ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) မိတ်ဆက် ဆွေးနွေးချက် - YUOPS အပိုင်း (၁)

De jure နှင့် De facto တရားဝင်မှုများကို ပေါင်းစည်းခြင်း

ဥပဒေပညာရှင် ဦးအောင်ထူးဦးဆောင်တဲ့ Legal Aid Network (LAN) က ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို တင်သွင်းလာတာ တွေ့ရပါတယ်။ အဆိုပါ ကြားကာလဖွဲ့စည်းပုံ (မူကြမ်း) ထဲက အဓိကကျလှတဲ့အချက်တစ်ချက်ဖြစ်တဲ့ De jure legitimacy (ဥပဒေကြောင်းအရ၊ ရွေးကောက်ပွဲအရတရားဝင်မှု) နဲ့ De facto legitimacy (လက်တွေ့အရတရားဝင်မှု) တို့ရဲ့ပေါင်းစပ်ခြင်းကို ဒီစာမှာ ထောက်ခံရှင်းလင်းသွားမှာ ဖြစ်ပါတယ်။

ပထမဆုံး De jure legitimacy နဲ့ De facto legitimacy ဆိုတာ ဘာလဲ အရင်ရှင်းပါမယ်။ တရားဝင်မှု (legitimacy) မှာ De jure အရတရားဝင်မှုနဲ့ de facto အရ တရားဝင်မှုဆိုပြီး နှစ်မျိုးရှိပါတယ်။ De jure ဆိုတာက ဥပဒေကြောင်းအရ ပေးထားတဲ့ တရားဝင်မှု၊ ရွေးကောက်ပွဲလိုမျိုး နည်းလမ်းတကျဖြစ်စဥ်တွေကနေ ပေးထားတဲ့ တရားဝင်မှုမျိုးကို ဆိုလိုပါတယ်။ De facto ဆိုတာကတော့ ဥပဒေတွေ၊ ရွေးကောက်ပွဲတွေကနေ ပေးထားတဲ့တရားဝင်မှုမျိုးမရှိဘူး၊ ဒါပေမယ့် လက်တွေ့မြေပြင်အခြေအနေတွေကို ချုပ်ကိုင်နိုင်တဲ့အာဏာရှိတယ်ဆိုရင် သူ့ကို De facto legitimacy ရှိတယ်လို့ဆိုနိုင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့ကြည့်မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ NLD နဲ့ CRPH မှာ de jure legitimacy ရှိပါတယ်။ လွတ်မြောက်နယ်မြေအချို့ပိုင်ဆိုင်ပြီး ကိုယ်ပိုင်တပ်ဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်မှုတွေရှိနေတဲ့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများဆီမှာ de facto legitimacy အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။ မင်းအောင်လှိုင်တို့ ဖက်ဆစ်စစ်အုပ်စုကတော့ အာဏာစသိမ်းကတည်းက ဖွဲ့စည်းပုံနဲ့အညီပါဆိုပြီး ဥပဒေကြောင်းအရ ပုဒ်မတွေကို လိုရာဆွဲအဓိပ္ပါယ်ဖွင့်မှုတွေနဲ့အတူ de jure legitimacy ကိုရှာဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုပဲ CDM တွေ၊ ဆန့်ကျင်ဆန္ဒပြမှုတွေကို အကြမ်းဖက်တုံ့ပြန်ရင်း de facto legitimacy ကိုလည်း ရနိုင်ဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာအနေနဲ့ de jure legitimacy ဟာ အာဏာလုစစ်အုပ်စုမှာရှိတယ်လို့ ဘယ်သူကမှအသိအမှတ်မပြုသလို၊ CDM တွေရဲ့​ကောင်းမှုနဲ့ ယန္တရားလည်ပတ်မှုတွေကိုလည်း သူတို့ ကောင်းကောင်းမထိန်းချုပ်နိုင်တော့တာကြောင့် သူတို့ဟာ de facto legitimacy ပိုင်ရှင်ဖြစ်ပါတယ်လို့လည်း ဘယ်လိုမှ အပြည့်အဝဆိုလို့မရရှာပါဘူး။ ဒါကြောင့် လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံရဲ့ de jure legitimacy ပိုင်ရှင်ဟာ NLD နဲ့ CRPH ဖြစ်ပြီး de facto legitimacy ကို အတိုင်းအတာတစ်ခုအထိကိုင်ထားနိုင်သူဟာ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများဖြစ်ပါတယ်။ ဒီလိုမတူညီတဲ့အခြေခံတွေကနေ တရားဝင်မှုကိုယ်စီရှိနေကြတဲ့ အင်အားစုနှစ်ခုကို စနစ်တကျပေါင်းစည်းဖို့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) က စီစဥ်ထားတာပဲဖြစ်ပါတယ်။

