ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) မိတ်ဆက် ဆွေးနွေးချက် - YUOPS အပိုင်း (၅)

ဖက်ဒရယ်ပြည်ထောင်စုသမ္မတ နှင့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရ

ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) မှာ သမ္မတက နိုင်ငံ​တော်ရဲ့ အကြီးအကဲ (Head of State)ဖြစ်ပြီး ဝန်ကြီးချုပ်က အစိုးရအဖွဲ့ရဲ့ အကြီးအကဲ (Head of Government)ဖြစ်ပါတယ်။  

ကြားကာလရဲ့ ပထမအဆင့် (ဖက်ဒရယ်တပ်မတော်က နေ​ပြည်တော်နဲ့ မြို့ကြီးများကို သိမ်းပိုက်ပြီး ပြည်နယ်နဲ့တိုင်းများမှာ ခိုင်မာတဲ့အုပ်ချုပ်ရေး ချမှတ်

ပြီးချိန်အထိ) နဲ့ ကြားကာလရဲ့ ဒုတိယအဆင့် (ဖက်ဒရယ်တပ်မတော်က နေ​ပြည်တော်နဲ့ မြို့ကြီးများကို သိမ်းပိုက်ပြီး ပြည်နယ်နဲ့တိုင်းများမှာ ခိုင်မာတဲ့အုပ်ချုပ်ရေး ချမှတ်ပြီး နောက်ပိုင်း) သမ္မတရွေးချယ်မှု စနစ်က ကွဲပြားပါတယ်။

