ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) မိတ်ဆက် ဆွေးနွေးချက် - YUOPS အပိုင်း (၂)

အခြေခံမူများ၊ ဝိသေသလက္ခဏာများနှင့် အခွင့်အရေးများ

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(ဒုတိယမူကြမ်း)ကို အ​ခြေခံပြီး ဥပဒေအထောက်အကူပြုကွန်ရက် (LAN) က ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ကို တင်ပြထားပါတယ်။ ဒီကြားကာလဖွဲ့စည်းပုံ အခြေခံရာဖြစ်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရဲ့ သမိုင်းကြောင်းကိုတော့ Federal Law academy က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ဆောင်းပါးတုန်းက De jure နဲ့ De facto ပေါင်းစည်းမှု အကြောင်းကို ရေးသားတင်ပြခဲ့ပြီးဖြစ်တဲ့အတွက် အခုဆောင်းပါးမှာတော့ နိဒါန်းပါ ကျောရိုးအခြေခံမူကြီးများ၊ အခန်း (၁) ဝိသေသလက္ခဏာများနဲ့ အခန်း (၂) အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် တာဝန်များအကြောင်းကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

"လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှု တည်းဟူသော လောကပါလတရားကို ဦးထိပ်ထားလျက် ကျွန်ပ်တို့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတို့သည် ငြိမ်းချမ်းသာယာ၀ပြောပြီး ထာ၀စဉ်အဓွန့်ရှည်တည်တံ့ခိုင်မြဲမည့် ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းညီညာတည်ဆောက်အံ့သောငှာ အထောက်အပံ့ဖြစ်စေရေးအတွက် ဤကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဌာန်းအပ်ပေသည်။"

ဒါဟာ ကြားကာလဖွဲ့စည်းပုံ(မူကြမ်း) ရဲ့ အဖွင့်စာကြောင်းဖြစ်ပါတယ်။ လောကပါလတရားကို အမြဲဦးထိပ်ထားပြီး အစဥ်တည်တံ့မယ့်ပြည်ထောင်စုကို စုပေါင်းတည်ဆောက်ဖို့ဖြစ်တယ်ဆိုတာကို အစဦးမှာကတည်းက လေးလေးနက်နက်တန်ဖိုးထားဖော်ပြခြင်းပဲဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတို့ရဲ့ သမိုင်းအဆက်ဆက်လွတ်လပ်မှုနဲ့ ပင်လုံညီလာခံကနေ လွတ်လပ်ရေးကို စုပေါင်းရယူပြီး ပြည်ထောင်စုတည်ဆောက်ရန်ကြံရွယ်ခဲ့ပုံတွေကိုအသိအမှတ်ပြုဖော်ပြထားသလို ပင်လုံကတိကဝတ်ကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်ခဲ့ခြင်းများ၊ တိုင်းရင်းသားလူမျိုးစုတို့ရဲ့ ဆုံးရှုံးမှုများနဲ့ အာဏာရှင်စနစ်ဆိုးဒဏ်များကိုလည်း နိဒါန်းမှာတင် ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားပါတယ်။ ဒီလိုကြုံတွေ့ခဲ့ရတဲ့ အတိတ်ကာလကအမှားတွေကို ရှောင်လွှဲနိုင်ဖို့ အောက်ပါအခြေခံမူကြီးတွေကို ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲရာမှာ ကျောရိုးအဖြစ်မဏ္ဍိုင်ပြုခဲ့တယ်လို့လည်းဆိုထားပါတယ်။ ဒီအခြေခံမူကြီးတွေကတော့ -

၁။ တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေးနှင့်လူမျိုးရေးအရတန်းတူရေး၊

၂။ ကိုယ်ပိုင်ပြဌာန်းခွင့်ရ ပြည်နယ်များဖြင့် ပြည်ထောင်စုဖွဲ့စည်းရေး၊

၃။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့်

ကျား-မတန်းတူရေးအပေါ် အာမခံရေး၊

၄။ တိုင်းရင်းသားလူမျိုးစုလူနည်းစုများ၏ အခွင့်အရေးအတွက်အာမခံရေး၊

၅။ နိုင်ငံရေးနှင့်ဘာသာရေး ရောထွေးမှုကင်းစင်ရေးနှင့်

၆။ စစ်အာဏာရှင်စနစ်ထပ်မံမပေါ်ပေါက်လာစေရေးအတွက် အရပ်သားအုပ်ချုပ်ရေးအောက်တွင်စစ်တပ်ကိုထားရှိရေး တို့ပဲဖြစ်ပါတယ်။

