်တွေပါ ထပ်ပါ (ပါဝင်) လာပြီး ချင်း၊ကချင်၊ရှမ်း ပူးတွဲကော်မတီ ဆုံးဖြတ်ချက်ချ။

င။ ဖေဖော်ဝါရီ ၁၀တွင် ဒုတိယပင်လုံရ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြော။

စ။ ဖေဖော်ဝါရီ ၁၂မှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုး။

ဒါကပင် သမိုင်းစဥ်အကျဥ်းဖြစ်တယ်။

ပင်လုံစာချုပ် ဘာသာပြန်၊ စာချုပ်၏ အဓိပ္ပာယ်နှင့် ကတိကဝတ်များ

ပင်လုံစာချုပ်ဘာသာပြန်၊ စာချုပ်၏အဓိပ္ပါယ်နှင့်ကတိက၀တ်များ

ပင်လုံစာချုပ်(မြန်မာပြန်)ကို ဦးစွာ ဖော်ပြလိုက်ပါတယ်။ ဒီစာချုပ်မြန်မာပြန်ကို ဖတ်ပြီး တန်းနားလည်ဦးမှာ မဟုတ်ပါ။ ဒါကြောင့်မို့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ စာချုပ်ထဲက ကတိက၀တ်များကိုပါ တစ်ပါတည်း ဆက်လက်တင်ပြပါမယ်။

■ ပင်လုံစာချုပ်(မြန်မာဘာသာပြန်)

မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့၊ စဝ်ဖများအားလုံးနှင့် [ပြည်ထောင်စု] ရှမ်းပြည်၊ ကချင်တောင်တန်းဒေသများနှင့် ချင်း
တောင်တန်းဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့
တွင်ကျင်းပသည့် ညီလာခံကြီး တရပ်တွင် -

ညီလာခံကိုယ်စားလှယ်များသည် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမို၍လျင်မြန်စွာ ရရှိလိမ့်မည်ဟုယုံကြည်ကြသည်နှင့်အညီ-

ညီလာခံကိုယ်စားလှယ်များက ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

၁။ တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (တ-စ-ည-ဖ) ကိုယ်စားလှယ်များ၏ အကြံပြုထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံက ရွေးချယ်၍ ထိုပုဂ္ဂိုလ်ကို တောင်တန်းဒေသများဆိုင်ရာ အတိုင်ပင်ခံအဖြစ် ခန့်ထားပြီး အုပ်ချုပ်ခွင့် အာဏာများကို အလားတူအပ်နှင်းရမည်။

၂။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကိုဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် အခြေခံဥပဒေထုံးနည်းအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူတောင်တန်းဒေသများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို အလားတူပေးအပ်ရမည်။

၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားတောင်တန်းဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည်ထုံးနည်းဥပဒေအရ ပူးတွဲတာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

၄။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် တောင်တန်းဒေသများ၏ တဦးတည်းကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များသည် တောင်တန်းဒေသများနှင့်သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီ အစည်းအဝေးများတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။ အထက်တွင်သဘောတူညီသည့်အတိုင်းဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း၊ တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန်အဆိုပါကောင်စီက လုံးဝပြုလုပ်ခြင်း မရှိစေရ။ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးများ အပြည့်အဝရှိရမည်ဟု မူအားဖြင့် သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့်မြန်မာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်ခြင်းနှင့်တည်ထောင်ခြင်းမေးခွန်းသည် တိုင်းပြုပြည်ပြု
လွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်းဤကဲ့သို့သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက်အထမြောက်ရန်အလို့ဌာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ်မြန်မာနိုင်ငံတော်အစိုးရအက်ဥပဒေအရ၊နောက်ဆက်တွဲစာရင်းပါ အပိုင်း-၂-ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏အုပ်ချုပ်ရေးတွင် တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နိုင်ငံသားတို့သည်ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ်အသိအမှတ်ပြုထားသော အခွင့်အရေးများနှင့်ရပိုင်ခွင့်များကို ခံစားပိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင်သဘောတူညီကြသည့်အစီအစဉ်မှာ ပြည်ထောင်စုရှမ်းပြည်နယ်စုတွင် ယခုအပ်နှင်းပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်
ပြဌာန်းခွင့်ကို ထိခိုက်ခြင်းမရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်တို့မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်းဒေသများနှင့်ချင်းတောင်တန်းဒေသများက ရသင့်ရထိုက်သော ဘဏ္ဍာရေး အကူအညီကိုထိခိုက်ခြင်း မရှိစေရ။ မြန်မာပြည်နှင့်ပြည်ထောင်စုရှမ်းပြည်တို့၏ ဘဏ္ဍာရေး အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသများတို့အတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက၊ တောင်တန်းဒေသများ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေး ကြည့်ရှူရမည်။