ကြားကာလပထမအဆင့်မှာ တာဝန်ယူမယ့် သမ္မတအနေနဲ့   စစ်ရေးအတွေ့အကြုံရှိရပါမယ်။တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများပါဝင်တဲ့ တပ်ပေါင်းစုတခုခုမှာ အဆင့်မြင့်တာဝန်ယူဖူးပြီး ဖက်ဒရယ် တပ်မတော်ရဲ့ ထောက်ခံမှု ရရှိသူဖြစ်ရပါမယ်။ ဒီကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရဖွဲ့စည်းတဲ့ ဖက်ဒရယ် ပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်အများစု  ၅၀ + ၁ ရဲ့ ထောက်ခံမှုလည်းရှိရပါမယ်။ ပြည်နယ်တခုမှ ပုဂ္ဂိုလ်ကို သမ္မတအဖြစ်တင်မြောက်ပါက ဒုသမ္မတက တခြားပြည်နယ်တခုက ပုဂ္ဂိုလ်ဖြစ်ရပါမယ်။ဒုသမ္မတ အနေနဲ့ အရပ်သားပုဂ္ဂိုလ် ဖြစ်ပြီးနိုင်ငံရေးပါတီတခုခုရဲ့ ခေါင်းဆောင် သို့မဟုတ် ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ ဖြစ်ရပါမယ်။ မိခင်ပါတီရဲ့ထောက်ခံမှုရရှိသူ၊ စစ်ကောင်စီနဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့ခြင်း မရှိသူ ဖြစ်ရပါမယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာပြည်ထောင်စုအဆင့် အမျိုးသားလွတ်တော် ကိုယ်စားလှယ်များရဲ့ ၅၀+၁ ထောက်ခံမှု နဲ့ ဒီကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်များရဲ့ ၅၀+၁ ထောက်ခံမှုရရှိသူ ဖြစ်ရပါမယ်။ ဒါကြောင့် ပထမအဆင့်မှာ သမ္မတက တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တဦးဦးဖြစ်ဖို့များပါတယ်။ဒီမူကြမ်း အတည်ပြုပြီးတဲ့နောက် လက်ရှိ CRPH ကခန့်အပ်ထားတဲ့ ယာယီဒုသမ္မတ မန်းဝင်းခိုင်သန်း နေရာကို မူကြမ်းပါစံနှုန်းများနဲ့ ပြန်လည်ခန့်အပ်မယ့် ပုဂ္ဂိုလ်တယောက် ရောက်ရှိလာတာလည်း ဖြစ်နိုင်ပါတယ်။ မန်းဝင်းခိုင်သန်းကိုပဲ ဒုသမ္မတအဖြစ်ဆက်မြင်တွေ့ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကြားကာလ ဒုတိယအဆင့်မှာ ပြည်နယ်လွှတ်တော်များကနေ သမ္မတလောင်းတစ်ဦးစီ ပေးပို့ပြီး အဲ့ထဲကမှ သမ္မတနဲ့ ဒုသမ္မတကို ရွေးမှာဖြစ်ပါတယ်။( ပြည်နယ်တစ်ခုကပုဂ္ဂိုလ်က သမ္မတဖြစ်ပြီး နောက်သက်တမ်းသုံးခုအထိ ၎င်းပြည်နယ်က ပုဂ္ဂိုလ်တစ်ယောက်ကို သမ္မတအ​​ဖြစ် ထပ်ရွေးချယ်ခံရမှာမဟုတ်ဘဲ ဒုသမ္မတအနေနဲ့ ကာလ ကတော့ သက်တမ်းရေတွက်မှုမှာ အကြုံးမဝင်ပါဘူး။) သဘောကတော့ လူမျိုးတစ်မျိုးက သမ္မတနေရာကို အကြာကြီးရယူထားတဲ့ အဖြစ်မျိုးကို ကြိုတင်ကာကွယ်တဲ့သဘောပါ။ သမ္မတရဲ့ သက်တမ်းကတော့ ဒီကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပဲဖြစ်ပါတယ်။ သမ္မတဟာ စစ်သေနာပတိချုပ်ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတအနေနဲ့ စစ်သေနာပတိချုပ် တာဝန်ကို ပြည်ထောင်စုရဲ့အရေးပေါ်အခြေအနေမှာသာ သုံးခွင့်ရှိပြီး သာမန်အခြေအနေမှာတော့ ဝန်ကြီးချုပ်လက်အောက်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးကပဲ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို စီမံသွားမှာဖြစ်ပါတယ်။ ဒါကသာမာန်အချိန်မှာ သမ္မတက ရုပ်ပြအနေနဲ့​ဖြစ်ပြီး အရေးပေါ်အခြေအနေမှာတော့ လုပ်ပိုင်ခွင့်ရှိလာမှာဖြစ်တာကြောင့် ဝန်ကြီးချုပ်နဲ့ သမ္မတကြားက အာဏာခွဲဝေမှု တခုလို့ မြင်စရာရှိပါတယ်။ သမ္မတဟာ Head of State (နိုင်ငံတော်အကြီးအကဲ) ဖြစ်ပါတယ်။ Head of Government (အစိုးရအဖွဲ့အကြီးအကဲ) မဟုတ်ပါဘူး။ ဝန်ကြီးချုပ်မဟုတ်ဘဲ သမ္မတကို ကာကွယ်ရေးဦးစီးချုပ်ရာထူးပေးတာ သင့်တော်ပါရဲ့လားဆိုတဲ့ မေးခွန်းမျိုးမေးစရာရှိလာပါတယ်။ ဒီလိုမေးခွန်းမျိုးနဲ့ပတ်သတ်ပြီး ဒီကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကိုရေးဆွဲသူတစ်ဦးဖြစ်တဲ့ ဥပဒေပညာရှင်ဦးအောင်ထူးက MCN TV News နဲ့ အင်တာဗျူးတစ်ခုမှာ 'အစိုးရအဖွဲ့အကြီးအကဲနဲ့ နိုင်ငံတော်အကြီးအကဲကြား အာဏာခွဲဝေမှုမျှတသွားအောင် နိုင်ငံတော်အကြီးအကဲကို ကာကွယ်ရေးဦးစီးချုပ်ရာထူးပေးရတာဖြစ်တယ်' ဆိုတဲ့သဘောမျိုးဖြေကြားခဲ့ဖူးပါတယ်။

ပုဒ်မ (၁၅၇) အရ ဖက်ဒရယ်ပြည်ထောင်စုသမ္မတဟာ ပြည်ထောင်စုရဲ့ ကျေးဇူးသစ္စာကိုဖောက်ဖျက်လျှင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်လျှင်၊ အကျင့်သိက္ခာလွန်စွာပျက်ပြားလျှင် သမ္မတအပေါ်စွပ်စွဲချက်ကို လွှတ်တော်တစ်ရပ်က တင်သွင်း၊ အဆိုပါလွှတ်တော်မှာ ထောက်ခံသူ ထက်ဝက်ကျော်လျှင် ထိုစွပ်စွဲချက်ကို အခြားလွှတ်တော်က စုံစမ်းစစ်ဆေးခွင့်ရှိမှာဖြစ်တယ်။ စုံစမ်းစစ်ဆေးချက်အရ အဆိုပါသမ္မတရဲ့ ပြစ်မှုဟာ တာဝန်ကိုဆက်လက်မထမ်းဆောင်သင့်တဲ့ ပြစ်မှုဖြစ်တယ်လို့ ထိုလွှတ်တော်ကိုယ်စားလှယ်များရဲ့ သုံးပုံနှစ်ပုံက ဆုံးဖြတ်ရင် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကို ထပ်မံတင်သွင်းရပါမယ်။ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ရဲ့ ထက်ဝက်ကျော်က အတည်ပြုရင် သမ္မတဟာ တာဝန်မှ ရပ်ဆိုင်းခြင်းခံရမှာဖြစ်ပါတယ်။