ဘာကြောင့် ကြားကာလဖွဲ့စည်းပုံရေးဆွဲရသလဲဆိုတဲ့မေးခွန်းအတွက်ကိုတော့ စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်နေစဥ်မှာပဲ ဖက်ဒရယ်ပြည်ထောင်စုအုတ်မြစ်ကိုချနိုင်ဖို့ဖြစ်တယ်လို့ ဆိုထားပါတယ်။

ကြားကာလဖွဲ့စည်းပုံဆိုတော့  ကြားကာလဆိုတဲ့အချိန်အတိုင်းအတာဟာ ဘာကိုဆိုလိုသလဲဆိုတာ အဓိပ္ပာယ်ဖွင့်ဖို့လိုလာပါတယ်။ ကြားကာလဖွဲ့စည်းပုံအရပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေးအစိုးရစဖွဲ့ပြီးပြီးချင်းကနေ သုံးနှစ်ပြည့်တဲ့အချိန်အတွင်း ကာလအပိုင်းအခြားကို ကြားကာလလို့ သတ်မှတ်ထားပါတယ်။ အဆိုပါသုံးနှစ်တာကာလအတွင်းမှာ ပြည်နယ်ဖွဲ့စည်းပုံတွေပေါ်ပေါက်ဖို့၊ ဖက်ဒရယ်ဖွဲ့စည်းပုံကို ပြင်ဆင်ဖြည့်စွက်ပြီးအတည်ပြုဖို့နဲ့ ပေါ်ပေါက်လာမယ့်ဖွဲ့စည်းပုံတွေနဲ့အညီ ပြည်ထောင်စုရွေးကောက်ပွဲနဲ့ ပြည်နယ်ရွေးကောက်ပွဲတွေကျင်းပဖို့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ဒီကြားကာလအတွင်းမှာ De jure အရ တရားဝင်မှုနဲ့ De facto အရ တရားဝင်မှုတို့ရဲ့ ပေါင်းစည်းခြင်းကို ကြားကာလဖွဲ့စည်းပုံရဲ့ ဝိသေသလက္ခဏာတစ်ရပ်အနေနဲ့ဖော်ပြထားပါတယ်။ De jure အရ တရားဝင်မှုနဲ့ de facto အရ တရားဝင်မှုတို့အကြောင်းကိုတော့ အပိုင်း (၁) မှာ ဆွေးနွေးပြီးဖြစ်တဲ့အတွက် ဒီနေရာမှာ အကျယ်မပြောတော့ပါဘူး။ မဖတ်ရသေးရင် သွားဖတ်ဖို့ တိုက်တွန်းလိုပါတယ်။

