ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) မိတ်ဆက် ဆွေးနွေးချက် - YUOPS အပိုင်း (၃)

ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကြယ် ၁၄ လုံးကိစ္စအငြင်းပွားကြတော့ လက်ရှိနိုင်ငံရဲ့ ဖွဲ့စည်းပုံအရ တည်ရှိနေတဲ့ ‘တိုင်းတွေကို ဖျက်လိုက်ရင်’၊ ‘လူမျိုးကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရင်’ စသဖြင့် ဆွေးနွေးချက်တွေအများကြီးတက်လာတာတွေ့ရပါတယ်။ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)မှာ ပါတဲ့ အခန်း (၃) က တစ်စုံတစ်ရာ ဖြေရှင်းချက် (သို့) ထည့်သွင်းစဉ်းစားစရာများပေးနိုင်ပါလိမ့်မယ်။

ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အရ ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးသားပြည်နယ်များ၊ အမျိုးသားများပြည်နယ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ နားလည်လွယ် အောင်ပြောရရင် ‘လူမျိုးစုအပေါ်အခြေခံတဲ့ ပြည်နယ်’တွေကို ‘အမျိုးသားပြည်နယ်များ’လို့ သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ရှမ်းအမျိုးသားပြည်နယ်၊ ကရင်နီအမျိုးသားပြည်နယ်၊ မွန်အမျိုးသားပြည်နယ် စသဖြင့်အပြင် ‘မြန်မာအမျိုးသားပြည်နယ်’ဆိုပြီး ထည့်သွင်းဖော်ပြထားတာ လည်းတွေ့ရမှာဖြစ်ပါတယ်။ ‘နယ်မြေဒေသ’အပေါ် အခြေခံပြီး ဖွဲ့စည်းတဲ့ ပြည်နယ်များကိုတော့ ‘အမျိုးသားများပြည်နယ်’လို့သုံးနှုန်းပါတယ်။ ဥပမာအားဖြင့် တနင်္သာရီအမျိုးသားများပြည်နယ်၊ ဧရာဝတီအမျိုးသားပြည်နယ်တို့ဖြစ်ပါတယ်။ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအမျိုးသားပြည်နယ်များ၊ မြန်မာအမျိုးသားပြည်နယ်၊ တနင်္သာရီအမျိုးသားများပြည်နယ်၊ ဧရာဝတီအမျိုးသားများပြည်နယ်တို့ကို ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအဖြစ်ဖော်ပြထားပြီး ကျန်တဲ့ တိုင်းရင်းသားလူမျိုးများရဲ့ သဘောဆန္ဒအလျောက် ပြည်နယ်အသစ်များ၊ ပြည်နယ်ခွဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်များ၊ အမျိုးသားနယ်မြေများအဖြစ်ဖွဲ့စည်းရန်တောင်းဆိုခွင့်ရှိပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုနယ်မြေကတော့ ဖက်ဒရယ်ပြည်ထောင်စုမြို့တော်အပြင် သင့်တင့်စွာ ထပ်မံ သတ်မှတ်လိုက်တဲ့ နယ်မြေတွေပါဝင်မှာဖြစ်ပါတယ်။

ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဟာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံကျောရိုးနဲ့မသွေဖယ်ဘဲ သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို လွတ်လပ်စွာရေးဆွဲခွင့်ရရှိမှာဖြစ်ပါတယ်။ အစိုးရမဏ္ဍိုင် (၃) ရပ်အပြင် ဖက်ဒရယ်အစိုးရကို ပေးအပ်ထားတဲ့ အာဏာများနဲ့ တားမြစ်ထားတဲ့ အာဏာများမှအပ ကျန်အာဏာများကို ပြည်နယ်များက လွတ်လပ်စွာကျင့်သုံးခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပင်လုံကတိကဝတ်ရဲ့ အငွေ့အသက်တွေကို တွေ့ရပါတယ်။ တားမြစ်ထားတဲ့ အာဏာတွေကတော့ နိုင်ငံခြားနှင့် စစ်ရေးမဟာမိတ်ပြုခြင်း၊ စစ်ဖက်ဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း၊ ပြည်နယ်တွင်းအသုံးပြုရန် ငွေစက္ကူ၊ ငွေဒင်္ဂါးထုတ်လုပ်ခြင်းတို့ကို တားမြစ်ပါတယ်။ ဒီလိုအာဏာတွေကလွဲပြီး ကျန်တာတွေကို ပြည်နယ်တွေက လွတ်လပ်စွာဆောင်ရွက်နိုင်တဲ့သဘောပါပဲ။

