ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) မိတ်ဆက် ဆွေးနွေးချက် - YUOPS အပိုင်း (၇)

နိုင်ငံသားဖြစ်ခွင့်

ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၂ (င)မှာ ‘၁၉၈၂  ခုနှစ်နိုင်ငံသားဖြစ်ခွင့်ဥပဒေအားဖျက် သိမ်း၍ လူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်မှုဥပဒေတစ်ရပ် ပြဌာန်းစေရမည်’ လို့ဖော်ပြထားပါတယ်။ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အခန်း (၉) နိုင်ငံသားဖြစ်ခြင်းမှာ ပါဝင်တဲ့အချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၈) နဲ့ ကွဲလွဲတာကို တွေ့ရမှာဖြစ်တယ်။

ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တစ်ခုရဲ့ ပြည်နယ်သားဟာ အလိုအလျောက် နိုင်ငံသားဖြစ်မှာဖြစ်တယ်။ နိုင်ငံသားမိဘ နှစ်ပါးက မွေးဖွားလာရင် နိုင်ငံသားဖြစ်မယ်။ နိုင်ငံသားမိဘတစ်ဦးက ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအတွင်းမှာ မွေးဖွားလာသူတိုင်းက နိုင်ငံသားဖြစ်မယ်။ ဆိုလိုတာက တိုင်းတစ်ပါးသားနဲ့အိမ်ထောင်ကျပြီး ဒီနိုင်ငံမှာ မီးဖွားရင် မွေးလာတဲ့ကလေးက နိုင်ငံသားဖြစ်ပါတယ်။ တရားမဝင်နည်းလမ်းနဲ့ နိုင်ငံသားဖြစ်ထားသူများမှအပ ဤဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုတဲ့နေ့မှာ နိုင်ငံသားဖြစ်ပြီးသူတိုင်းဟာလည်း နိုင်ငံသားဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်မပြုခင်မှာ နိုင်ငံသားဖြစ်ခွင့်ရပ်စဲခံထားရသူ၊ ပြည်ပမှာ နိုင်ငံသားမိဘတစ်ဦးဦးက မွေးဖွားလာသူများကတော့ ဥပဒေအရနိုင်ငံသားဖြစ်ခွင့်ကိုလျှောက်ထားနိုင်မှာဖြစ်တယ်။ ဒီကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)အရ ထူးခြားချက်နောက်တစ်ခုကတော့ နိုင်ငံ ၂ ခုမှာ နိုင်ငံသားခံယူခွင့်ကို ခွင့်ပြုပေးထားတာပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နှစ်ကာလကြာရှည်စွာဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် တိုင်းတစ်ပါးကို ပြောင်းရွှေ့အခြေချနေရသူ၊ အဝေးရောက်နိုင်ငံသားများအတွက် နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ပေးအပ်ထားတာလို့ မြင်ပါတယ်။ အဝေးရောက်နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ တာဝန်ဝတ္တရား ကိုတော့ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဆက်လက်ပြဌာန်းမှာဖြစ်ပါတယ်။

ဒီအခန်းမှာ ပုဒ်မ (၁၉၁) အရ နိုင်ငံခြားသားများနိုင်ငံသားဖြစ်ခွင့်ဆိုတာကို ထည့်သွင်းဖော်ပြထားပါတယ်။ ပုဒ်မ (၁၉၁) (က) အရ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့မတိုင်မီက မြန်မာနိုင်ငံမှာမွေးပြီး အမြဲနေထိုင်လာတဲ့ နိုင်ငံခြားသားများဟာ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ အညီနိုင်ငံသားဖြစ်ခွင့်ရှိပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူမျိုးခြားကိစ္စကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်တယ်လို့မြင်ပါတယ်။ ဒီနိုင်ငံမှာ မွေး၊ ဒီနိုင်ငံမှာ ကြီးတဲ့ တိုင်းတစ်ပါးသားတွေ အများကြီးရှိပါတယ်။ ဒီလူတွေကို တိုင်းတစ်ပါးသားတွေလို့ သမုတ်ပြီး ခွဲခြားဆက်ဆံနေမှုတွေက အနည်းနဲ့အများ နေရာအနှံ့အပြားမှာရှိပါတယ်။ အခုလိုမျိုး ဒီနိုင်ငံမှာပဲ အစဉ်တစိုက်နေထိုင်လာတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးခြင်းက အဲ့လူတွေအတွက် လူ့အခွင့်အရေးတစ်ရပ်ကို ဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်။ ပြည်နယ်သားဖြစ်ခွင့်ကိုတော့ သက်ဆိုင်ရာပြည်နယ်လွှတ်တော်တွေက ဆက်လက်ပြဌာန်းသတ်မှတ်မှာဖြစ်ပါတယ်။

Credit to YU Open Political Society | Facebook
မူရင်းပို့စ်  https://www.facebook.com/yuopenps/posts/2713982655559755

အပိုင်း (8) ဆက်ဖတ်ရန်

Heinko Lwin

Heinko Lwin