ဝိသေသလက္ခဏာအဖြစ်ဖော်ပြထားတဲ့ နောက်တစ်ချက်ကတော့ အချုပ်အချာအာဏာကို ဘယ်သူပိုင်သလဲဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။ ဒါအတွက်ကိုတော့ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနဲ့ ပြည်နယ်များအတွင်းမှာ မီတင်းနေထိုင်ကြသူ ပြည်ထောင်စုနိုင်ငံသားများဟာ အချုပ်အချာအာဏာရဲ့ မူရင်းပိုင်ရှင်များဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အချုပ်အချာအာဏာရဲ့မူလပိုင်ရှင်အဖြစ် ပြည်နယ်တွေကိုသတ်မှတ်ထားခြင်းဟာ ဖက်ဒရယ်အနှစ်သာရကိုပီပြင်စေသလို ပြည်ထောင်စုနိုင်ငံသားများကိုလည်း အချုပ်အချာအာဏာရဲ့မူလပိုင်ရှင်များအဖြစ်သတ်မှတ်ထားတဲ့အတွက် ဒီမိုကရေစီရဲ့အနှစ်သာရကိုလည်း ပီပြင်စေပါတယ်။ ဒီလိုမျိုး ဖက်ဒရယ်နဲ့ ဒီမိုကစေရီရဲ့ အနှစ်သာရတွေကို ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဝိသေသလက္ခဏာအဖြစ်ဖော်ပြထားခြင်းဟာ တန်ဖိုးထားသင့်တဲ့အချက်ပဲဖြစ်ပါတယ်။ဒီလို ပြည်နယ်တွေနဲ့ ပြည်ထောင်စုသားတွေဆီကနေ ဆင်းသက်လာတဲ့ အချုပ်အခြာအာဏာကို ကျင့်သုံးတဲ့နေရာမှာ လွှတ်တော်၊ အစိုးရနဲ့ တရားလွှတ်တော်တို့ကို ပိုင်းခြားကျင့်သုံးစေခြင်းဖြင့် ဒီမိုကရေစီစနစ်မှာအရေးကြီးတဲ့ separation of power အာဏာခွဲဝေခြင်းကို အသက်ဝင်စေသလို၊ (၁) ပြည်ထောင်စုအဆင့်၊ (၂) ပြည်နယ်အဆင့် နဲ့ (၃) ပြည်နယ်ခွဲများ၊ ပူးတွဲအုပ်ချုပ်ခွင့်ရဇုန်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဆင့် ဆိုပြီး အချုပ်အခြာအာဏာကို အဆင့်သုံးဆင့်ခွဲဝေကျင့်သုံးစေခြင်းအားဖြင့်လည်း ဖက်ဒရယ်စနစ်မှာ အရေးကြီးလှတဲ့ division of power အရ အာဏာခွဲဝေခြင်းကို အသက်ဝင်စေပါတယ်။

ဝိသေသလက္ခဏာနောက်တစ်ရပ်ကတော့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (self-rule) နဲ့ မျှဝေအုပ်ချုပ်ခြင်း (shared rule) တို့ဖြစ်ပါတယ်။ မျှဝေအုပ်ချုပ်ခြင်းဆိုတဲ့နေရာမှာ ပြည်ထောင်စုအဆင့်ကပဲ စိတ်ကြိုက်ချယ်လှယ်သွားခြင်းမျိုးမဖြစ်ဖို့အတွက် ပေါ်ပေါက်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုအသစ်ရဲ့ အမျိုးသားလွှတ်တော်ကို သက်ဆိုင်ရာပြည်နယ်အစိုးရတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ဖို့အဆိုပြုထားပါတယ်။ ဒါ့အပြင် ဘာသာရေးကိုအခြေမခံသောနိုင်ငံဖြစ်မှုနဲ့ ဘယ်ဘာသာကိုမှ နိုင်ငံတော်ဘာသာအဖြစ်မပြဌာန်းနိုင်စေမှု ကိုလည်း ဝိသေသလက္ခဏာတစ်ရပ်အဖြစ် သတ်မှတ်ထားပါသေးတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေပြု နိုင်ငံရေးစနစ်အဖြစ်ဖော်ပြထားပါတယ်။ ဖက်ဒရယ်ဖြစ်သွားရင် ဘယ်ဘာသာစကားသုံးကြမလဲဆိုပြီး စိုးရိမ်နေသူများအတွက် ကြားကာလဖွဲ့စည်းပုံ(မူကြမ်း) က ပေးတဲ့အဖြေကတော့ မတူညီတဲ့လူမျိုးများအချင်းချင်းကြားမှာ ဆက်ဆံမှုအဆင်ပြေစေဖို့ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာကို ရုံးသုံးဘာသာအဖြစ်သတ်မှတ်သလို အမျိုးသားပြည်နယ်များအတွင်းမှာလည်း သက်ဆိုင်ရာအမျိုးသားဘာသာစကားကို ရုံးသုံးအဖြစ်သတ်မှတ်ခွင့်ပြုဖို့ပဲဖြစ်ပါတယ်။

