ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) မိတ်ဆက် ဆွေးနွေးချက် - YUOPS အပိုင်း (၄)

ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်နှင့် ဥပ​ဒေပြုအာဏာ

ကြားကာလပထမအဆင့်ကို ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်က နေပြည်တော်နဲ့ အခြားမြို့ကြီးများကိုသိမ်းပြီး ခိုင်မာတဲ့အုပ်ချုပ်ရေးကိုသတ်မှတ်နိုင်တဲ့အချိန်ထိလို့ သတ်မှတ်ထားပါတယ်။ ဒီကြားကာလရဲ့ ပထမအဆင့်မှာ ဖက်ဒရယ်ပြည်ထောင်စုအဆင့်မှာရော၊ ပြည်နယ်အသီးသီးမှာပါ လွှတ်တော်တစ်ရပ်စနစ်ကိုပဲ ကျင့်သုံးသွားမယ်လို့ ဖော်ပြထားပါတယ်။ ပြည်နယ်တွေမှာ ၂၀၂၀ ရွေးကောက်ပွဲအရရွေးကောက်ခံရသူများက လွှတ်တော်တစ်ခုတည်းသာရှိတာမလို့ ပြည်နယ်တွေမှာ လွှတ်တော်တစ်ခုတည်းခဏတာဆက်ကျင့်သုံးတာက ပြဿနာမရှိပေမယ့် အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်ရော ရှိနေတဲ့ ပြည်ထောင်စုအဆင့်မှာတော့ လွှတ်တော်တစ်ရပ်စနစ်ကို ဘယ်လိုကျင့်သုံးမလဲဆိုတာစဥ်းစရာရှိပါတယ်။ ဒါဟာ အခြေအနေတွေမတည်ငြိမ်သေးတဲ့ ကြားကာလပထမအဆင့်မှာပဲရှိသေးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကပဲ လွှတ်တော်တစ်ရပ်အနေနဲ့လုပ်ဆောင်မလား၊ ဒါမှမဟုတ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ပဲကျင့်သုံးမလား၊ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော် တစ်ရပ်ရပ်ကိုပဲကျင့်သုံးမလား စသည်ဖြင့် ကြားကာလပထမအဆင့်မှာ ပြည်ထောင်စုအဆင့် လွှတ်တော်တစ်ရပ်စနစ်ကို ဘယ်လိုကျင့်သုံးမလဲဆိုတာနဲ့ပတ်သက်ပြီး ရွေးချယ်စရာတွေတော့ရှိပါတယ်။ ဒီထဲကမှ CRPH ကို ဆက်သုံးစွဲတာနဲ့ ပြည်ထောင်စုလွှတ်တော်ကိုသုံးစွဲတာ နှစ်ခုကတော့ ဖြစ်နိုင်ချေပိုများမယ်ထင်ပါတယ်။ ဒီကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၇ အရ ကြားကာလရဲ့ ပထမအဆင့်မှာတော့ ဖက်ဒရယ်ပြည်ထောင်စုမှာရော၊ ပြည်နယ်အသီးသီးမှာပါ လွှတ်တော်တစ်ရပ်စနစ်ကို ကျင့်သုံးမယ်လို့ ဖော်ပြထားပေမယ့် ပြည်ထောင်စုတပ်မတော်က နေပြည်တော်အပါအဝင်မြို့ကြီးများကို သိမ်းပိုက်နိုင်ပြီး အုပ်ချုပ်ရေးကိုအခြေကျသတ်မှတ်နိုင်တဲ့ ကြားကာလ ဒုတိယအဆင့်မှာတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဆိုပြီး လွှတ်တော် ၂ ရပ်စနစ်ကိုလပြန်လည်ကျင့်သုံးမှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပိုင်း−၁၊ De jureနဲ့ De factoအပိုင်းမှာဖော်ပြထားသလိုပါပဲ။ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၂၀ ရွေးကောက်ပွဲက တင်မြှောက်ခြင်းခံရတဲ့ပုဂ္ဂိုလ် ၆၅% နဲ့ ပြည်နယ်တစ်ခုမှာ အဓိကကျတဲ့ တိုင်းရင်းသားခုခံစစ်ဆင်ရေးအဖွဲ့တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောအဖွဲ့အစည်းများက ကိုယ်စားလှယ် ၃၅% နဲ့ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ဒါဟာ CRPH အနေနဲ့ရော NLDအနေနဲ့ပါ လွန်ကျူးသော နစ်နာမှု ရှိမယ့်အချက်မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၀−၂၀၁၅၊ ၂၀၁၅−၂၀၂၀ အစိုးရသက်တမ်းတွေတည်းက တပ်ကို အာဏာ ၂၅%အော်တိုပေးပြီး အစိုးရဖွဲ့စည်းခဲ့ကြတာမို့ ဖြစ်ပါတယ်။ ဖက်ဆစ်တပ်ကိုတောင် ၂၅% ပေးပြီး အစိုးရဖွဲ့ခဲ့တဲ့နိုင်ငံမှာ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့တွေကို ၃၅% အာဏာပေးကျင့်သုံးဖို့ စိုးရိမ်ကြောက်ရွံ့နေစရာအကြောင်းမရှိပါဘူး။

တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့ကိုတော့ တိုက်ပွဲဝင်အတွေ့အကြုံ အနည်းဆုံး ၁၀ နှစ်ရှိခြင်း၊ ရှင်းလင်းတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ဦးဆောင်မှုရှိခြင်း၊ စစ်တပ်၏ ကွပ်ကဲမှုအောက်တွင် ကျရောက်နေ သော အဖွဲ့အစည်းမဟုတ်ခြင်း၊ မိခင်အဖွဲ့အစည်းတစ်ရပ်ရပ်က ခွဲထွက်လာတဲ့အဖွဲ့အစည်းမဟုတ်ခြင်း၊ အနည်းဆုံး လက်နက်ကိုင်အင်အား တစ်ထောင်နှင့်အထက်ရှိခြင်း၊ လွှမ်းမိုးထားသော (သို့) ထိန်းချုပ်ထား သောနယ်မြေရှိခြင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး အခုချိန်မှာ ပြည်သူတွေကိုကာကွယ်လိုသော ဆန္ဒရှိခြင်း စတဲ့အချက်များနဲ့ ပြည့်စုံပါက တိုင်းရင်းသားခုခံစစ်ဆင်ရေးအဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ အကယ်၍ ပြည်နယ်တစ်ခုမှာဒီအချက်တွေနဲ့ ပြည့်စုံတဲ့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့မရှိခဲ့ဘူးဆိုရင် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အကြောင်းအရင်းတစ်စုံ တစ်ရာကြောင့် ရွေးကောက်တင်မြောက်ခြင်းမခံခဲ့ရတဲ့ နိုင်ငံရေးပါတီအချင်းချင်းညှိနှိုင်းပြီး ကိုယ်စားလှယ်နေရာကို ဖြည့်စွက်လို့ရပါတယ်။

ပြည်နယ်လွှတ်တော်များမှာ  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နဲ့ တိုင်းရင်းသားခုခံစစ်ဆင်ရေး ဘက်က  စေလွှတ်တဲ့ ကိုယ်စားလှယ်အရေအတွက် တူညီစွာနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၄၀ဦးနဲ့ အရေအတွက်တူစွာ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့ဘက်က ၄၀ ဦးကို ကချင်အမျိုးသားပြည်နယ်လွှတ်တော်ကို စေလွှတ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုစဉ်းစားစရာရှိလာတာက ပြည်နယ်အချို့မှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းအချို့ဟာ အခုချိန်မှာ စစ်တပ်နဲ့ တရားဝင်ပူးပေါင်းသွားတဲ့ (USDP ကဲ့သို့သော) ပါတီကလူတွေ အနိုင်ရခဲ့တာရှိပါတယ်။ အဲ့လူတွေရဲ့ နေရာကို ဘယ်လိုဖြည့်မှာလဲဆိုတာက စဉ်းစားစရာတစ်ချက်ဖြစ်လာပါတယ်။ CRPH ကို အဲ့နေရာတွေကိုအစားထိုးဖြည့်ပိုင်ခွင့်ပေးမှာလား၊ သို့မဟုတ် ပြည်နယ်အလိုက်သင့်လျော်သလို ဆွေးနွေးတိုင်ပင်ပြီးဖြည့်ကြမှာလား၊ ဒါမှမဟုတ် လစ်လပ်ပဲထားမှာလား ဆိုတာ စဉ်းစားစရာ ရှိပါတယ်။ လက်ရှိ ‘တိုင်း’တွေကိုတော့ဒီကြားကာလဖွဲ့စည်းပုံအခြေခံအရ အမျိုးသားများပြည်နယ်အဖြစ် မသတ်မှတ်ရသေးခင်အထိ ‘တိုင်း’အဖြစ်အသိအမှတ်ပြုမှာဖြစ်ပြီး တိုင်းလွှတ်တော်တွေကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားများနှင့်သာဖွဲ့စည်းရမယ်လို့ ပုဒ်မ (၁၀၀)မှာ ဖော်ပြထားပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုရဲ့ဥပဒေပြုအာဏာက ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ်လွှတ် တော်အသီးသီးမှာရှိမှာဖြစ်ပြီး သက်ဆိုင်ရာကော်မရှင်တွေဖွဲ့စည်းရာမှာ မြန်မာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုး သုံးပုံတစ်ပုံနဲ့ အမျိုးသမီး သုံးပုံတစ်ပုံပါဝင်ရမယ်လို့ ဖော်ပြထားပါတယ်။ ပုဒ်မ (၁၀၂) (င)အရ ‘၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအားဖျက်သိမ်းပြီး လူ့အခွင့်အရေးစံနှုန်းနှင့် ကိုက်ညီသည့် နိုင်ငံသားဖြစ်မှုဥပဒေတစ်ရပ်ပြဌာန်းစေရမည်’ဟု ဖော်ပြထားခြင်းကလည်း ရိုဟင်ဂျာအပါအဝင် အချို့သော လူမျိုးများအတွက် လူ့အခွင့်အရေးစံချိန်စံနှုန်းနဲ့ညီတဲ့ နိုင်ငံသားဖြစ်မှု၊ အခွင့်အရေးတွေ ဖော်ဆောင်ပေးမယ်လို့ မျှော်လင့်နိုင်စရာပါပဲ။