ပြည်နယ်ရဲတယ်ဖွဲ့ကိုလည်း သက်ဆိုင်ရာပြည်နယ်လူဦးရေရဲ့ ၀.၂% ထက်မပိုဘဲဖွဲ့စည်းခွင့်ရှိသလို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ကိုလည်း ပြည်နယ်လူဦးရေရဲ့ ၀.၁% ထက်မပိုဘဲ ဖွဲ့စည်းခွင့်ရှိပါတယ်။ ဖက်ဒရယ်တပ်မတော်အပြင် ပြည်နယ်အလိုက် ရဲတပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေတည်ရှိခွင့်ပေးထားတာဟာ အခုလို အရေးကြုံလာရင် ပြည်နယ်အလိုက် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ပိုမိုလွယ်ကူစေတာပဲဖြစ်ပါတယ်။ ဒါဟာအသစ်အဆန်းလည်းမဟုတ်ဘဲ လွတ်လပ်ရေးရပြီးစမှာလည်း ချင်းသေနတ်ကိုင်တပ်ရင်း၊ ကရင်သေနတ်ကိုင်တပ်ရင်း စသည်ဖြင့် ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ အဲတုန်းက စောဘဦးကြီးတို့ခေါင်းဆောင်တဲ့ ကရင်က ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တော်လှန်ရေးကြီးစလိုက်တဲ့အခါ အဆိုပါလူမျိုးစုလက်နက်ကိုင်တပ်ရင်းများက တပ်ရင်းအလိုက် ဘက်ပြောင်းလာကြပြီး အစိုးရတပ်တွေကို ပြန်တိုက်ခဲ့တဲ့အတွက် အစိုးရကို ရန်ကုန်အစိုးရလို့ခေါ်ရလောက်တဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။ လက်ရှိတော်လှန်ရေးကာလမှာကြုံတွေ့နေရတဲ့ ဘယ်တပ်ရင်းကမှပူးပေါင်းလာဖို့ဖြစ်နိုင်ချေမရှိတဲ့ ဖက်ဆစ်စစ်တပ်ရဲ့အခြေအနေနဲ့ နှိုင်းယှဥ်ကြည့်သင့်လှပါတယ်။ အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံကပြည်သူတွေကို ပေးထားတဲ့ လက်နက်ကိုင်ဆောင်ခွင့်နဲ့ယှဥ်မယ်ဆိုရင် အခုလို ပြည်နယ်လူဦးရေရဲ့ သုညဒဿမရာခိုင်နှုန်းလောက်ကိုပဲ လက်နက်ကိုင်ဆောင်ခွင့်ပေးထားတာဟာ သိပ်အငြင်းပွားစရာမရှိလှပါဘူး။ ပြည်နယ်တွေရဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့၊ အနည်းဆုံး စိတ်လုံခြုံမှုကိုခံစားရဖို့နဲ့ အဆိုးရွားဆုံးသောအခြေအနေမျိုးမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုကာကွယ်နိုင်စွမ်းရှိဖို့အတွက် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ထားတာကိုလက်ခံသင့်ပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ကတော့ ကိုယ့်ပြည်နယ်ကအမှုအခင်းတွေကို ကိုယ့်ဘာကိုယ်ရှင်းတဲ့သဘောပဲဖြစ်လို့ အထူးအထွေရှင်းစရာလိုမယ်မထင်ပါဘူး။

