ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်

တစ်ကယ်တော့ ကြယ်တွေ မစုံပါဘူး။ ကြယ်တွေကို မမြင်တာကြာတဲ့ ကျွန်တော် ဒီကနေ့ညနေ East Coast မှာ ညနေစာစားရင်း မိုးချုပ်သွားတော့ မထင်မှတ်ပဲ ကြယ်ကြည့်မိတယ်။ မမြင်တာကြာပြီဖြစ်လို့ ကြယ်တွေစုံလှချည်လားလို့ ထင်မှတ်မိသွားယုံပါ။

စင်ကာပူမှာ ကိုဗစ်တွေ ပြန်ပြီး ကူးစက်နေကြလို့ အစိုးရက စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့်မပေးပါဘူး။ထိုင်ခုံတွေအားလုံးကို တိပ်တွေနဲ့ ပတ်ထားပြီး စားခွင့်ပြုတဲ့ဆိုင်က အရေးယူခံရပြီး ပိတ်သိမ်းခံရနိုင်ပါတယ်။ ကျနော်က ချက်စားရမှာပျင်းသူမို့ အိမ်မှာလည်း မစားချင်တာနဲ့ စက်ဘီးနဲ့ ခေါက်ထိုင်ခုံလေးယူပြီးကွေ့သယို ပါဆယ်ဝယ်ရင်း ကမ်းခြေဘက်ကို ထွက်ခဲ့ပါတယ်။ တစ်လက်စတည်း တိုက်ဂါး ၂ ဗူးပါ ဆွဲခဲ့လိုက်ပါသေးတယ်။ နေကြာစိ ၁ ထုပ်လည်း အိပ်ထဲမှာပါတော့ ညစာစားပြီး အေးဆေးသောက်ရင်း ဖေ့စ်ဘုတ်မှာ မအလကို ဆဲမယ်ပေါ့လေ။

အိမ်ကနေ စက်ဘီးနဲ့ ဖြည်းဖြည်း နင်းရင် ၁၅ မိနစ်လောက်ဆို East Coast ကိုရောက်ပါတယ်။ အိမ်ကထွက်ခဲ့ကတည်းက နည်းနည်းနောက်ကျနေပြီမို့ ကမ်းခြေရောက်တဲ့အခါ စပြီးမှောင်စပြုနေပါပြီ။ ပင်လယ်ဘက်ကိုလှမ်းကြည့်တော့ ထုံးစံအတိုင်း သင်္ဘောတွေ အစီအရီနဲ့ အဝါရောင် မီးတွေနဲ့ လင်းထိန်လို့နေပါတယ်။ရုတ်တရက်ဆိုရင် ရေပေါ်က မြို့ကြီးတစ်မြို့အလားပေါ့လေ။ လှိုင်းပုတ်သံကတော့ တိုးတိုးငြင်းငြင်းလေးကြားရပြီး အမှိုက်တွေကတော့ အပုံလိုက် ရှုပ်ပွနေပါတယ်။ ကမ်းခြေကိုလာတဲ့သူတွေက ချတဲ့အမှိုက်တွေတော့ မဖြစ်နိုင်ပါဘူး ဒီကလူတွေက စည်းကမ်းတော့ ရှိကြတယ် အမှိုက်ပုံးတွေလည်း နေရာတိုင်းမှာ ရှိနေပြီးသားမို့ အဲ့ဒီ သင်္ဘောပေါ်က စွန့်ပစ်ကြဲချတဲ့ အမှိုက်တွေပဲ ဖြစ်ဖို့များပါလိမ့်မယ်။ ခပ်လှမ်းလှမ်း အပြေးလမ်းပေါ်က မီးရောင်နဲ့ ဝိုးတိုးဝါးတား ညစာကို ထိုင်စားရင် ပင်လဲထဲက သင်္ဘောတွေကို အပြစ်တင်နေမိပါတယ်။

စားလို့လဲပြီးရော တိုက်ဂါးတစ်ဗူးဖောက်ပြီး ဖေ့စ်ဘုတ်ပွတ်ရင်း မျက်စိညောင်းလာလို့ ဆက်မကြည့်ဖြစ်တော့ပဲ သင်္ဘောတွေရဲ့ အပေါ်ဘက်ကို မော့ကြည့်ဖြစ်တော့မှ ရှင်းလင်းနေတဲ့ ကောင်းကင်မှာ ကြယ်တွေကိုတွေ့မိတယ်။ ရုတ်တရက် ဖြတ်ခနဲဆို ငယ်ငယ်တုန်းက အခိုက်အတန့်လေးတွေ ပြန်သတိရသွားတယ်။ နယ်မြို့လေးက ဇာတိချက်မြှုပ် အိမ်ကလေးမှာပေါ့။

