ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) မိတ်ဆက် ဆွေးနွေးချက် - YUOPS အပိုင်း (၈)

ဖက်ဒရယ်တပ်မတော်၊ ဖက်ဒရယ်ရဲနဲ့ ဖက်ဒရယ်ထောက်လှမ်းရေး

ဖက်ဒရယ်ပြည်ထောင်စုမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဓိကတာဝန်ဟာ ဖက်ဒရယ်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမယ်။  ဖက်ဒရယ်ဖွဲ့စည်းပုံကို လေးစားလိုက်နာရမယ်။ ဒါတွေဟာ ဖက်ဒရယ်လက်နက်ကိုင်တပ်ဖွဲ့တွေ အမြဲဦးထိပ်ထားရမယ့် အရာတွေပါပဲ။ ဖက်ဒရယ်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ ဘယ်နိုင်ငံရေးပါတီရဲ့ ပါတီဝင်မှလည်းဖြစ်လို့မရသလို ဘယ်နိုင်ငံရေးပါတီ၊ ဘယ်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ သြဇာခံမှလည်း မဖြစ်ရပါဘူး။ ဒါ့အပြင် ဖက်ဒရယ်လက်နက်ကိုင်တပ်ဖွဲ့များအတွင်းမှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်နဲ့ လိင်စိတ်ကွဲပြားမှုတွေကို အခြေခံပြီး ခွဲခြားဆက်ဆံမှုမရှိရဘူးလို့လည်း ပြဌာန်းထားပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ ဖက်ဒရယ်တပ်မတော်ဟာ ဘယ်အချိန်မှာမဆို အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိရမှာပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဖွဲ့တဲ့အခါမှာ ပြည်နယ်အသီးသီးက အချိုးကျကိုယ်စားပြုမှုနဲ့ဖွဲ့စည်းရမယ်လို့သတ်မှတ်ထားပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုရဲ့ ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေကိုတော့ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပေးရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုချမှတ်လိုက်တဲ့ ကာကွယ်ရေးဆိုင်ရာမူဝါဒတွေကို ဝန်ကြီးချုပ်က တာဝန်ခံပြီး ကာကွယ်ရေးဝန်ကြီးက နေ့စဥ်လုပ်ငန်းဆောင်တာတွေကို စီမံရမှာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟာလည်း တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားမဖြစ်ရဘဲ အရပ်သားသာဖြစ်ရပါမယ်။ ဖက်ဒရယ်တပ်မတော်ရဲ့ ဖွဲ့စည်းပုံအ​သေးစိတ်ကိုတော့ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းပြီး သတ်မှတ်ပေးရမှာပါ။ စစ်တက္ကသိုလ်နဲ့ စစ်ပညာသင်တန်းအဆင့်ဆင့်မှာ စစ်ပညာအပြင် ဒီမိုကရေစီအခြေခံကျင့်စဥ်တွေ၊ လူ့အခွင့်အရေးသဘောတရားတွေ၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာသဘောတရားတွေကိုပါ ထည့်သွင်းသင်ကြားရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါဟာ စစ်တပ်အတွင်းမှာ စစ်ဝါဒနဲ့ ဖက်ဆစ်သဘောတရားတွေပဲ တဝဲလည်လည်ဖြစ်မှုကိုချေဖျက်ပြီး ဒီမိုကရေစီနဲ့ လူသားဆန်မှုကို စနစ်တကျထည့်သွင်းခြင်းရဲ့ အခြေခံဖြစ်လာဖို့ ရည်ရွယ်နိုင်ပါတယ်။ ဒါ့အပြင် အရွယ်ရောက်ပြီးသားနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းဖို့ ဆိုထားပါသေးတယ်။ ဒီလိုမျိုး နိုင်ငံသားတိုင်း အချိန်အတိုင်းအတာတစ်ခု စစ်မှုထမ်းရမယ့်အတွက် စစ်တပ်ဆိုတာဟာ စစ်သားတွေနဲ့ အရပ်သားတွေ အမြဲတမ်းရောယှက်ထိတွေ့နေတဲ့​နေရာဖြစ်လာနိုင်ပါတယ်။ ဒါဟာ စစ်တပ်ထဲမှာ စစ်သားတွေပဲလှောင်ပိတ်မိနေတဲ့ အသိုင်းအဝိုင်းထက်စာရင် စစ်သားတွေကို လူစိတ်ပိုသွင်းပေးနိုင်မယ့်အရာအဖြစ်လည်း မြင်မိပါတယ်။ ဒါ့အပြင် နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းရတဲ့အတွက် စစ်ပညာနဲ့ လူတိုင်းရင်းနှီးနေပြီး အခုလို လိုအပ်လာတဲ့ကာလမှာ အလွယ်တကူတိုက်ပွဲဝင်နိုင်မယ့် အကျိုးကျေးဇူးလည်း ရရှိနိုင်ပါတယ်။

ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဖက်ဒရယ်ရဲတပ်ဖွဲ့ကို ဖွဲ့ရပါမယ်။ ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာလည်း အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှူအောက်မှာပဲရှိရပါမယ်။ ဖက်ဒရယ်ပြည်ထောင်စုထောက်လှမ်းရေးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းပြီး အရပ်သားအစိုးရလက်အောက်မှာပဲထားရှိရပါမယ်။ အမျိုးသားလုံခြုံရေးကောင်စီဖွဲ့ဖို့ ဥပ​ဒေပြဌာန်းရမယ်လို့လည်း ရေးသားထားပါတယ်။

ခြုံကြည့်ရမယ်ဆိုရင် ကြားဖြတ်ဖွဲ့စည်းပုံ(မူကြမ်း)မှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး အရပ်သားအစိုးရရဲ့ထိန်းချုပ်မှူနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲကို ဒီမိုကရေစီအခြေခံနဲ့ လူ့အခွင့်အရေးသဘောတရားတွေကို စနစ်တကျထည့်သွင်းဖို့ စီစဥ်ထားတာတွေ့ရပါတယ်။

Credit to YU Open Political Society | Facebook
မူရင်းပို့စ်  https://www.facebook.com/yuopenps/posts/2714554975502523

အပိုင်း (9) ဆက်ဖတ်ရန်

Heinko Lwin

Heinko Lwin