နိုင်ငံတကာသဘောတူညီချက်များ၊ စာချုပ်များနဲ့ ပတ်သက်တဲ့အပိုင်းမှာ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် နိုင်ငံတကာနိုင်ငံများနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်စာတမ်းအားလုံးကို ပြန်လည်စိစစ်သုံးသပ်သွားမည်’ ဆိုတဲ့အချက်ကလည်း ထူးခြားချက်တစ်ခုပါ။ လက်ရှိရှိနေတဲ့ အခြားနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေအောက်မှာ အချို့သောဒေသတွေဟာ ဒေသဆိုင်ရာနစ်နာချက်တွေ ရှိပြီး ဆန္ဒပြပွဲအချို့လည်း ပြီးခဲ့တဲ့ အစိုးရသက်တမ်းတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီနေရာတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအပါအဝင် ဒေသဆိုင်ရာနစ်နာချက်တွေများပြီး အလုပ်သမားအခွင့်အရေးကို ချိုးဖောက်တဲ့ စာချုပ်စာတမ်းတွေကို ပြန်လည်စိစစ်သုံးသပ်နိုင်မယ်ဆိုရင်ဖြင့် ကောင်းသော အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်အပိုင်းမှာ ‘ကြားကာလ၏ ဒုတိယအဆင့်တွင် ပုဒ်မ (၉၇)နှင့် (၉၈) အပေါ်အခြေခံလျက် ဥပဒေပြုအာဏာကို ကျင့်သုံးနိုင်စေရန် အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းစေရမည်’လို့ ဖော်ပြထားပါတယ်။ မြင်သာအောင်ပြောရရင်တော့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်အမတ်များအားလုံးဟာ လွှတ်တော်ရဲ့ ၆၅% ယူပြီး ကျန် ၃၅% ကို ပြည်နယ်အလိုက် တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့များက ရွေးချယ်စေလွှတ်သူများနဲ့ အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ကြားကာလ ဒုတိယအဆင့်မှာရော ‘တိုင်း’တွေကို ဆက်အသိအမှတ်ပြုဆဲလား၊ အမျိုးသားများပြည်နယ်တွေကိုရော ဖွဲ့စည်းပြီးပြီလား၊ မန္တလေး၊ မကွေးတို့လို အမျိုးသားများပြည်နယ်မဟုတ်တဲ့ တိုင်းတွေက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကိုရောဘယ်လိုလုပ်မလဲ၊ မြန်မာပြည်နယ်အတွက် လွှတ်တော်ကိုရော ဘယ်လိုဖွဲ့စည်းကြမလဲ  ဆိုတဲ့အချက်တွေဟာ ရှင်းလင်းမှုမရှိပါဘူး။ ဒါတွေကိုရှင်းရှင်းလင်းလင်းနဲ့ အမျိုးသားလွှတ်တော်ကို ပြည်နယ်အလိုက်ဖွဲ့စည်းနိုင်မှာသာ ဗမာ ၇ ကျပ်၊ ကျန်တိုင်းရင်းသား ၁ ကျပ်မဟုတ်ဘဲ တိုင်းရင်းသားတန်းတူညီမျှ မှုရှိတဲ့ အမျိုးသားလွှတ်တော်ဖြစ်မှာပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒုက္ကဌတို့ကို ရွေးကောက်တင်မြောက်ရမှာဖြစ်ပြီး ထိုနှစ်ဦးက တစ်ပြည်နယ်တည်းက မဖြစ်ရဘူးလို့လည်း ဖော်ပြထားပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သက်တမ်းကတော့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖြစ်ပြီး ကိုယ်စားလှယ်ဦးရေရဲ့ ထက်ဝက်ကို ၂ နှစ်တစ်ကြိမ်ရွေးကောက်တင်မြောက်ရမယ်လို့ဖော်ပြထားပါတယ်။ အမျိုးသားလွှတ်တော် အပိုင်းမှာ ပြည်နယ်အသီးသီးကကိုယ်စားလှယ် ဘယ်နှဦးစီ စေလွှတ်ရမလဲဆိုတာကို ဖော်ပြမထားပါဘူး။ ဒါဟာ အမျိုးသားများပြည်နယ်တွေ မဖွဲ့စည်းရသေးတဲ့အတွက် အတိအကျ မထည့်သွင်းထားတာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်နဲ့ အာဏာတန်းတူရှိရမယ်ဆိုတဲ့အချက် ကိုလည်း ဖော်ပြထားတာမတွေ့ရပါဘူး။ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်နဲ့ အာဏာတန်းတူရှိမှသာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရွေးခြယ်တင်မြှောက်ရမှာဖြစ်ပြီး သက်တမ်းက ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကို ရုပ်သိမ်းရန် (သို့) ဖျက်သိမ်းရန် ပြည်ထောင်စုသမ္မတက ဝန်ကြီးချုပ်ရဲ့ အကြံပြုချက်နဲ့အညီ ပြုလုပ်နိုင်ပါတယ်။ သို့သော် အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိအဆိုကို တင်သွင်းတဲ့အခါ ဝန်ကြီးချုပ်က ကိုယ်စားလှယ်အများစုရဲ့ထောက်ခံချက်ကိုမရရှိရင် ဝန်ကြီးချုပ်က ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းရန်အဆိုတင်သွင်းသော်လည်း သမ္မတကပယ်ချနိုင်ပါတယ်။ အဲ့အခါကျ ဝန်ကြီးချုပ်အသစ်အမည်ကို တင်သွင်းရန် သမ္မတက ပြည်သူ့လွှတ်တော်ကို ဆင့်ခေါ်ရပါမယ်။ (ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အရ ပါလီမန်စနစ်ကို ပြန်အသက်သွင်းထားတယ်ဆိုတာ ကို သတိပြုပါ။ ဝန်ကြီးချုပ်က အစိုးရအဖွဲ့အကြီးအကဲ၊ သမ္မတက နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။) ပြည်သူ့လွှတ်တော်မှာလည်း အမျိုးသားလွှတ်တော်လိုပါပဲ။

