ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) မိတ်ဆက် ဆွေးနွေးချက် - YUOPS အပိုင်း (၆)

ဖက်ဒရယ်ပြည်ထောင်စုတရားစီရင်ရေး

ဖက်ဒရယ်ဖွဲ့စည်းပုံ(မူကြမ်း)ထဲမှာ တရားစီရင်ရေးအာဏာကို ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ ပြည်နယ်တရားရုံးချုပ်တွေဆီ အပ်နှင်းထားပါတယ်။ ဒီတရားရုံးတွေက တရားစီရင်ရေးအာဏာကို ကျင့်သုံးတဲ့အခါမှာလည်း လွတ်လပ်၊ဘက်မလိုက်၊ထက်မြက်စွာစီရင်ရမယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် တရားသူကြီးတွေဟာ တရားဥပဒေကိုသာ တာဝန်ခံရမယ်လို့ အတိအလင်းရေးသားထားပါတယ်။

ဖက်ဒရယ်တရားလွှတ်တော်ချုပ်ရဲ့တရားသူကြီးတွေကို ဘယ်လိုခန့်အပ်လဲဆိုတာကလည်း အရေးပါပါတယ်။ ဖက်ဒရယ်ဖွဲ့စည်းပုံ(မူကြမ်း)အရ ဖက်ဒရယ်တရားလွှတ်တော်ချုပ်ကို တရားသူကြီး ၁၁ဦးနဲ့ ဖွဲ့စည်းပါတယ်။ တရားသူကြီး ၁၁ဦးအနက် ၃ပုံ၁ပုံဟာ အမျိုးသမီးဖြစ်ရပါမယ်။ တရားလွှတ်တော်ချုပ်တရားသူကြီးရဲ့သတ်မှတ်အရည်းအချင်းတွေအနေနဲ့တော့ ပြည်ထောင်စုနိုင်ငံသားဖြစ်ရမယ်၊ အသက် ၄၅နှစ်ရှိရမယ်၊ ဥပဒေရေးရာလုပ်ငန်းများမှာ အနည်းဆုံး ၁၀ နှစ် အတွေ့အကြုံရှိသူဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ အဲ၁၁ဦးကို ခန့်အပ်ပုံကတော့ နှစ်မျိုးကွဲပါတယ်။ ၆ဦးကို ပြည်ထောင်စုတရားစီရင်ရေးဝန်ဆောင်မှူကော်မရှင်က ဝန်ကြီးချုပ်ကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်းတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က သဘောတူ၊မတူ ဆုံးဖြတ်ပြီးခန့်အပ်ပါတယ်။ ကျန်၅ဦးကိုတော့ ပြည်နယ်တရားစီရင်ရေးဝန်ဆောင်မှုကော်မရှင်တွေက ပြည်နယ်အချင်းချင်းညှိနှိုင်းပြီး ဝန်ကြီးချုပ်ကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းရပါတယ်။ ဒီလိုနဲ့ခန့်အပ်ခံရတဲ့ တရားလွှတ်တော်ချုပ်တရားသူကြီး ၁၁ဦးဟာ သူတို့အချင်းချင်းထဲကတစ်ဦးကို သူတို့ဘာသာရွေးချယ်ပြီး တရားသူကြီးချုပ်အဖြစ်သမ္မတကတစ်ဆင့်ခန့်အပ်ရပါမယ်။ တရားစီရင်ရေးဝန်ဆောင်မှုကော်မတီတွေကို ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့စည်းမယ်ဆိုတာကိုတော့ အသေးစိတ်မဖော်ပြထားပဲ ဥပဒေသတ်မှတ်ပြဌာန်းပြီး ဥပဒေနဲ့အညီ ဖွဲ့စည်းရမယ်လို့သာဆိုထားပါတယ်။ တရားစီရင်ရေးဝန်ဆောင်မှုကော်မရှင်ဆိုတာ တရားရေးပိုင်းကိုကျွမ်းကျင်သူဥပဒေပညါရှင်များနဲ့စုဖွဲ့ထားတဲ့ကော်မရှင်သဘောကိုဆိုလိုတာလို့တော့ ယူဆမိပါတယ်။ ဒီလိုမျိုးပုံစံနဲ့ ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးတွေခန့်အပ်မှုကို ​တရားရေးကျွမ်းကျင်သူများနဲ့ ပြည်နယ်များရဲ့စုပေါင်းလက်ထဲကိုအပ်နှင်းထားတာတွေ့ရပါတယ်။ ဒါဟာ တရားရေးမဏ္ဍိုင်ရဲ့ လွတ်လပ်မှုနဲ့ ဖက်ဒရယ်အနှစ်သာရ နှစ်ခုလုံးကို ထင်ဟပ်နေပါတယ်။