ကြားကာလဖွဲ့စည်းပုံ(မူကြမ်း) ရဲ့ အခန်း (၂)မှာတော့ ပြည်ထောင်စုအတွင်းနေထိုင်သူတိုင်းရဲ့ အခွင့်အရေး၊ နိုင်ငံသားများရဲ့အခွင့်အရေးတွေကို တသီတတန်းချပြထားတာ အားရဖွယ်ရှိလှပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမှ ကန့်သတ်ရုတ်သိမ်းပိုင်ခွင့်မရှိတဲ့ အခြေခံအခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်များနဲ့ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းပြီး ကန့်သတ်နိုင်တဲ့ အခြေခံလွတ်လပ်ခွင့်များဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ အသက်ရှင်ရပ်တည်ပိုင်ခွင့်၊ ခွဲခြားမှုမရှိဘဲ တရားဥပဒေရှေ့မှောက် တန်းတူအခွင့်အရေးရပိုင်ခွင့်၊ လွတ်လပ်စွာတွေးခေါ်ယုံကြည်ခွင့်၊ လူသားအဖြစ်အသိအမှတ်ပြုခံရခွင့်နှင့် လူသားဂုဏ်သိက္ခာကို လေးစားမှုနဲ့ ကာကွယ်မှုရယူနိုင်ခွင့်၊ ကျွန်ပြုမခံရစေမှု၊ အတင်းအဓမ္မစေခိုင်းခြင်းမခံရစေမှု၊ နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ လူမဆန် ရက်စက်စွာ ပြုမူဆက်ဆံခြင်းများ မခံရစေမှုတွေဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ဘယ်သူကမှ ကန့်သတ်ရုတ်သိမ်းပိုင်ခွင့်မရှိတဲ့ အခြေခံအခွင့်အရေးတွေဖြစ်ရမယ်လို့ ကြားကာလဖွဲ့စည်းပုံ(မူကြမ်း)က ပြဌာန်းထားပါတယ်။

နိုင်ငံသားနှင့် နိုင်ငံသားဆိုင်ရာအခွင့်အရေးများ၊ စီးပွားရေး၊လူမှုရေး၊ယဥ်ကျေးမှုဆိုင်ရာအခွင့်အရေးများဆိုပြီးလည်း ကဏ္ဍအလိုက်အခွင်အရေးများကို အသေးစိတ်ဖော်ပြထားပါသေးတယ်။ ကျား-မတန်းတူညီမျှမှုဆိုင်ရာအခွင့်အရေး၊ ကလေးများအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး နဲ့ တန်းတူအခွင့််ရေးတို့ကို အထူးစီမံဆောင်ရွက်ရမယ့် အခွင့်အရေးများအဖြစ်ဖော်ပြထားပါတယ်။ ဒီနေရာမှာ ဆန်းစစ်စရာတစ်ခုရှိတာက ကျား-မတန်းတူညီမျှမှုဆိုင်ရာအခွင့်အရေးခေါင်းစဥ်အောက်က ပြည်ထောင်စုရဲ့ ဥပဒေပြုကဏ္ဍအဆင့်တိုင်းမှာ အနည်းဆုံး အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင်စေရမယ်ဆိုတဲ့ အဆိုပြုချက်ပဲဖြစ်ပါတယ်။ ဖော်ပြထားတဲ့ အမျိုးသမီးပါဝင်မှုကို ဘယ်လိုထည့်သွင်းမလဲ။ ပါတီတစ်ခုရဲ့ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်အားလုံးအနက် ၃၀% ဟာ အမျိုးသမီးဖြစ်ရမယ်ဆိုတာမျိုးဆိုရင် တွေးကြည့်လို့ရပေမယ့် ဥပဒေပြုလွှတ်တော်မှာ အမျိုးသမီး ၃၀% ရအောင် ဘယ်လိုများဆောင်ရွက်မလဲဆိုတာကိုတော့ ပုံဖော်ကြည့်လို့မရပါဘူး။ ပုံမှန်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ဦးရေမှာ အမျိုးသမီး ၃၀ % မပြည့်တဲ့အခါ ဘယ်လိုလုပ်ကြမလဲ။ ကြားကာလမှာဆိုရင်လည်း ၂၀၂၀ ရွေးကောက်ခံအမတ်များနဲ့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများနဲ့ပေါင်းစပ်ထားမယ့် ဥပဒေပြုရေးမှာ အမျိုးသမီး ၃၀% ကို ဘယ်လိုချိန်ကိုက်ပြီးထည့်သွင်းကြမလဲ။ အဖွဲ့အစည်းများက တင်သွင်းမယ့်ကိုယ်စားလှယ်စာရင်းကို မတင်သွင်းခင်ညှိနှိုင်းပြီး အမျိုးသမီးကိုယ်စားလှယ်ဦးရေကို တွက်ချက်စေလွှတ်ရမှာလား၊ ဒါကရောလက်တွေ့ဖြစ်နိုင်ပါမလား စသည်ဖြင့် အမျိုးသမီး ၃၀% ဥပဒေပြုရေးကဏ္ဍမှာပါရမယ်ဆိုတာကို လက်တွေ့အကောင်အထည်ဖော်နိုင်မှုပိုင်းမှာ ရှင်းလင်းမှုမရှိဘဲ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါကိုတော့ ကြားကာလဖွဲ့စည်းပုံ(မူကြမ်း) ကို အတည်မပြုခင် သေချာရှင်းလင်းပြင်ဆင်သင့်တယ်လို့ ယူဆပါတယ်။