အရေးပေါ်အခြေအနေဖက်ဒရယ် ပြည်ထောင်စုနယ်နိမိတ်ကို လက်နက်ကိုင်များတိုက်ခိုက်တဲ့အခါ ဒါမှမဟုတ် တိုက်ခိုက်မယ်လို့ခိုင်လုံတဲ့အကြောင်းရှိတဲ့အခါ၊ ငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးမှုပျက်ပြားပြီး ပြည်သူ့ လုံခြုံမှုကို ခြိမ်းခြောက်လာတဲ့အခါ နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး သေဆုံးမှု ဖြစ်လာတဲ့အခါ ဒါမှမဟုတ် ဖြစ်လာဖို့ ခိုင်လုံတဲ့အကြောင်းရှိတဲ့အခါ အစိုးရအဖွဲ့က တောင်းဆိုပြီး သမ္မတက ဒေသတခုကိုဖြစ်စေ နိုင်ငံတဝန်းလုံးကိုဖြစ်စေ အရေးပေါ်အခြေအနေ အဖြစ်ကြေငြာပေးနိုင်ပါတယ်။ အကြောင်းရင်းကိုလိုက်ပြီး ၁လ ၃လ ၆လ သတ်မှတ်နိုင်ပြီး တိုးမြင့်သတ်မှတ်လိုတဲ့အခါ ပြည်သူ့လွတ်တော်ရဲ့ သဘောတူအတည်ပြုချက်လိုပါတယ်။အရေးပေါ်အခြေအနေ ကာလမှာ သမ္မတအနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ကြီးကြပ်ရပါမယ်။ဘယ်အရေးပေါ်အခြေအနေမှာမဆို ပြည်သူလူထုရဲ့ ကိုယ်ပိုင်အခွင့်အရေးများနဲ့ အခြေခံလွတ်လပ်ခွင့်ကို မဆုံးရှုံးရစေဖို့ ပြဌာန်းထားပါတယ်။  သမ္မတဟာ အရေးပေါ်အခြေအနေမှာ ကာကွယ်ရေးဝန်ကြီးချုပ်ရာထူးကိုယူရမှာဖြစ်တဲ့အတွက် ကြားကာလပထမအဆင့်မှာ သမ္မတဖြစ်ဖို့ လိုအပ်ချက်အနေနဲ့ တိုင်းရင်းသားခုခံစစ်ဆင်ရေးအဖွဲ့တစ်ခုခုမှာ အဆင့်မြင့်တာဝန်ယူထားသူဖြစ်ရမယ်လို့ပါဝင်တာဖြစ်တယ်။ ဒါဟာ ဗမာမဟုတ်သောတိုင်းရင်းသားများကို ခေါင်းဆောင်နေရာရယူခွင့်ပေးထားခြင်းလည်းဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု အစိုးရ

အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းစဥ်က သတ်မှတ်ဦးရေစေလွှတ်နိုင်တဲ့ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရှေ့၂ ဖွဲ့က ရွေးချယ်ဖိတ်ကြားတဲ့ အရပ်ဘက် လူထုအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရှေ့၃ ဖွဲ့က ဖိတ်ခေါ်တဲ့ ပညာရှင်များ အသီးသီး ၁၀ ဦးစီပါဝင်ပြီး ပြည်ထောင်စုရှေ့နေချုပ် တစ်ဦးနဲ့အတူ စုစုပေါင်း ၄၆ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ အနည်းဆုံး ၃ ပုံ ၁ ပုံက အမျိုးသမီးဖြစ်ရပါမယ်။ အစိုးရအဖွဲ့ကဝန်ကြီးချုပ်ကိုတာဝန်ခံပြီး ဝန်ကြီးချုပ်က ပြည်သူ့လွှတ်တော်ကို တာဝန်ခံရပါမယ်။ဝန်ကြီးချုပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီက အမည်တင်သွင်းသူ ဖြစ်ပြီး ဒုဝန်ကြီးချုပ်က တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့အစည်းများမှ ညှိနှိုင်းစေလွတ်သူဖြစ်ရပါမယ်။ အစိုးရအဖွဲ့က ၃၀ ထက်မပိုတဲ့ ဝန်ကြီးဌာနတွေကို ဖွဲ့စည်းနိုင်ပြီး ပြည်ထောင်စု ဝန်ကြီးနဲ့ ဒုဝန်ကြီး စုစုပေါင်းရဲ့ လေးပုံတပုံက တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများမှ စေလွှတ်သူများ ဖြစ်ရပါမယ်။ ရှင်းလင်းအောင်ဆိုရရင် ဒါဟာ ပါလီမန်စနစ်ကို ကျင့်သုံးခြင်းကိုမှ အပိုင်း-၁မှာပြောခဲ့သလို de jure အရတရားဝင်မှုရှိတဲ့ nld နဲ့ de facto အရ တရားဝင်မှုရှိတဲ့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းတို့ကို ပေါင်းစပ်ပြီးအုပ်ချုပ်မှုတာဝန်ယူစေခြင်းပဲဖြစ်ပါတယ်။

ဒီမူ​ကြမ်းအရ ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်၊ ပြည်နယ်လွှတ်တော်များနဲ့ အစိုးရအဖွဲ့ ခန့်ထားမှုတွေမှာ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များနဲ့အတူ တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းထားပါတယ်။

ဒီမူကြမ်းအရ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများထဲက ခေါင်းဆောင်ကြီးတစ်ဦးဦးဟာ သမ္မတဖြစ်လာမှာဖြစ်သလို ဝန်ကြီးချုပ်ဟာ အနိုင်ရပါတီကဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုပဲ ဒုသမ္မတဟာလည်း အနိုင်ရပါတီကလူပဲဖြစ်နိုင်ပြီး ဒုဝန်ကြီးချုပ်ဟာလည်း တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများဘက်ကတစ်ဦးဦးဖြစ်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ဒုဝန်ကြီးနေရာတွေမှာလည်း အနိုင်ရပါတီနဲ့ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများရဲ့ အာဏာခွဲဝေမှုတွေရှိပါတယ်။ ဒီလို အာဏာခွဲဝေမှုမျိုးကို အနိုင်ရပါတီ NLD အနေနဲ့ လက်ခံနိုင်ပါမလားဆိုတာကတော့ စဥ်းစားစရာဖြစ်ပါတယ်။ ဒါပေမယ့် NLD နဲ့ CRPH အနေနဲ့ ဖက်ဒရယ်စနစ်ကိုတကယ်သွားချင်တယ်ဆိုရင်၊ တိုင်းရင်းသားတွေရဲ့နိုင်ငံရေးလိုလားချက်တွေကို တကယ်အသိအမှတ်ပြုတယ်ဆိုရင်၊ အာဏာရှင်ကိုတကယ်ထိထိရောက်ရောက်တိုက်ထုတ်ချင်တယ်ဆိုရင်တော့ ဒီလိုအာဏာခွဲဝေမှုတွေဟာ လုပ်ကိုလုပ်ရမယ့်အရာတွေပဲဖြစ်ပါတယ်။ တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့အစည်းများကို လိုသုံးသက်သက်မဟုတ်တဲ့ နေရာပေးမှု၊ နိုင်ငံရေးအရဆုံးဖြတ်ခွင့်ရှိတဲ့အာဏာပေးထားဖို့ လိုအပ်ပါတယ်။ ဒါတွေကို အာမခံပေးနိုင်ဖို့အတွက် တိုင်းရင်းသားတွေ အစဥ်တစိုက်တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီရေး၊တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ရှိဖို့လိုအပ်တာပဲဖြစ်ပါတယ်။ ဒီမူကြမ်းအပေါ်မှာလည်း ခေါင်းဆောင်များ အလေးအနက်ထားဆွေးနွေးပြီး အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ဖက်ဒရယ်တပ်မတော် တခုအမြန်ဆုံးပေါ်ပေါက်လာဖို့ ဆောင်ရွက်သင့်ပါတယ်။

Credit to YU Open Political Society | Facebook
မူရင်းပို့စ် https://www.facebook.com/yuopenps/posts/2712589775699043

အပိုင်း (6) ဆက်ဖတ်ရန်

Heinko Lwin

Heinko Lwin