ဥပဒေပြုခြင်း

ဖက်ဒရယ်ပြည်ထောင်စုအဆင့်မှာ ဥပဒေပြုဖို့အတွက် ဥပဒေကြမ်းတွေကို အစိုးရကသော်လည်းကောင်း အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကလည်းကောင်း တင်သွင်းရပါမယ်။ ဒါပေမယ့် ငွေဥပဒေကြမ်းကိုပြည်သူ့လွှတ်တော်မှာပဲစတင်သွင်းခွင့်ရှိပြီး သဘာဝသယံဇာတနဲ့ပတ်သက်တဲ့ဥပဒေကြမ်းတွေကိုတော့ အမျိုးသားလွှတ်တော်မှာသာ စတင်သွင်းခွင့်ရှိပါတယ်။ ဥပဒေကြမ်းကိုအတည်ဖြစ်ဖို့အတွက် လွှတ်တော်နှစ်ရပ်စလုံးမှာ ထက်ဝက်ကျော်ရဲ့ထောက်ခံမှုရဖို့လိုပါတယ်။ တကယ်လို့ ဥပဒေကြမ်းတစ်ခုကို လွှတ်တော်နှစ်ခုက သဘောတူအတည်မပြုနိုင်ဘူးဆိုရင် လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်ညီတူညီမျှပါတဲ့ ပူးတွဲညှိနှိုင်းရေးကော်မတီဖွဲ့ပြီး သဘောတူညီမှုရအောင်လုပ်ရမယ်။ တကယ်လို့ ကော်မတီမှာ သဘောတူမှုမရရင် အဲဥပဒေကြမ်းက ဥပဒေဖြစ်ရန်အခွင့်အလမ်းမရှိသောဥပဒေကြမ်းဖြစ်သွားပါမယ်။ တကယ်လို့ ပူးတွဲကော်မတီမှာ သဘောတူမှုရရင်တော့ လွှတ်တော်တွေမှာပြန်တင်သွင်းပြီး အတည်ပြုရပါတယ်။ အဲမှာ လွှတ်တော်တစ်ရပ်စီရဲ့ ထက်ဝက်ကျော်ကထောက်ခံရင် ဥပဒေအတည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ်ကသဘောမတူသေးရင်တော့ အဆိုပါဥပဒေကြမ်းဟာ ဥပဒေဖြစ်ရန်အခွင့်အလမ်းမရှိသောဥပဒေကြမ်းဖြစ်သွားပါတယ်။ အဲလိုဥပ​ဒေဖြစ်ရန်အခွင့်အလမ်းမရှိတဲ့ဥပဒေကြမ်းဖြစ်သွားသော ဥပဒေကြမ်းများကိုတော့ နှစ်နှစ်အတွင်း ဘယ်လွှတ်တော်မှာမှ ပြန်တင်ခွင့်မရှိတော့ပါဘူး။ ဒါဟာ လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးမှုတစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ လွှတ်တော်တစ်ရပ်ရဲ့သဘောတူမှုမပါဘဲ ဘယ်ဥပဒေကြမ်းမှအတည်မပြုနိုင်တာပါပဲ။ အရင် ၂၀၀၈ ကလို ​လူများရာ ပြည်သူ့လွှတ်တော်ရဲ့ဆန္ဒသာအလေးသာမယ့် ပြည်ထောင်စုလွှတ်တော်မှာဆုံးဖြတ်မှုပုံစံနဲ့ ကွာခြားမှုကို ယှဥ်ကြည့်နိုင်ပါတယ်။ ပြည်ထောင်စုနဲ့ပြည်နယ်ရဲ့ဥပဒေပြုအာဏာပိုင်းခြားဖို့အတွက်ကိုတော့ ပြည်ထောင်စုရဲ့သီးသန့်ဥပဒေပြုပိုင်ခွင့်ရှိတာတွေနဲ့ ပြည်ထောင်စုနဲ့ပြည်နယ်တွေ ထပ်တူဥပဒေပြုပိုင်ခွင့်ရှိတာတွေကို အထင်အရှားစာရင်းပြုစုဖော်ပြထားပါတယ်။ ဒီစာရင်းတွေထဲက ကြွင်းကျန်တဲ့ ကြွင်းကျန်တဲ့ဥပဒေပြုအာဏာကိုတော့ ပြည်နယ်တွေဆီ အပ်နှင်းထားပါတယ်။ ဒါဟာ ဖက်ဒရယ်ပြည်ထောင်စုကို ပြည်နယ်တွေကလာရောက်စုပေါင်းဖွဲ့စည်းမှု (coming together federalism) အရ ပြည်နယ်တွေရဲ့ ပိုင်ရှင်ဖြစ်မှုကို အလေးပေးထားရာလည်းရောက်ပါတယ်။

ချုံကြည့်ရမယ်ဆိုရင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အရ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော်များ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဖွဲ့စည်းမှုများမှာ ဖက်ဒရယ်နဲ့ ညီညွတ်တဲ့အချက်တွေတွေ့ရပေမယ့် ပြည်နယ်များဖွဲ့စည်းမှုအတည်မဖြစ်မချင်း စမ်းတဝါးဝါးဖြစ်နေဦး မယ်ဆိုတဲ့အချက်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ အတိအကျပုံဖော်နိုင်ဖို့ ဖြည့်စွက်ဆွေးနွေးမှုတွေကို ဆက်လုပ်ဖို့လိုအပ်နေသေးတာပဲဖြစ်ပါတယ်။

Credit to YU Open Political Society | Facebook
မူရင်းပို့စ် https://www.facebook.com/yuopenps/posts/2711909309100423

အပိုင်း (5) ဆက်ဖတ်ရန်

Heinko Lwin

Heinko Lwin