ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) မိတ်ဆက် ဆွေးနွေးချက် - YUOPS အပိုင်း (၉)

အထွေထွေပြဌာန်းချက်များ

အထွေထွေပြဌာန်းချက်မှာ ဖက်ဒရယ်ပြည်ထောင်စု အလံတော်၊ တံဆိပ်၊ ရုံးတံဆိပ်၊ ပြည်ထောင်စုသီချင်း၊ မြို့တော်စတာတွေကို ဖော်ပြထားပါတယ်။ ရုံးသုံးဘာသာကိုလဲ အပိုင်း(၂) အရှေ့ပိုင်းမှာ ဖော်ပြထားသလိုပဲ မတူညီတဲ့ လူမျိုးအချင်းချင်း ဆက်ဆံမှု အဆင်ပြေစေဖို့ မြန်မာဘာသာနဲ့ အဂ်လိပ်ဘာသာကို ရုံးသုံးဘာသာအဖြစ်သတ်မှတ်သလို အမျိုးသားပြည်နယ်များအတွင်းမှာလည်း သက်ဆိုင်ရာ အမျိုးသားဘာသာစကားကို ရုံးသုံးအဖြစ်သတ်မှတ်ခွင့်ပြုဖို့အကြောင်းကိုလည်း ထပ်မံဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအတည်မပြုမီကာလအတွင်း အာဏာပိုင်တစ်ရပ်ရပ်ရဲ့ ပြုမူဆောင်ရွက်ချက်ကြောင့် ထိခိုက်နစ်နာရသော နိုင်ငံသားများ၏ နစ်နာချက်များကို စုံစမ်းစစ်ဆေးရန် အတွက် အမှန်တရားဖော်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုကော်မရှင်တွင် တူညီသော အမျိုးသား၊ အမျိုးသမီးဦးရေဖြင့် ဖွဲ့စည်းမည့်အကြောင်းလဲဖော်ပြထားပါတယ်။ ထိုကော်မရှင်၏ ဖွဲ့စည်းမှု၊ သက်တမ်း၊ တာ၀န်နှင့် လုပ်ပိုင်ခွင့်များ၊ အသွင်ကူးပြောင်းရေးကာလနစ်နာချက်များကို ပြန်လည်ကုစားရေးအတွက် လိုအပ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းရမှာဖြစ်ပါတယ်။

နိုင်ငံတကာသဘောတူညီချက်နှင့် စာချုပ်များ၊ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း၊ တရား၀င်ငွေကြေးနှင့် ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာပြဌာန်းချက်များ၊ လူထုဆန္ဒထုတ်ဖော်ခြင်း၊ တရားခံလွှဲပြောင်းပေးအပ်ခြင်းတို့ကိုလည်း ဖော်ပြထားပါတယ်။ နိုင်ငံတကာသဘောတူညီချက်နှင့် စာချုပ်စာတမ်းအပိုင်းမှာလည်း အပိုင်း(၄)မှာပြောခဲ့တဲ့အတိုင်း ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအတည်မပြုမီက ချုပ်ဆိုခဲ့သော စာချုပ်စာတမ်းများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်းနဲ့ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော စာချုပ်စာတမ်းများသာ အတည်ဖြစ်ကြောင်းထည့်သွင်းထားပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စု အဖွဲ့၀င်ပြည်နယ်အသီးသီးမှာနေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားလူနည်းစုများရဲ့ မိရိုးဖလာနေထိုင်ပိုင်ဆိုင်ခဲ့ကြတဲ့ နယ်မြေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို တိုင်းရင်းသားလူနည်းစု၏ ဌာနေမြေယာအဖြစ်သတ်မှတ်နိုင်ကြောင်းလည်းဖော်ပြထားတယ်။ ထိုဌာနေမြေယာသတ်မှတ်ခြင်းကို သက်ဆိုင်ရာပြည်နယ်လွှတ်တော်၏ ဥပဒေပြဌာန်းချက်များနှင့်အညီ သတ်မှတ်ရမှာဖြစ်တယ်။ ဒီအချက်ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ တိုင်းရင်းသားဒေသအများစုမှာ ပေါ်ပေါက်ခဲ့တဲ့ မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားတဲ့ကိစ္စကို ဖက်ဒရယ်နည်းကျ ဖြေရှင်းနိုင်ဖို့ ထည့်ထားတဲ့ အချက်တစ်ချက်လို့မြင်ပါတယ်။