အိမ်က ပျဉ်ထောင်အိမ်ကြီးဖြစ်ပြီး အောက်ထပ်မှာ ဘာအကာအရံမှမရှိပါဘူး။ အောက်ခြေမှာ သမန်တလင်းနဲ့ ခြေတံရှည်အိမ်လိုမျိုးဖြစ်ပါတယ်။ မြောက်ဘက်နားမှာ ခုတင်တလုံးရှိတော့ ညဘက်ဆိုရင် အဲ့ဒီခုတင်မှာဖေဖေနဲ့အတူတူ လှဲပြီး အိပ်ဖြစ်တဲ့ အခိုက်အတန့်လေးတွေကို ကွင်းကွင်းကွက်ကွက် ပြန်မြင်ယောင်နေမိတယ်။ လျှပ်စစ်မီးကလည်း မမှန်တာမို့ ညဘက်ဆိုရင် ကျနော်တို့ ရပ်ကွက်လေးက အမြဲတမ်း မှောင်နေလေ့ရှိတယ်။ လပြည့်ညတွေလိုမျိုးဆိုရင်တော့ ဘာမီးမှ ထွန်းစရာမလိုပဲ ကြယ်ရောင်၊ လရောင်နဲ့တင်ကို ထိန်ထိန်လင်းနေတာပဲ။

ညဘက်ဆို ခုတင်ပေါ်မှာ ပက်လက်လှဲရင် ကောင်းကင်ကို ကြည့်လေ့ရှိတယ်။ မှိတ်တုတ်မှိတ်တုတ် ဆိုရင်ကြယ်၊ ကြယ်လောက် မှိတ်တုတ်မဖြစ်ပဲ ရွေ့နေရင် ဂြိုလ်တု၊ ရွေ့နေတဲ့အထဲကမှ မီးနှစ်စုံ သုံးစုံ နဲ့ စည်းချက်ညီညီ ဆိုရင် လေယာဉ်ပျံ အဲ့ဒီလို လိုက်ကြည့် ရေတွက်နေရတာကိုက ပျော်စရာ ကစားနည်း တစ်ခုပဲပေါ့။ကြယ်ဆိုရင် နိုင်ငံတော်အလံမှာပါတဲ့ စပါးနှံနဲ့ စက်သွားက ကြယ်တွေပဲ ပြေးမြင်တော့ တစ်ကယ့်ကြယ်ဆိုတာ ၅ ထောင့်လည်း မဟုတ်ပါလား တွေးမိတယ်။ ဒူဝံကြယ်ဆိုတာက အလင်းဆုံးဆိုလို့ မြင်သမျှ မြောက်ဘက်က အလင်းဆုံးတစ်ခုကိုတွေ့ရင် ဒူဝံကြယ် လို့ပဲ ယူဆပစ်လိုက်တာပဲ။ ဂြိုလ်တုဆိုတာက ကျောင်းဖတ်စာအုပ်ထဲက ကာလာမပါတဲ့ အတုံးကြီးကို အတောင်ပံလိုမျိုး အပြား ၂ ချက်တပ်ထားတာလို့ပဲ သိတယ်။ ဘာလို့ ဂြိုလ်ကို အတုလုပ်ကြတာလဲလို့လည်း ငယ်ငယ်ကတွေးမိတယ်။ ကြယ်နဲ့ ဂြိုလ် ဘာကွာတာလဲလို့ လူကြီးတွေကိုမေးတော့ သူတို့လည်း အတူတူပဲလို့ဖြေကြတယ်။ သူငယ်ချင်းတွေနဲ့ ပြောကြည့်တော့ကြယ်က ကြွေတယ်၊ ဂြိုလ်က မကြွေဘူးတဲ့။ ဂြိုလ်က ၉ လုံးပဲ ရှိတာလေ ဆိုတော့ ဟုတ်သားပဲပေါ့။ (အခုတော့ ပလူတိုက ဂြိုလ်မဟုတ်ဘူးဆိုလို့ ကလေးတွေ ၈ လုံးလို့ပဲ ပြောင်းသင်နေကြရပြီတဲ့) ဦးလေးတို့ အိမ်မှာ၈ ပေ စလောင်းကြီး တပ်တော့မှ ဂြိုလ်တုတွေရဲ့ အသုံးဝင်ပုံကို နားလည်လာရတယ်။ လေယာဉ်ပျံကတော့အပြင်မှာ တခါမှမမြင်ဖူးဘူးမို့ လေယာဉ်ပျံတွေ့ရင် မှုန်မှုန်လေးပေမယ့်လည်း စိတ်လှုပ်ရှားရတယ်။