တရားလွှတ်တော်ချုပ်တရားသူကြီးများရဲ့သက်တမ်းဟာ အသက် ၇၅နှစ်မပြည့်ခင် ကိုယ်ကိုယ်တိုင်နှုတ်ထွက်လွှာမတင်သွင်းသေးမချင်း တာဝန်ထမ်း​ဆောင်ရမှာဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်ဖို့မစွမ်းဆောင်နိုင်တဲ့အခြေအနေကိုရောက်ရင်ဖြစ်စေ၊ အကျင့်သိက္ခာအလွန်ပျက်ပြားရင်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်ကစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းကာ တရားသူကြီးတွေကို ဖြုတ်ချနိုင်ပါတယ်။ တရားလွှတ်တော်ချုပ်တရားသူကြီးတွေဟာ အခြားလစာရသော၊ အမြတ်အစွန်းရသော လုပ်ငန်းများကိုတော့လုပ်ကိုင်လို့မရသလို၊ လွှတ်တော်အမတ်နဲ့ အစိုးရအဖွဲ့ဝင်လည်းဖြစ်ခွင့်မရှိပါဘူး။ ဒါကတော့ မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတို့ကို ပိုင်းခြားနေစေဖို့ပဲဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ လက်အောက်ခံပြည်ထောင်စုတရားရုံးများလည်းရှိသလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ လက်အောက်မှာတိုက်ရိုက်မရှိတဲ့ ပြည်နယ်အလိုက် ပြည်နယ်တရားရုံးချုပ်များနဲ့ ပြည်နယ်တရားရုံးများလည်းရှိပါတယ်။ သူတို့နှစ်ခုရဲ့ စီရင်ပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ဖက်ဒရယ်ပြည်ထောင်စုတရားရုံးတွေရဲ့ စီရင်ပိုင်ခွင့်ကို အောက်ပါအတိုင်း စာရင်းပြုစုပြဌာန်းထားပါတယ်။

  • (၁) ပြည်နယ်အချင်းချင်းကြားတွင်ဖြစ်ပွားသော အငြင်းပွားမှုများ၊
  • (၂) ပြည်နယ်တခု၏ ပြည်နယ်သားများနှင့် အခြားပြည်နယ်တခု၏ ပြည်နယ်သားများအကြားတွင်ဖြစ်ပွားသော အငြင်းပွားမှုများနှင့်မှုခင်းများ၊
  • (၃) ပြည်နယ်တရားရုံးချုပ်တခုမှအခြားပြည်နယ်တရားရုံးချုပ်တခုသို့လွှဲပြောင်းစစ်ဆေးရန်အမှုများ၊
  • (၄) ပြည်နယ်တရားရုံးတခုနှင့်အခြားပြည်နယ်တရားရုံးတခုအကြား စီရင်ပိုင်ခွင့်နှင့် ပတ်သက်သည့်အငြင်းပွားမှုများ၊
  • (၅) နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ သို့မဟုတ် ပြည်နယ်အစိုးရ သို့မဟုတ်ဖက်ဒရယ်ပြည်ထောင်စုတို့အကြား ချုပ်ဆိုသော စာချုပ်စာတမ်းများကို အကြောင်းပြု၍ ပေါ်ပေါက်သော အငြင်းပွားမှုများ၊
  • (၆) လူမွဲဖြစ်ခြင်းနှင့်ဒေဝါလီခံခြင်းဆိုင်ရာ မှုခင်းများ ဆိုပြီးဖြစ်ပါတယ်။

ဒါ့အပြင် ရှေ့တော်သွင်းစာချွန်တော်၊ အာဏာပေးစာချွန်တော်၊ တားမြစ်စေစာချွန်တော်၊ အာဏာပိုင်မေးစာချွန်တော်နဲ့ အမှုခေါ်စာချွန်တော်အမိန့်တွေလည်း ပြည်ထောင်စုတရားရုံးများက ​ထုတ်ပိုင်ခွင့်ရှိပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ သီးသန့်စီရင်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းသတ်မှတ်ရမယ်လို့လည်း ဆိုထားပါသေးတယ်။ ဒီလိုသတ်သတ်မှတ်မှတ်ပြဌာန်းထားတဲ့ ပြည်ထောင်စုတရားရုံးများရဲ့ စီရင်ပိုင်ခွင့်ကလွဲလို့ ကျန်တဲ့ကိစ္စများကို ပြ​ည်နယ်တရားရုံးများက စီရင်နိုင်တယ်ဆိုတဲ့သဘောသက်ရောက်တယ်လို့နားလည်မိပါတယ်။ ဒီလိုမျိုးနဲ့ တရားရုံးအဆင့်နှစ်မျိုးကို ခွဲခြားထားခြင်းကလည်း ဖက်ဒရယ်ဆန်မှုတစ်မျိုးပဲဖြစ်ပါတယ်။

ကြားကာလဖွဲ့စည်းပုံ(မူကြမ်း) မှာပါတဲ့ တရားစီရင်ရေးကဏ္ဍကို ခြုံကြည့်မယ်ဆိုရင်တော့ တရားရေးမဏ္ဍိုင်ရဲ့လွတ်လပ်ခွင့်ကို အတတ်နိုင်ဆုံး အာမခံပေးဖို့ ကြိုးစားထားတာတွေ့ရသလို ဖက်ဒရယ်အနှစ်သာရကိုပါ တစ်ပါတည်းထည့်သွင်းထားနိုင်တာကိုလည်းတွေ့ရပါတယ်။

Credit to YU Open Political Society | Facebook
မူရင်းပို့စ် https://www.facebook.com/yuopenps/posts/2713155022309185

အပိုင်း (7) ဆက်ဖတ်ရန်

Heinko Lwin

Heinko Lwin