[ ဒီနေရာမှာတင် စာချုပ်မြန်မာပြန် ပြီးပါတယ်။ ]

■ စာချုပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

၁။ ပင်လုံစာချုပ်ဟာ

• ကချင်ဒေသ၊ ချင်းဒေသနဲ့ ရှမ်းပြည်တို့က
• ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဗမာပြည်ကြားဖြတ်အစိုးရနဲ့

ပူးပေါင်းမယ်၊ လွတ်လပ်ရေးကို အတူတကွရယူမယ်၊ တန်းတူရည်တူ ပူးပေါင်းပြီး ပြည်ထောင်စုနိုင်ငံတော်သစ်တခုကို အတူတကွ ထူထောင်ကြရမယ်လို့ ပဋိညာဉ်ပြုတဲ့ စာချုပ်ပဲ ဖြစ်တယ်။

၂။ ပင်လုံစာချုပ်အရ ပူးပေါင်းပြီး အသစ်ဖွဲ့စည်းထူထောင်မယ့် ပြည်ထောင်စုမှာ အဖွဲ့ဝင်ပြည်နယ်များအဖြစ် ပါဝင်နေကြမှာက တောင်တန်းဒေသများဖြစ်တယ်။ ရှမ်းပြည်၊ ကချင်ဒေသနဲ့ ချင်းဒေသများ ဖြစ်တယ်။ ဒီဒေသများရဲ့ မိမိတို့နယ်မြေအတွင်း အုပ်ချုပ်ရေးမှာ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိစေရန် ပင်လုံစာချုပ်မှာ “မူ”အားဖြင့် သဘောတူကြတယ်။ ပင်လုံစာချုပ်မှာ တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စကားလုံးကို သေချာရွေးချယ်သုံးနှုန်းထားတယ်။ တောင်တန်းဒေသများအတွင်း လွတ်လပ်စွာ အုပ်ချုပ်ခွင့်နဲ့ စီမံခန့်ခွဲခွင့်များကို နိုင်ငံရေးအရ အလွန်အနှစ်သာရပြည့်ဝတဲ့ "Full Autonomy" ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို သုံးထားတာ ဖြစ်တယ်။ ဒါကို အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ပင်လုံစာချုပ်အပိုဒ်(၅)မှာ တွေ့နိုင်တယ်။

၃။ ကချင်ပြည်နယ်ကို ဖွဲ့စည်းတဲ့အခါ အရင် ၁၈၉၅ ကချင်တောင်တန်းဒေသလူမျိုးစုအခြေခံစည်းမျဥ်းများ ( Kachin Hills Tribes Regulation) အရ အုပ်ချုပ်ခဲ့တဲ့ ကချင်တောင်တန်းဒေသကို ကချင်ပြည်နယ်အဖြစ် သတ်မှတ်ရုံသာမက မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော်ခရိုင်တို့ကို ကချင်ပြည်နယ်တွင် ထည့်သွင်းထားရမယ် ဆိုတာကို ပင်လုံစာချုပ် အပိုဒ် ၆ က ဆိုလိုတာ ဖြစ်တယ်။ ဒီအချက်က ပြည်ထောင်စုကို ထူထောင်ခဲ့တုန်းက ဖျောက်ဖျက်လို့မရတဲ့ ပင်လုံစာချုပ်ရဲ့ သဘောတူညီချက်ဖြစ်တယ်။

ဒါကြောင့် ၁၉၄၇ ခုနှစ်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ (၆) အရ ကချင်ပြည်နယ်နယ်နိမိတ်အတွင်း မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်တို့ကို ထည့်သွင်းထားခြင်း ဖြစ်တယ်။

၄။ ပင်လုံစာချုပ်အပိုဒ်(၇) အရ ဖွဲ့စည်းထူထောင်မယ့် ပြည်ထောင်စုကြီးမှာ အဖွဲ့ဝင်ပြည်နယ်များအဖြစ် ပါဝင်လာမယ့် တောင်တန်းဒေသများ ရှိတယ်။ ဒီဒေသတွေမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမှာဖြစ်ပြီး ဒေသခံ တိုင်းရင်းသားပြည်သူလူထုနဲ့ နိုင်ငံသားများဟာ ဒီမိုကရေစီအခွင့်အရေးများနဲ့ ရပိုင်ခွင့်များ အပြည့်အဝ ရရှိခံစားခွင့်ရှိစေရမယ် ဆိုပြီး စာချုပ်မှာ အာမခံချက်ပေးထားတယ်။