နိုင်ငံသားတိုင်းဟာ ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်ဖို့နဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်လို့လည်း ဖော်ပြထားပါသေးတယ်။ဒါ့အပြင် အခန်း (၂) မှာပဲ ကြားကာလမှာ အစိုးရအနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်များကိုလည်းပြဌာန်းထားပါသေးတယ်။ သင့်တင့်လျောက်ပတ်သော ဗဟိုချုပ်ကိုင်မှု ကျင့်သုံးခြင်း၊ပြည်ထောင်စုနဲ့ နိုင်ငံသားများရဲ့ လုံခြုံမှုကိုစောင့်ရှောက်ခြင်း၊ အစိုးရ၏ စီးပွားရေးစွက်ဖက်မှုကို ကန့်သတ်ခြင်း၊ အာဏာသိမ်းအုပ်စုကို အရေးယူခြင်း၊CDM ဝန်ထမ်းများ အခွင့်အရေးကို တာဝန်ယူခြင်း၊ အာဏာသိမ်းမှုကို ဆန့်ကျင်ကူးပြောင်းလာသူများကို လက်ခံစောင့်ရှောက်ခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် သတင်းမီဒီယာများကို ပံ့ပိုးခြင်း၊ စစ်အာဏာရှင်ဆန့်ကျင့်ရေးမှာ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သူလူငယ်များကို ပညာတော်သင်စေလွှတ်ခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျသောပြည်နယ်များကိုထောက်ပံ့ခြင်း၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးအတွင်းကျဆုံးခဲ့သူများကို သူရဲကောင်းဆုပေးခြင်းအပါအဝင် သက်ဆိုင်သူများကို ရုပ်ဝတ္ထုပိုင်းအရရော စိတ်ပိုင်းဆိုင်ရာအရပါ ကုစားမှုပေးရေး စသည်တို့ဟာ ကြားကာလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ဆောင်ရမယ့်လုပ်ငန်းတာဝန်များဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။

ဒီကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရဲ့ အခြေခံမူကြီးများ၊ ဝိသေသလက္ခဏာများနဲ့ အခွင့်အရေးများကိုလေ့လာကြည့်ခြင်းအားဖြင့် ဒီမူကြမ်းဟာ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်ကို စနစ်တကျအုတ်မြစ်ချဖို့ ကြိုးစားထာတာတွေ့ရသလို၊ ပြည်ထောင်စုအတွင်းနေထိုင်သူများအားလုံးနဲ့ ပြည်ထောင်စုသားအားလုံးရဲ့ လွတ်လပ်မှုအခွင့်အရေးများကို အာမခံထားတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုကြီးကို ကာကွယ်ထောက်ပံ့ဂုဏ်ပြုနိုင်ဖို့ စနစ်တကျစီစဥ်ထားတာကိုလည်းတွေ့ရတာ အားရဖွယ်ပဲဖြစ်ပါတယ်။

Credit to YU Open Political Society | Facebook
မူရင်းပို့စ် https://www.facebook.com/yuopenps/posts/2711190129172341

အပိုင်း (၃) ဆက်ဖတ်ရန်

Heinko Lwin

Heinko Lwin