ကြယ်တွေကြွေတာမြင်ရင် ဆုတောင်းပြည့်တယ်လို့တော့ ပြောကြတာပဲ။ ကျနော်ကတော့ ကြယ်ကြွေတာမြင်ရင် ဆုတောင်းဖို့ မေ့မေ့နေလို့ ကြွေပြီးအတော်ကြာမှ ဆုတောင်းရတယ်။ ပိုက်ဆံတွေ အများကြီး ရှာနိုင်ပါရစေ။ စာမေးပွဲအောင်ရပါစေပေါ့။ ဒါပဲ စိတ်ထဲမှာ ရှိတာကိုး။ တခါတလေ ကြယ်ကြွေတာ ၂ ခု ၃ ခုဆက်တိုက် မြင်ရလေ့ရှိတယ်။ ငယ်ငယ်က ဆက်ပြီး စဉ်းစားမိတာက ကြယ်ကြွေတော့ ကမ္ဘာမြေပေါ် ကျလာသလားပေါ့။ ဥက္ကာပျံတွေတော့ ကျလေ့ရှိတယ်လို့ ပြောကြတယ်။ ဥက္ကာပျံဆိုရင် ဥက္ကာကြွယ် ဆိုတဲ့သူငယ်ချင်းကို သွားသွားမြင်တယ်။ ဥက္ကာပျံတွေ ကမ္ဘာမြေပေါ်ကျတာ သူနဲ့မဆိုင်ပေမယ့် နာမည်က ဥက္ကာချင်းတူတာကိုး။

အဲ့လို ဆက်တွေးရင် အခုလက်ရှိ ကြယ်တွေကို မြင်ရတဲ့ အခြေအနေကို ပြန်ကြည့်မိတော့ ဟိုတစ်လုံး ဒီတစ်လုံးနဲ့ ၁၀ လုံးလောက်ပဲ ကောင်းကောင်းမြင်ရတယ်။ သင်္ဘောတွေဘက်က လာတဲ့ အလင်းရောင်တွေကိုလက်နဲ့ ကာပြီး ကောင်းကင်ကို သေချာ စိုက်ကြည့်တော့မှ ကြယ်လေးတွေ ပိုပြီးပေါ်လာကြတယ်။ အလင်းညစ်ညမ်းမှုခေါ် Light Pollution ကို ကျွန်တော် ကြုံတွေ့နေရပါပြီ။ ကမ်းခြေတစ်လျောက် မြို့ထဲဘက်ကိုလှမ်းကြည့်လိုက်တော့ ဘာကြယ်တစ်လုံးမှမတွေ့ပဲ ကောင်းကင်ယံက မြို့ရဲ့ မီးအရောင်တွေနဲ့ ရောင်ပြန်ဟပ်နေတာပဲ တွေ့ရတယ်။ ဆက်စပ်တွေးမိတာက အနာဂတ်မှာ အီလွန်မက်စ်ရဲ့ StarLink ဂြိုလ်တုတွေ အတွဲလိုက်ကြီးပတ်သွားနေတာတို့၊ လွှတ်တဲ့ ဂြိုလ်တုတွေများလာတဲ့အခါ ကြယ်တွေအစား ဂြိုလ်တုတွေကိုပဲအနာဂတ် ကလေးတွေက မြင်နေရတော့မှာလားလို့လဲ ရိုးရိုးရှင်းရှင်းတွေးမိလိုက်သေးတယ်။ ဂြိုလ်တုတွေသက်တမ်းကုန်လို့ ဘာမှမလုပ်နိုင်တော့ပဲ စွန့်ပစ်ရတဲ့အခါ Space Debris တွေများလားရင်လည်း အနာဂတ်ကလူတွေ ဖြေရှင်းရမယ့် ပြဿနာတစ်ခု ဖြစ်လာဦးမှာပဲမလား။

ကြယ်တွေက တစ်လုံးပြီးတစ်လုံး ကြွေကျရင်း လျော့သွားတာမဟုတ်ပေမယ့် တိုးတက်လာတဲ့ ခေတ်နဲ့ မြို့ပြလူနေမှုကြောင့် ကျွန်တော့ကောင်းကင်မှာတော့ ကြယ်တွေကို ငယ်ငယ် ကလို မမြင်ရတော့ပါဘူး။ မြန်မာပြည်မှာ ရှိတဲ့ ကျေးလက် တောတောင် တွေမှာ နေကြတဲ့ ကလေးတွေအတွက်တော့ ကြယ်တွေကို လှလှပပကြီး မြင်နိုင်ကြဦးမယ်ထင်တယ်။ ဒါမှမဟုတ် စစ်ဘေးကြောင့် ပြေးကြလွှားကြ ပြောင်းရွှေ့ကြရရင်းကောင်းကင်ကိုရော မော့ကြည့်ပြီး ကြယ်တွေ ဂြိုလ်တုတွေ ရေတွက်တဲ့ ကစားနည်းကို ကစားနိုင်ကြပါ့မလား။ လေယာဉ်ပျံ လို့ ပြောရင် ဗုံးအကြဲခံရလို့ မုန်းတီးနေတတ်ကြပြီလား ရင်မောစွာတွေးရင်း…….။

Heinko Lwin

Heinko Lwin