၅။ ပင်လုံစာချုပ် အပိုဒ်(၈) ဟာ ပြည်ထောင်စုရှမ်းပြည်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ကို အာမခံထားပေးတယ်။၊ စာချုပ်အပိုဒ်(၉)ဟာ ကချင်ဒေသနဲ့ ချင်းဒေသများကို ရှမ်းပြည်ကဲ့သို့ဘဏ္ဍာရေးဆိုင်ရာလွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရရှိရေး ၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအကြား ဘဏ္ဍာရေးနဲ့ သဘာဝသယံဇာတများကို မျှဝေခံစားကျင့်သုံးခွင့်ရှိစေရေးကို နည်းလမ်းရှာဖွေရန်
အာမခံချက်ပေးထားတဲ့ အပိုဒ် ဖြစ်တယ်။

( ဒီနေရာမှာ ပင်လုံစာချုပ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ပြီးပါတယ်။)

■ ပင်လုံစာချုပ်ရဲ့ကတိကဝတ်များ

ပင်လုံစာချုပ်ဟာ ပူးပေါင်းရေးစာချုပ်ဖြစ်တယ်။ ပူးပေါင်းပြီး အသစ်ဖွဲ့စည်းထူထောင်မယ့် ပြည်ထောင်စုနိုင်ငံတော်သစ်တစ်ခုရှိမယ်။ ဒီပြည်ထောင်စုကို ထူထောင်တဲ့အခါ ပါဝင်လာမယ့် အဖွဲ့ဝင်ပြည်နယ်များနဲ့ တိုင်းရင်းသားလူမျိုးများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့ ယဉ်ကျေးမှု စတဲ့ နယ်ပယ်အသီးသီးမှာ ဘယ်လိုမျိုးအခွင့်အရေးများ ပေးထားရမယ်ဆိုတာကို ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးသူများ အချင်းချင်း ကတိကဝတ်ပေးထားခဲ့ကြတယ်။

ဒီကတိကဝတ်များဟာ ပင်လုံစာချုပ်အရ ဖွဲ့စည်းထူးထောင်မယ့် နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် လမ်းညွှန်အခြေခံမူများ ဖြစ်တယ်။ ဒီလမ်းညွန်မူများကို အခြေခံပြီး ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ ဦးတည်ခဲ့ကြတယ်။

ဒီကတိကဝတ်များနဲ့ အခြေခံမူများကို "နယ်ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မတီ"ရဲ့ အစီရင်ခံစာနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွန်မူ(၇) ချက်မှာ အထင်အရှားတွေ့ရှိနိုင်တယ်။ [ ဒီအစီရင်ခံစာကိုရော၊ ဗိုလ်ချုပ်ရဲ့လမ်းညွှန်မူတွေကို အပြည်အစုံဖတ်ရှုနိုင်မယ့် စာအုပ်ကို မကြာခင် ရောက်ရှိမယ့် ဒီဆောင်းပါးရဲ့အဆုံးသတ်မှာ ဝေမျှညွှန်းထားပါမယ်။ ]

မေးခွန်း ။ ခုနကပြောတဲ့ နယ်ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းရတာ ဘာကြောင့်လဲ။

အဖြေ ။ ပင်လုံစာချုပ်အရ ပူးပေါင်းပြီး ပြည်ထောင်စုနိုင်ငံတော်တစ်ခုမှာ အဖွဲ့ဝင်များအဖြစ် အတူတကွ နေထိုင်ကြမယ့် ယခင်ဗြိတိသျှကိုလိုနီ(၄) ခုတို့က ဘယ်လို ပူးပေါင်းမလဲ၊ ပြည်ထောင်စုကိုအတူတကွ ဘယ်လိုထူထောင်မလဲဆိုတဲ့ မေးခွန်းတွေရဲ့အဖြေ၊ ပူးပေါင်းရေးနည်းလမ်း (Method of Association) ကို ရှာဖွေဖော်ထုတ်ရန်ပဲ ဖြစ်သည်။

အဲဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွန်မူ (၇) ချက်ကလည်း ဒီကိုလိုနီနယ်(၄) ခု ပူးပေါင်းပြီး အသစ်ဖွဲ့စည်းထူထောင်မယ့် ပြည်ထောင်စုကို
ဘယ်သို့ဘယ်ပုံ ထူထောင်သင့်ကြောင်း ဆွေးနွေးထားချက်ဖြစ်တယ်။

ဒီပင်လုံစာချုပ်အတိုင်း ရေးဆွဲရမယ့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အားနည်းချက်တွေ၊ ဒီအားနည်းချက်တွေက နိုင်ငံကို ဘယ်သို့ဘယ်ပုံ ဒုက္ခရောက်စေခဲ့လဲဆိုတာ နောင်ကျ ဆက်လက်တင်ပြပါမယ်။