တည်ဆဲဥပဒေနဲ့ နည်းဥပဒေတွေက ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်သမျှ အတည်ဖြစ်တယ်။ အဆင့်ဆင့်သောတရားရုံးများကလည်း ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားရေးစနစ်တစ်ရပ် ဖွဲ့စည်းပေါပေါက်သည်အထိ တရားစီရင်ပိုင်ခွင့် ဥပဒေများကို ဆက်လက်ကျင့်သုံးပိုင်ခွင့်ရှိစေရမယ်။ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအတည်မပြုမီက တာ၀န်ထမ်းဆောင်နေသော အစိုးရအမှုထမ်းအားလုံးသည် မူလရာထူးတာ၀န်များအတိုင်း ဆက်လက်အမှုထမ်းဆောင်စေရမည့်အကြောင်းကို အခန်း(၁၃)- အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြဌာန်းချက်များတွင် အသေးစိတ်ထည့်သွင်းထားပါတယ်။

ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားပြည်နယ်များ၊ အမျိုးသားများပြည်နယ်၊ ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းနိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများသည် ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပြီး ထိုနယ်မြေဒေသအတွင်းမှာရှိတဲ့ သက်ဆိုင်ရာပြည်သူလူထု၏ ဆန္ဒသဘောထားကို ကောက်ယူပြီး ပြည်သူအများစုရဲ့ဆန္ဒနှင့် အညီ နယ်နမိတ်ပိုင်းခြားသတ်မှတ်ထားတဲ့အတိုင်း အမျိုးသားပြည်နယ်များ၊ အမျိုးသားပြည်နယ်များစာရင်းကို ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းစဥ်းစားမှာဖြစ်တယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးအသီးသီး၏ ဆန္ဒသဘောထားကို ဖော်ထုတ်ရန်အတွက် လိုအပ်သောဒေသများမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများအချင်းချင်းညှိနှိုင်းဆောင်ရွက်သင့်ကြောင်းဖော်ပြထားချက်များအရ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အလေးပေးထည့်သွင်းထားမှန်းတွေ့ရပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ကိုလဲ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ လုပ်ငန်းစဉ်တွေအားလုံးဆောင်ရွက်ပြီးသွားရင် ဖျက်သိမ်းရမှာဖြစ်တယ်။ CRPHအနေနဲ့ ဆက်လက်တည်ရှိလည်ပတ်လိုတယ်ဆိုရင်ဒီမိုကရေစီစနစ်မှာ အရေးကြီးသည့် အာဏာခွဲခြားအုပ်ချုပ်မှု (Separation of power) ကိုကျင့်သုံးဖွဲ့စည်းစေရမယ်လို့ဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရဖွဲ့စည်းရာတွင် ပါ၀င်ခြင်းမရှိတဲ့ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များက ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ အရဖွဲ့စည်းပေါ်ပေါက်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုနောက်ခံဖြင့် အခြားကိုယ်စားလှယ်များပါ၀င်စေပြီး CRPH အသစ်ကိုပြန်လည်ဖွဲ့စည်းနိုင်ပေမယ့် အစိုးရ သို့မဟုတ် အစိုးရသဘောဆောင်သည့် လုပ်ငန်းတာ၀န်များအား ထမ်းဆောင်ခွင့်ရှိတော့မှာ မဟုတ်ကြောင်းကိုလည်းဖော်ပြထားပါတယ်။ ဒီအချက်က အာဏာခွဲဝေမှုအရ သဘာဝကျလှပေမယ့် CRPH အနေနဲ့ လက်ခံမလားဆိုတာကတော့ စိုးရိမ်စရာရှိပါတယ်။ ကျွန်တော်တို့ကတော့ CRPH အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးရှေးရှုပြီး ကြားကာလဖွဲ့စည်းပုံကို လက်ခံဆွေးေနွး ဖြည့်စွက်အတည်ပြုဖို့ တိုက်တွန်းလိုပါတယ်။

Credit to YU Open Political Society | Facebook
မူရင်းပို့စ်  https://www.facebook.com/yuopenps/posts/2715118308779523

Heinko Lwin

Heinko Lwin