ပြည်နယ်သစ်များဖွဲ့စည်းဖို့အတွက် လိုအပ်ချက်နဲ့ လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်အဆင့်ဆင့်ကိုတော့ အချက် ၈ ချက်နဲ့ဖော်ပြပါမယ်။ (ပြည်နယ်ခွဲနဲ့ ပြည်နယ်သစ်နဲ့ မတူဘူးဆိုတာ သတိပြုပါ)

၁။ ပထဝီဒေသအရ၊ သမိုင်းကြောင်းအရ ကိုယ်ပိုင်ပြည်နယ်နှင့်နေထိုင်လိုတဲ့ ဆန္ဒရှိခဲ့ကြောင်းကို သက်ဆိုင်ရာဒေသအတွင်းမှာရှိတဲ့ လူထု ၃၀% ရဲ့ ထောက်ခံမှုနဲ့အတူ ပြည်နယ်လွှတ်တော်ကိုတင်ပြခွင့်ရှိ ပါတယ်။

၂။ ပြည်နယ်လွှတ်တော်ရဲ့ ထက်ဝက်ကျော်ထောက်ခံမှုရရှိရင် အမျိုးသားလွှတ်တော်ကို ဆက်လက် တင်ပြရမှာဖြစ်ပါတယ်။

၃။ တင်ပြလာတဲ့အဆိုအပေါ်မူတည်ပြီး အမျိုးသားလွှတ်တော်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ပြည်နယ်သစ်ဖွဲ့စည်းရေးဆိုင်ရာစုံစမ်းစစ်ဆေး ရေးကော်မရှင်ကို ဖွဲ့စည်းရပါမယ်။

၄။ ပြီးရင် သက်ဆိုင်ရာဒေသမှာ ပြည်နယ်အသစ်ဖွဲ့စည်းခြင်းကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒခံယူပွဲပြုလုပ်ရ ပါမယ်။

၅။ သက်ဆိုင်ရာဒေသလူဦးရေရဲ့ ၆၀ % ကျော်က အတည်ပြုရင် ပြည်နယ်အသစ်ဖွဲ့စည်းခြင်းအတည်ဖြစ် ပါပါတယ်။

၆။ အတည်ပြုပြဌာန်းပြီးရင် ဖက်ဒရယ်လွှတ်တော်က လိုအပ်သလိုဥပဒေပြဌာန်းပေးရမှာဖြစ်ပြီး

၇။ အဲ့ဥပဒေကို သမ္မတက အတည်ပြုလက်မှတ်ရေးထိုးပေးရမှာဖြစ်ပါတယ်။

၈။ အဆိုပါဥပဒေကို ဆက်လက်အကောင်ထည်ဖော်ဖို့အတွက်တော့ သက်ဆိုင်ရာဥပဒေပြုလွှတ်တော်ကို ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။

Minority within minority လို့အပြောများကြတဲ့လူနည်းစုတိုင်းရင်းသားများအခွင့်အရေးကိုတော့ ပုဒ်မ ၉၀ မှာ ထည့်သွင်းပေးထားပါတယ်။ အမျိုးသားပြည်နယ်အဆင့်မရရှိတဲ့တိုင်းရင်းသားလူမျိုးများက ပြည်နယ်ခွဲများ၊ ပူးတွဲအုပ်ချုပ်ခွင့်ရဇုန်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် သတ်မှတ်ခြင်းခံရဖို့အတွက် သက်ဆိုင်ရာပြည်နယ်မှာရှိတဲ့ လူဦးရေ ၅သောင်းက လက်မှတ်ထိုးတောင်းဆိုပေးရမှာဖြစ်ပြီး အမျိုးသားနယ်မြေများအဖြစ်သတ်မှတ်နိုင်ရန် လူဦးရေ ၅ ထောင်က လက်မှတ်ထိုးပြီး တောင်းဆိုပေးရမှာဖြစ်ပါတယ်။