နိဂုံးချုပ်ရရင် ပင်လုံစာချုပ်ကိုအကောင်အထည်ဖော်ဖို့ နယ်ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မတီကိုဖွဲ့စည်းတယ်၊ တိုင်းရင်းသားလူမျိုးစုပေါင်းစုံတို့ရဲ့ ဆန္ဒကို စုံစမ်းဖော်ထုတ်ခဲ့တယ်၊ ဒါပေမယ့် ၁၉၄၇ ခြေဥက ပင်လုံစာချုပ်ရဲ့ အနှစ်သာရကိုရော၊ နယ်ခြားဒေသစုံစမ်းရေးကော်မတီ၏ အကြံပေးတင်ပြချက်ကိုပါ အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်းမရှိခဲ့။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းက လုပ်ကြံခံထိ၊ ကွယ်လွန်ခဲ့တာကြောင့် ပင်လုံစာချုပ်ကြီးကို အပြည့်အဝ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြတယ်။

ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များနှင့် ပင်လုံစာချုပ်၏ အနှစ်သာရများကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းမှု ရှိဖူးတယ်။ တိုင်းရင်းသားလူမျိုးစုပေါင်းစုံတို့က ၁၉၆၁ ဇွန်လမှာ ပြည်နယ်ပေါင်းစုံညီလာခံကြီးကို တောင်ကြီးမြို့မှာ ကျင်းပတယ်။ ဒီတောင်ကြီးညီလာခံမှာ "ပြည်နယ်များညီညွတ်ရေးအဖွဲ့"ကို ဖွဲ့တယ်။ ၁၉၄၇ ခြေဥကို စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ပြည်လည်ပြင်ဆင်ပြဌာန်းနိုင်ရေးဆီ ဦးတည်တယ်။ "ပြည်ထောင်စုစစ်စစ်မူ"ကိုတင်သွင်းခဲ့တယ်။ ပြည်နယ်များညီညွတ်ရေးအဖွဲ့က တင်သွင်းတဲ့ "ပြည်ထောင်စု စစ်စစ်မူ"ကို ဆွေးနွေးဖို့ ၁၉၆၂ ဖေဖော်ဝါရီနဲ့ မတ်လမှာ ရန်ကုန်မြို့၊ပြည်လမ်း အသံလွှင့်ရုံမှာ ဖက်ဒရယ်နှီးနှောဖလှယ်ပွဲကြီး ကျင်းပတယ်။ ဒီနှီးနှောဖလှယ်ပွဲရဲ့ ဦးတည်ချက်ဟာ လူမျိုးစုများအတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးတဲ့ ပြည်ထောင်စုကို တည်ဆောက်ရေး ဖြစ်တယ်။ ဒီလိုကြိုးပမ်းချက်များဟာ နေဝင်း အာဏာသိမ်းလိုက်တာနဲ့ ရေစုန်မျောသွားတယ်။ ဒီလိုအာဏာသိမ်းလိုက်တဲ့အဆုံးမှာ ပင်လုံစာချုပ်ရဲ့ မူရင်းအနှစ်သာရကို ပြန်လည်ဖော်ထုတ်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို တစ်စတစ်စ ယိမ်းလာကြပြီး စစ်အစိုးရကို ဆန့်ကျင်ကြတယ်။ ဒီနေ့ထိ လက်နက်ကိုင်တော်လှန်ရေး တည်မြဲနေတာကလည်း ပင်လုံစာချုပ်အရ ကတိထားရှိတာကို ဗမာလူမျိုးကြီးစိုးတဲ့အစိုးရအဆက်ဆက်က ကတိချိုးဖောက်၊ မတည်မြဲလို့ ဖြစ်တယ်။

ပင်လုံစိတ်ဓါတ်ကို ဖြည့်စွက်ပြောဆိုပါမယ်။ ပင်လုံစိတ်ဓာတ်ဆိုတာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ
ကို အပြည့်အဝအာမခံချက်ပေးနိုင်တဲ့ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကိုအခြေခံတဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။

ပင်လုံစာချုပ်အရ လူမျိုးစုတွေ လိုချင်တာက ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူညီမျှမှုရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ(Full Autonomy) ဖြစ်တယ်။ ဒါကို တစ်ဆင့်မြှင့်ရင်း၊ ဒါတွေကို အာမခံချက်ပေးနိုင်တဲ့၊ ဖက်ဒရယ်ပြည်ထောင်စုကို လူမျိုးစုတွေက အလိုရှိတာ ဖြစ်တယ်။ ဒါကြောင့်မို့ ဖက်ဒရယ်ကို သိချင်ရင် ပင်လုံကို သိမှရမယ်လို့ ကျွန်တော် ဆိုလိုတာပဲ ဖြစ်ပါတယ်။

ဤတွင် ဆောင်းပါးပြီး၏။

ဆောင်းပါးအတွင်း ညွှန်းဆိုခဲ့တဲ့ စာအုပ် ဖတ်ရှုရန် လင့်ခ်။
https://www.mediafire.com/download/s8ap03mgjzjiujn

Credit to BBP - Resistance | Facebook
မူရင်းပို့စ် BBP - Resistance - Posts | Facebook
Heinko Lwin

Heinko Lwin