ပြည်သူက ရွေးကောက်ပွဲကနေပေးထားတဲ့ de jure legitimacy ရှိရဲ့သားနဲ့ ဘာလို့များ အာဏာကို de facto ပိုင်ရှင်များနဲ့ ခွဲဝေရမလဲ၊ ငါတို့ကရွေးကောက်ခံတွေပဲ ဘာလို့များအာဏာခွဲဝေနေရဦးမလဲ ဆိုတဲ့စဥ်းစားချက်များလည်းရှိနိုင်ပါတယ်။ လက်ရှိ de jure ပိုင်ရှင် NLD မှာ ပြည်သူကပေးထားတဲ့အာဏာကလွဲပြီး တကယ့်မြေပြင်ကို ထဲထဲဝင်ဝင်ထိန်းချုပ်နိုင်တဲ့ယန္တရား ပီပီပြင်ပြင်မရှိသေးပါဘူး။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဆိုပြီးလုပ်ဆောင်နေတာရှိပေမယ့် တကယ်တမ်းမှာ ထိရောက်တဲ့လုပ်ဆောင်ချက်မျိုး ဆောင်ရွက်နိုင်တာမတွေ့ရသေးပါဘူး။ CRPH ကိုယ်တိုင်အနေနဲ့လည်း statement တွေထုတ်တာ၊ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးတာတွေသာလုပ်နိုင်ပါတယ်။ ခေါင်းဆောင်များကိုယ်တိုင် ဖက်ဆစ်ရန်က အရေးတကြီးရှောင်နေရတဲ့ အချိန်အခါဖြစ်ပါတယ်။ အရေးအကြီးဆုံးအနေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲအရ တရားဝင်မှုကို တကယ်လက်တွေ့မှာ အကောင်အထည်ဖော်ကာကွယ်ပေးမယ့် လက်နက်ကိုင်တပ်အင်အားလည်းမရှိပါဘူး။ De jure ပိုင်ရှင်များအနေနဲ့ de facto အာဏာနဲ့ လက်တွေ့မှာ ထိန်းထားခြင်းမရှိဘူးဆိုရင် de jure ပိုင်ရှင်များဟာ ရုပ်ပြအဆင့်သာရှိနေမှာပဲဖြစ်ပါတယ်။ ဒါဟာ CRPH ကို အပြစ်ပြောခြင်းမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေကြောင့် NLD နဲ့ CRPH ရဲ့ ရှိပြီးသား de jure legitimacy ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အကူအညီတွေလိုတယ်ဆိုတာကိုပြောလိုခြင်းသာဖြစ်ပါတယ်။ သူတို့လိုတဲ့အကူအညီကို လက်နက်ကိုင်တပ်အင်အားရှိတဲ့၊ မြေပြင်အုပ်ချုပ်မှုကိုအတိုင်းအတာတစ်ခုအထိချုပ်ကိုင်ထားနိုင်တဲ့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများက ပေးနိုင်ပါတယ်။ အဲလိုပူးပေါင်းတဲ့အခါမှာလည်း တာဝန်ခံမှု၊ တာဝန်ယူမှုရှင်းရှင်းလင်းလင်းဖြစ်ဖို့နဲ့ နိုင်ငံရေးအာမခံချက်ရှိဖို့စတာတွေကြောင့် de jure legitimacy ပိုင်ရှင်ဖြစ်တဲ့ NLD နဲ့ de facto legitimacy ပိုင်ရှင်ဖြစ်တဲ့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများဟာ အာဏာခွဲဝေဖို့လိုအပ်ခြင်းဖြစ်ပါတယ်။ ဒါဟာ ဖက်ဒရယ်သဘောကိုလက်တွေ့ကျင့်သုံးခြင်းလည်းမည်ပါတယ်။တကယ်တော့ de jure legitimacy နဲ့ de facto legitimacy ကိုပေါင်းစပ်ပြီး အာဏာခွဲဝေဖို့ဆိုတာဟာ မြန်မာနိုင်ငံအတွက် အသစ်အဆန်းမဟုတ်ပါဘူး။ သိပ်မကြာသေးခင်ကာလဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က NLD အစိုးရလက်ထက်တစ်လျှောက်လုံးမှာ ဒီလိုပဲပေါင်းစပ်အုပ်ချုပ်လာတာဖြစ်ပါတယ်။ အဲတုန်းကအခြေအနေတွေအရ NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲကပေးလိုက်တဲ့ de jure legitimacy ပိုင်ရှင်ဖြစ်ပြီး စစ်တပ်မှာတော့ သူတို့ရဲ့လက်နက်အင်အား၊ ဖွဲ့စည်းမှုအင်အား၊ အုပ်ချုပ်ရေးဌာနတွေမှာထိုးဖောက်နိုင်မှုအင်အားတွေအရ de facto legitimacy ရှိနေပါတယ်။ လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ ၂၅% ကို စစ်သားတွေအတွက်ပေးထားရတာ၊ ကာကွယ်ရေးဝန်ကြီး၊ပြည်ထဲရေးဝန်ကြီး နဲ့ နယ်စပ်ရေးရာဝန်ကြီးတို့လို အရေးကြီးနေရာတွေကို စစ်တပ်စိတ်တိုင်းကျလူကိုပဲခန့်ထားရတာတွေကို ကြည့်ရင် ပိုပြီးမြင်သာပါတယ်။ (စစ်တပ်ကိုအဲလိုနေရာတွေပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ပြည်သူလူထုကမထောက်ခံဘဲ စာရင်းဇယားအလိမ်အညာများနဲ အတည်ပြုခဲ့တာဖြစ်တဲ့အတွက် သူတို့ရဲ့ နိုင်ငံရေးအာဏာရယူမှုဟာ de facto အရသာဖြစ်ပြီး De jure legitimacy ရှိတယ်လို့ဘယ်လိုမှ မဆိုနိုင်ပါဘူး။) အဲလိုမျိုး ဖက်ဆစ်စစ်တပ်နဲ့တောင် အာဏာခွဲဝေပြီး အစိုးရလုပ်နိုင်ခဲ့သေးတဲ့ NLD ဟာ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ချင်းတူတဲ့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများနဲ့ ပေါင်းစပ်အစိုးရမဖွဲ့နိုင်စရာ အကြောင်းမရှိလှပါဘူး။ NLD အနေနဲ့ ၂၀၁၆-၂၀၂၁ တစ်လျှောက်ကျင့်သုံးလာခဲ့တဲ့ အာဏာခွဲဝေမှုသဘောကိုပဲ စစ်တပ်နဲ့အာဏာခွဲဝေခဲ့ရာကနေ တိုင်းရင်းသားတွေနဲ့ အာဏာခွဲဝေမှုအသွင်ပြောင်းလိုက်ရုံသာဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်နေရာမှာ de facto ပိုင်ရှင်ဖြစ်တဲ့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများနဲ့ အစားထိုးလိုက်ဖို့သာဖြစ်ပါတယ်။

ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) အရ de jure နဲ့ de facto ကို ဘယ်လိုပေါင်းစပ်ထားလဲဆိုတာကို ဆက်ပြောပါမယ်။ ပြည်ထောင်စုအဆင့်မှာ de jure ပိုင်ရှင် NLD နဲ့ CRPH က အာဏာရဲ့ ၆၅% ကိုယူပြီး de facto ပိုင်ရှင် တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများက ၃၅% ယူဖို့ဖြစ်ပါတယ်။ ပြည်နယ်တွေမှာတော့ ရွေးကောက်ပွဲနိုင်သူများက ၅၀% အာဏာယူပြီး တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများက ၅၀% ခွဲဝေယူဖို့ အဆိုပြုထားပါတယ်။ ဒါ့အပြင် ကြားကာလဖွဲ့စည်းပုံ (မူကြမ်း) ထဲမှာ အစိုးရအဖွဲ့အတွင်း အာဏာခွဲဝေမှု၊ လွှတ်တော်အတွင်းအာဏာခွဲဝေမှုတွေကိုလည်း အသေးစိတ်တင်ပြထားပါသေးတယ်။ ဒီစာမှာတော့ de jure နဲ့ de facto တို့ရဲ့ ပေါင်းစပ်ဖွဲ့စည်းမှုသဘောကိုပဲ ရှင်းလင်းစေချင်တဲ့အတွက် အသေးစိတ်အချက်အလက်များကို မဖော်ပြတော့ပါဘူး။ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ထဲမှာပါတဲ့ အခန်းအလိုက်တင်ပြချက်တွေကို YUOPS အနေနဲ့ ဆက်လက်ဆွေးနွေးရေးသားဖို့ရှိပါတယ်။ ဒါကြောင့် နောက်လာမယ့်စာများထဲမှာတော့ ဒီအကြောင်းတွေကို အသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)

https://drive.google.com/file/d/1IGBoqMVJYN0ZFFXdtYwtlsktGu6WiHVl/edit

ဦးအောင်ထူး နှင့် MCN TV News တို့၏ အင်တာဗျူး

Credit to YU Open Political Society | Facebook
မူရင်းပို့စ် https://www.facebook.com/yuopenps/posts/2710566672568020

အပိုင်း (၂) ဆက်ဖတ်ရန်

Heinko Lwin

Heinko Lwin