ဒီအချက်က အများစုအငြင်းပွားနေကြတဲ့ ‘လူမျိုးစုအပေါ်အခြေခံရင် ပြည်နယ်တွေအများကြီး ကွဲထွက်ကုန်မှာပေါ့’ ဆိုတဲ့ အဆိုကို အတိုင်းအတာတစ်ခုထိရှင်းပြနိုင်ပါလိမ့်မယ်။ စာရေးသူအနေနဲ့ကတော့ ပြည်နယ်အသစ်၊ ပြည်နယ်ခွဲ၊ ပူးတွဲအုပ်ချုပ်ခွင့်ရဇုန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို တောင်းဆိုခွင့်ရှိတယ်ဆိုတာက တိုင်းရင်းသားလူမျိုးစု တစ်ခုချင်းစီတိုင်းကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပေးထားတယ်လို့ပဲ ယူဆပါတယ်။ ဒါဟာ ပြည်နယ်အစိုးရတစ်ရပ်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုက ကိုယ့်ပြည်နယ်မှာရှိတဲ့ လူနည်းစုတွေအပေါ် ဘယ်လောက်ထိ၊ ဘယ်လိုကာကွယ်ပေးလဲ၊ ဘယ်လောက်ထိပံ့ပိုးကူညီလဲဆိုတာနဲ့ ဆက်စပ်သွားမှာဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံတွေမှာ ရှိတဲ့ ပြည်နယ်အစိုးရတွေရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကို ထင်ဟပ်မြင်သာစေမယ့်အချက်တစ်ခု ဖြစ်တယ်လို့လည်း မြင်ပါတယ်။ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုကြည့်မယ်ဆိုရင်လည်း ပြည်နယ်သစ်ဖွဲ့စည်းဖို့တစ်ခုပဲ ဖက်ဒရယ်အစိုးရရဲ့ ထောက်ခံမှုလိုအပ်တာဖြစ်ပြီး ပြည်နယ်ခွဲ၊ ပူးတွဲအုပ်ချုပ်ခွင့်ရဇုန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို တောင်းဆိုရန်က ဒေသနေလူထုနဲ့ သက်ဆိုင်ရာပြည်နယ်အစိုးရတွေ မှာသာမူတည်နေတာကြောင့် ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားတဲ့ စနစ်တစ်ခုဖြစ်ကြောင်းတွေ့ရမှာ ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် သုံးသပ်ရရင်ဖြင့် အများစု စိုးရိမ်နေတဲ့ လူမျိုးကိုအခြေခံရင် ပြည်နယ်တွေ အများကြီးကွဲထွက်ကုန်မှာပေါ့ဆိုတဲ့ စိုးရိမ်ချက်ထက် ဒီကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် တိုင်းရင်းသားလူမျိုးအများစုက  ပြည်နယ်ခွဲ၊ ပူးတွဲအုပ်ချုပ်ခွင့်ရဇုန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ရပ်တည်ပြီး သက်ဆိုင်ရာပြည်နယ်အစိုးရတွေနဲ့ ပူးပေါင်းပြီး ပြည်နယ်လွှတ်တော်တွေနဲ့ အမျိုးသားလွှတ်တော်မှာပါဝင်ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရအဆင့်က ၃ ဆင့်ဖြစ်တယ်ဆိုတာကိုလည်း သတိပြုရပါတယ်။ ဖက်ဒရယ်အဆင့်၊ ပြည်နယ်အဆင့်အပြင် ပြည်နယ်ခွဲ၊ ပူးတွဲအုပ်ချုပ်ခွင့်ရဇုန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဆင့်ဆိုတဲ့ အစိုးရတစ်ရပ်လည်းပါဝင်မှာဖြစ်တဲ့အတွက် အာဏာမျှဝေသုံးစွဲခြင်း (Division of Power)ကိုသာ သေချာကျင့်သုံးနိုင်မယ်ဆိုရင် လူနည်းစုအခွင့်အရေး (Minority within minority)ကိုလည်း ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Credit to YU Open Political Society | Facebook
မူရင်းပို့စ် https://www.facebook.com/yuopenps/posts/2711327302491957

အပိုင်း (4) ဆက်ဖတ်ရန်

Heinko Lwin

Heinko Lwin